အခန်း (၄၆၆)
Vol. 32 Ch. 466
"ဟားဟား.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလှချည်လား"
"မင်းတို့ ဂိုဏ်းတူညီနောင်တွေ ညီညွတ်ရင်တော့ ငါစိုးရိမ်ချင် စိုးရိမ်ဦးမယ်"
"ဒါပေမဲ့ အခုတော့ အားအနည်းဆုံး ဖြစ်တဲ့ မင်းတို့နှစ်ယောက်ပဲ ကျန်တော့တယ်"
"ဒါ့အပြင် ငါ့ရဲ့အင်အားက အရင်ကထက် မြင့်တက်သွားခဲ့ပြီ.. မင်းတို့ ငါ့ကို ဘယ်လိုကိုင်တွယ်မှာလဲ"
သွေးတိမ်တိုက်အရှင်သခင်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။
ဟော်ကျင်းတို့သုံးယောက်၏ သွေးများကို စုပ်ယူပြီးနောက်တွင် သူ၏အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကိုးအထိ ပြန်လည် ရရှိလာခဲ့သည်။
သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့ဖူးသည့် သူသည် လက်ရှိ တိုက်ခိုက်ရေးအင်အားဖြင့် ဆိုလျှင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်အောက်၌ အရှုံးမရှိနိုင်ပေ။
ထို့အပြင် အံ့အားသင့်စရာကောင်းသော ကောင်းကင်သွေးမိစ္ဆာ အစီရင်ထဲ၌ သူ၏ သွေးနည်းစနစ်ကိုပါ ထပ်ပေါင်းနိုင်သေးသည် ဖြစ်ရာ ပြောနေစရာပင် မလိုတော့ချေ။
သူ၏ရှေ့မှ လူနှစ်ယောက်၏ ခွန်အားသည် ယခင်က သူအလောင်းကောင်အဖြစ် စုပ်ယူခဲ့သည့် လူသုံးယောက်ထက်အားနည်းနေ၏။
၎င်းတို့က သူ၏ ပြိုင်ဖက် အဘယ်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
"ဟားဟား.. ဟော်ကျင်းတို့ သုံးယောက်ကို သတ်ပစ်ပြီး မင်းရဲ့အင်အား တိုးမြင့်လာမှာကို ခွင့်ပြုရဲတယ် ဆိုမှတော့ မင်းနဲ့ရင်ဆိုင်ရမှာကို မကြောက်ရွံ့လို့ပဲပေါ့"
"မင်းရဲ့ဦးခေါင်းကို ငါ့ဆီ လိုလိုလားလား မပေးအပ်ချင်မှတော့ ငါကိုယ်တိုင်ပဲ လာယူတော့မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ထို့နောက်တွင် ထူးဆန်းသော စွမ်းအင်တစ်ခုသည် ကွင်းပြင်၏ အလယ်တစ်နေရာကို တိုက်ခိုက်သွားခဲ့၏။
နောက်ထပ် တခဏတွင် အလွန် တောက်ပသော သွေးရောင် အလင်း ကန့်လန့်ကာ အများအပြားသည် ကွင်းပြင်ပတ်ပတ်လည်တွင် အဆက်မပြတ် လှည့်ပတ်နေခဲ့သည်။
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် သွေးတိမ်တိုက်အရှင်သခင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
သူက အလွန်အံ့သြထိတ်လန့်သော အသွင်အပြင်ဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
"မင်း.. မင်းက တကယ်ပဲ ကောင်းကင် သွေးမိစ္ဆာ အစီအရင်ကို ထိန်းချုပ်နိုင်တာလား.. ဒါ.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"ငါက ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကို ဖျက်ဆီးနိုင်သလို ထိန်းလည်း ထိန်းချုပ်နိုင်တယ်"
"ငါ့အတွက် အသုံးချစရာမရှိရင် ဒီအစီအရင်ကို ငါအစောကြီးကတည်းက ဖျက်ဆီးလိုက်ပြီ.. အခုအချိန်အထိ ငါဘာလို့ ထိန်းသိမ်းထားလဲ ဆိုတော့ မင်းနဲ့ ရင်ဆိုင်ဖို့အတွက်ပဲ"
ကျန်းချန်က သွေးတိမ်တိုက် အရှင်သခင်ကို မထီတရီ ကြည့်လိုက်သည်။
