အခန်း (၁၀၁)
Vol. 7 Ch. 101
မိုင်တစ်ထောင်အဝေး …..
ရောင်စဉ်အလင်းနတ်အရှင်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် နတ်ဘုရား အသိအမြင်ကို ဖြန့်ကျက်ပြီး သတ်ဖြတ်ခြင်း အစီအရင် ထဲမှ တဆင့် ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီ ကြည့်ရှုနေမိ၏။
လီယွင်တစ်ယောက် နန်းဆောင်၏ အရှေ့ဆီသို့ ရောက်ရှိလာသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် စိတ်လှုပ်ရှားသွားခဲ့သည်။
"ဒါက …… ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ကိုယ်တိုင် လှုပ်ရှားတော့မှာလား။ သူ ဒီအစီအရင်ကို တကယ်ပဲ ချိုးဖျက်နိုင်မှာလား။ "
ရောင်စဉ်အလင်းနတ်အရှင်သည် ခံစားချက် ကင်းမဲ့နေ၏။ သူသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ကို သေသေချာချာ ကြည့်ရှုနေ၏။ လီယွင်တစ်ယောက် လက်ညိုးညွှန်လိုက်သည်ကို သူမြင်လိုက်ရ၏။ သို့ပေမဲ့ ထိုလက်ညိုးဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများ ထွက်ပေါ်မလာခဲ့ချေ။
"ကြည့်ရတာ ဟန်ထုတ်နေတာပဲ" ရောင်စဉ်အလင်းနတ်အရှင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။
ဤလောကထဲတွင် ကောင်းကင်တစ်ခုလုံး ကွဲအက်သွားနိုင်သည့် စွမ်းအင်ကို ထုတ်ဖော်နိုင်သည် ဆိုသည်မှာ ရှားပါးလွန်းလှ၏။ မည်သူမှ လက်ညိုးတစ်ချောင်းတည်းဖြင့် ကြမ်းတမ်းလှသည့် တိုက်ခိုက်ခြင်း စွမ်းအင်များကို ထုတ်ဖော်နိုင်ခြင်း မရှိကြချေ။
"ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် … ဘာလုပ်ချင်တာလဲ"
ကောင်းကင် နတ်ဆိုးနန်းတော်၏ အကြီးအကဲသည် မျက်မှောင်ကုတ်ကာဖြင့် ကောင်းကင်လျို့ဝှက် နန်းဆောင်အထဲတွင် ရှိနေသည့် အရာအားလုံးကို သေသေချာချာ စုးစိုက်ကြည့်နေ၏။
သူ စဉ်းစားလို့မရသေးခင်မှာပဲ စိတ်ထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ထိုခံစားချက်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပြန့်နှံ့သွားပြီး အမွှေးအမျှင်များပင် ထောင်တက်သွားစေ၏။ ကျောရိုးမကြီး တစ်ခုလုံးပင် စိမ့်တက်သွားခဲ့၏။ နောက်တစ်စက္ကန့်အတွင်း တစ်ခုခုဖြစ်ပွားတော့မည်ဟု သူက ခံစားနေမိသည်။
"တစ်စုံတစ်ခုကတော့ မှားပြီပဲ။ အရမ်းမှားနေပြီ"
သူတို့သည် အစီအရင်၏ အပြင်ဖက်တွင် ရပ်နေခြင်း ဖြစ်၏။ ထိုကဲ့သို့သော ခံစားချက်များကို မရရှိသင့်ပေ။ တစ်စုံတစ်ယောက်သည် သူတို့ကို တိုက်ခိုက်တော့မည်လား။ မဖြစ်နိုင်ပေ။ သူတို့သည် တိတ်တဆိတ် လှုပ်ရှားခဲ့ခြင်း ဖြစ်၏။ အစီအရင်ကို ဖန်တီးခဲ့သည့် လူငါးယောက်ပင်လျှင် သူတို့မည်သူဖြစ်မှန်း မသိရှိခဲ့ချေ။ ထို့ကြောင့် သူနှင့် ရောင်စဉ်အလင်းနတ်အရှင်တို့မှ မထုတ်ပြန်လျှင် ဘာသတင်းအချက်အလက်မှ ထွက်ပေါ်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် သေဆုံးသွားလျှင်တောင်မှ ထိုကိစ္စသည် လျို့ဝှက်ချက်အဖြစ် တည်ရှိနေမှာ သေချာ၏။
"တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားမိနေတယ်"
မိုဖန်သည် အဖြေရှာမရနိုင်ပေ။ စဉ်းစားရင်းဖြင့် သူသည် ခေါင်းမော့ကာကြည့်လိုက်မိ၏။ ရုတ်တရက် သူ၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွား၏။ ဘာမှန်းမသိသည့် တိမ်များသည် ကောင်းကင်တွင် စုဝေးလာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အမဲရောင်အငွေ့များသည် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပြည့်နှက်လာ၏။ ထိုအငွေ့များသည် တိမ်များနှင့် အတူစုဝေးလာခဲ့ပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
"ကောင်းကင်ဘုံ ကပ်ဘေးလား"
မိုဖန်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်မိ၏။ "ဘယ်လိုသောက်ကျိုးနည်းမျိုးလဲ"
ကောင်းကင်ဘုံကပ်ဘေးသည် အရွယ်အစား အမျိုးမျိုးနှင့် တည်ရှိနေ၏။ သူ၏ သူတော်စင်အဆင့်နှင့် ဆိုလျှင် သေးငယ်လှသည့် ကပ်ဘေးကို လက်ဝါးတစ်ချက်တည်းနှင့် ဖြေရှင်းနိုင်၏။ သို့ပေမဲ့ လက်ရှိ ကောင်းကင်ဘုံ ကပ်ဘေးသည် မိုင်ပေါင်း တစ်သောင်းလောက်ကို ဖုံးလွှမ်းလျက် ရှိနေ၏။ သူတို့၏ အစီအရင်ကြီးသည် ဤကောင်းကင်ဘုံကပ်ဘေးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်လှချေ။ တော်ဝင်အင်ပါယာ ကောင်းကင်ဘုံ ကပ်ဘေးအဆင့်သို့ ရောက်ရှိလုမတတ်ပင်။ ပိုမို၍ ကြောက်စရာ ကောင်းသည်မှာ လက်ရှိကပ်ဘေးကြီးသည် တဖြည်းဖြည်း ပိုမိုကာ ချဲ့ထွင်လျက် ရှိနေခြင်းပင်။
လက်ရှိအချိန်မှာတော့ မိုင်တစ်သောင်းအကွာအဝေးအထိ လွှမ်းခြုံနေပြီး တဖြည်းဖြည်းနှင့် မိုင်တစ်သိန်း အကွာအဝေးသို့ပင် ရောက်ရှိလာခဲ့၏။ ကြည့်ရသည်မှာ ဤနေရာတွင် သာမန်ထက်ပိုသည့် အရာတစ်ခု တည်ရှိနေသည့် ပုံပင်။ ကောင်းကင်ကပ်ဘေးကြီး၏ စွမ်းအင်များသည် စုဝေးလျက် ရှိနေပြီး ဤတည်နေရာကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးရန် ရည်ရွယ်ပုံပင်။
"ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်က တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာတော့မှာလား"
သူတို့၏ စိတ်ထဲတွင် ထိုအတွေးများ ဖြစ်တည်လာခဲ့၏။ မိုဖန်နှင့် ရောင်စဥ်အလင်းနတ်အရှင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နေသည်ကို တစ်ယောက်နှင့်တစ်ယောက် အတိုင်းသား မြင်နေရ၏။ ထိုသို့ဆိုလျှင် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် ကွာစီ အင်ပါယာတစ်ယောက် ဖြစ်နေသည်လား။