ထိုခဏတွင် သူ့ထံကနေ မောက်မာသော စကားသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"မင်းရဲ့ ခွန်အားက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၉ကို ပြန်လည် ရောက်ရှိသွားရင်တောင် ဒီနေရာမှာတော့ အရာအားလုံးက ငါ့ရဲ့အုပ်စိုးမှုအောက်မှာပဲ ရှိလိမ့်မယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် လက်ဟန်များကို အလျင်အမြန် ထုတ်ဖော်လိုက်ရာ တောက်ပသော သွေးရောင် အလင်းများသည် ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်ကနေ အဆက်မပြတ် ပေါ်ထွက်လာခဲ့၏။
ယင်းနောက်တွင် ကျန်းချန်၏ ထိန်းချုပ်မှုအောက်မှာပင် ထိုတောက်ပသော သွေးအလင်းများသည် ဆယ်ပေခန့် ရှည်သော သွေးရောင် ဓားတစ်ချောင်းအဖြစ်သို့ စုစည်းသွားခဲ့သည်။
"ခုတ်ဖြတ်စမ်း"
ကျန်းချန်က ပြတ်သားသော အမူအရာဖြင့် သွေးတိမ်တိုက် အရှင်သခင်ကို တိုက်ရိုက် ညွှန်ပြလိုက်သည်။
ထိုခဏတွင် ကျန်းချန် ထိန်းချုပ်ထားသည့် အရာအားလုံးကိုမျိုချနိုင်သောစွမ်းအားများ ကိန်းအောင်းနေသည့် သွေးရောင်ဓားရှည်သည် လျှပ်စီးများလင်းလက်ကာ တောက်ပလာခဲ့၏။
သူနှင့် တဖြည်းဖြည်းနီးကပ်လာသော သွေးရောင်ဓားရှည်ကိုကြည့်ကာ သွေးတိမ်တိုက် အရှင်သခင်၏ မျက်နှာအမူအရာသည် အလွန်တရာ ပြောင်းလဲသွားခဲ့သည်။
"သွေးမြူကနေ ကောင်းကင် သွေးလက်ဝါးအဖြစ် ပြောင်းလဲစမ်း"
သွေးတိမ်တိုက် အရှင်သခင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထိုခဏတွင် ရေတွက်၍မရနိုင်သော သွေးမြူများသည် သူ၏ခန္ဓာကိုယ်ကနေ ထွက်လာပြီး သူ၏ရှေ့မှာပင် ဧရာမ သွေးလက်ဝါးတစ်ခု အဖြစ် စုစည်းကာ လေထဲမှ သွေးရောင်ဓားရှည်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဤသို့ဖြင့် ကြောက်မက်ဖွယ် အင်အားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြသည်။
မျက်စိတစ်မှိတ်အတွင်း သွေးရောင်ဓားရှည်၏ ကြောက်မက်ဖွယ်ရာ မျိုချခြင်း စွမ်းအားအောက်၌ သွေးလက်ဝါးသည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
"ဝေါ့"
သွေးတိမ်တိုက် အရှင်သခင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သူက ထိတ်လန့်သော အသွင်အပြင်ဖြင့် သူ့ကို ဆက်လက် ခုတ်ပိုင်းရန် လာနေသော သွေးရောင် ဓားရှည်ကို ကြည့်နေခဲ့၏။
ချက်ချင်းဆိုသလို သူက သွေးကိုယ်ပွားကို အလျင်အမြန် ထိန်းချုပ်ကာ သွေးရောင် ဓားရှည်ကို ခုခံလိုက်၏။
"ဝုန်း"
ထိပ်တိုက် ရင်ဆိုင်မိပြီးနောက်တွင် သွေးတိမ်တိုက်အရှင်သခင်၏ သွေးကိုယ်ပွားသည် ပေါက်ကွဲသွားခဲ့သည်။
ဤတဒင်္ဂအချိန်ကို အသုံးချပြီး သွေးတိမ်တိုက် အရှင်သခင်သည် သူ၏ ခန္ဓာကိုယ်ကို သွေးရောင် အရိပ်တစ်ခု အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ ပေတစ်ရာ အကွာအဝေးသို့ ချက်ချင်းပင် ဆုတ်ခွာလိုက်၏။
"ထွက်ပြေးချင်တာလား"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
သူက သူ၏ လက်များကို လှုပ်ရှားလိုက်သောအခါ သူ၏ ဦးခေါင်းထိပ်၌ နောက်ထပ် သွေးရောင် ဓားရှည်တစ်ချောင်းသည် စုစည်းသွားခဲ့သည်။
အခန်း(၄၆၆) ပြီး၏