ကွာစီအင်ပါယာတစ်ယောက်ကို ရန်ပြုမည်ဆိုလျှင် သူတို့နှစ်ယောက်မပြောနှင့် သူတို့၏နောက်တွင် ရှိနေသညိ့ အင်အားစုများ ပင်လျှင် သူတို့ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် တော်ဝင်အင်ပါယာအဆင့်ကို ရောက်ရှိသွားသောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကပ်ဘေးကြီးကို ဆွဲဆောင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
တော်ဝင်အင်ပါယာ ကပ်ဘေးကြီးဆိုသည်မှာ သူတော်စင်အဆင့် အစီအရင်နှင့် တန်ပြန်နိုင်သည့် အရာမျိုး မဟုတ်ချေ။ သူတော်စင်အဆင့် အစီအရင်ကို ဖျက်ဆီးရန် ကောင်းကင်ဘုံကပ်ဘေးကြီးကို ဆင့်ခေါ်သည်ဆိုသည်မှာ ခြင်ကိုသတ်ရန်အတွက် တင်းပုတ်ကြီးကို အသုံးပြုခြင်းနှင့်ပင် ဆင်တူနေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ကို သူတို့ကောင်းကောင်းမသိချေ။ တစ်ဖက်လူ ဘာတွေးနေသည်ကို သူတို့သည် ဝေခွဲ၍ မရနိုင်ချေ။
ဘုန်း
ကျယ်လောင်လှသော မိုးကြိုးပစ်သံကြီးသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။ ကောင်းကင်ယံတစ်ခုလုံး မိုးကြိုးပစ်သံများ ပေါ်ပေါက်လာခဲ့ပြီး ကြမ်းတမ်းလှသော အမဲရောင်တိမ်များသည်လည်း ကျဆင်းလာခဲ့၏။ ထိုအရာများသည် မြေပြင်နှင့် နီးကပ်လုမတတ်ပင်။ ဤကဲ့သို့သော အရှိန်အဟုန်များသည် လောကကြီးတစ်ခုလုံးကိုပင် ဖျက်စီးပစ်နိုင်သည်ဟု ခံစားမိနေ၏။ လူတစ်ဦးတစ်ယောက်စီ၏ နှလုံးသားများသည် နှစ်မွန်းလျက် ရှိနေကြ၏။ မည်သူမျှ ထိုအရာကို ရှောင်ရှားနိုင်စွမ်း မရှိကြချေ။
ဘုန်း ....။
ဂျိန်း .......။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံမှ မဲနက်လျက် ရှိနေသည့် မိုးကြိုးလှိုင်းများ ကျဆင်းလာခဲ့၏။ ထိုအရာသည် သူတော်စင်အဆင့် အစီအရင်ပေါ်သို့ ချက်ချင်း ကျဆင်းလာခဲ့၏။ အစီအရင်သည် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့ပြီး အစီအရင်၏ ထောင့်တွင် ရှိနေကြသော လူငါးယောက်တို့သည် တစ်ခါတည်း လွင့်စင်သွားကာဖြင့် သွေးများ အန်ထွက်ကုန်ကြ၏။ ကောင်းကင်ဘုံကပ်ဘေးကြီး မကျဆင်းလာခင် မိုးကြိုးပစ်ချက် တစ်ချက်တည်းနှင့်ပင် သူတော်စင်အဆင့် အစီအရင်ကြီးသည် ပြိုလဲသွားခဲ့ပြီ ဖြစ်၏။
"အမြန်ထွက်တော့"
ရောင်စဥ် အလင်းနတ်အရှင်သည် ထိုအရာကို မြင်လိုက်ရသည့် အချိန်မှာတော့ ထိုစကားကိုသာ ပြောလိုက်နိုင်တော့၏။ ဤနေရာတွင် ဆက်လက်ကာ နေထိုင်၍ မဖြစ်ချေ။ ဆက်လက်ကာ နေထိုင်မည် ဆိုပါက တော်ဝင်အင်ပါယာ ကပ်ဘေးကြီးထဲ ၎င်းတို့ ပါဝင်သွားမှာ သေချာ၏။ ၎င်းတို့ကဲ့သို့ သူတော်စင်အဆင့်မပြောနှင့် ၎င်းတို့ထက်ပိုမို အဆင့်မြင့်မားသော သူများပင်လျှင် ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ချက်လောက် ထိမှန်ရုံဖြင့် ပြင်းထန်လှသည့် ဒဏ်ရာကို ရရှိမှာ သေချာ၏။ အခန့်မသင့်လျှင် သေဆုံးသွားနိုင်သည်။
ဘုန်း ……။
ဂျိန်း …. ဂျိန်း .....။
သူတို့နှစ်ယောက် ထွက်ပြေးရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ မိုးကြိုးကပ်ဘေးကြီးသည် အဆုံးမဲ့ ကျဆင်းလာပြန်၏။ အမဲရောင် မိုးကြိုးလှိုင်းများသည် တည်နေရာ တစ်ခုလုံးကို ပြန့်နှံ့လျက် ရှိနေ၏။ ဤအရာသည် ကြီးကျယ်လှသော ကောင်းကင်ဘုံ ကပ်ဘေးကြီးဖြစ်ပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှ၏။ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးချင်နေသည့်ပုံပင်။ ထိုအရာကို မြင်သည့် သူများသည် ကြက်သီးမွှေးညင်းများပင် ထလျက် ရှိနေ၏။
"မဟုတ်ဘူး"
မနီးမဝေးဆီမှ အသံတစ်ခုသည် ပေါ်ထွက်လာ၏။ အစီအရင်ကို ဖန်တီးတည်ဆောက်ခဲ့သည့် လူငါးယောက်တို့သည် အသံကုန် အော်ဟစ်လျက် ရှိနေကြ၏။ မိုးကြိုးပစ်ချက်တစ်ခုသည် ၎င်းတို့အား ပြာအဖြစ်သို့ လွယ်လွယ်ကူကူ ပြောင်းလဲသွားစေခဲ့၏။ ဤကဲ့သို့သော ကောင်းကင်ဘုံ ကပ်ဘေးကြီးနှင့် ရင်ဆိုင်သည့် နေရာတွင် သူတို့သည် မည်ကဲ့သို့မှ ခုခံနိုင်ခြင်း မရှိကြတော့ချေ။ အံ့အားသင့်လောက်စရာပင်။ အစီအရင်ကြီး ပျောက်ကွယ်သွားသည့် အချိန်တွင် သူတို့သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ခန္ဓာကိုယ်အပိုင်းအစ တစ်ခုမှမကျန်အောင်ပင် သေဆုံးသွားခဲ့ကြသည်။
"ကျုပ်တို့ ဒီမှာဆက်နေလို့ မဖြစ်ဘူး" ရောင်စဥ် အလင်းတန်း နတ်အရှင်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။
ပြောပြီးပြီးခြင်းမှာပဲသူသည် ကောင်းကင်ယံတွင် ရှိနေသည့် တိမ်များ ကြီးကြီးမားမား ပြောင်းလဲသွားသည်ကို လှမ်းကာမြင်လိုက်ရ၏။ မူလအားဖြင့် အမဲရောင်တိမ်များဖြင့် ဖြစ်တည်နေသော ကပ်ဘေးကြီးသည် ချက်ချင်းဆိုသလိုပင် သွေးနီရောင် မိုးကြိုးလှိုင်းများအဖြစ် ဖြစ်တည်သွားခဲ့၏။ မဲနက်နေသည့် တိမ်များသည် ကြက်သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ယံတွင် သွေးပင်လယ်ကြီး ဖြစ်တည်သွားသကဲ့သို့ပင်။ တလိပ်လိပ်တက်နေသော တိမ်လိပ်များနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့သွား၏။
လက်ရှိအချိန်မှာတော့ အားလုံးသောသူများသည် အသက်ရှင်ခွင့်မရှိအောင်ပင် ဖိနှိပ်ခြင်း ခံထားရ၏။ သူတို့သည် ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ကံတရားနှင့် ကောင်းချီးသာ မရှိပါက ဤကဲ့သို့သော အခြေအနေမျိုးတွင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
"ဒါက ကောင်းကင်ဘုံကပ်ဘေးမဟုတ်ဘူး။ ဒါက နတ်ဘုရား ကပ်ဘေးကြီးပဲ" မိုရှန်သည် ထကာ အော်ဟစ်လိုက်မိသည်။