← Chapters

အခန်း (၄၆၈)

Vol. 32 Ch. 468

အခန်း (၄၆၈)

Vol. 32 Ch. 468

ထိုစကားသံကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

သူက အသံလာရာ ဆီသို့ ကြည့်လိုက်သောအခါ အကြီးအကဲ၏ အနောက်တွင် ရှိသည့် မျက်နှာထား တင်းမာသော ပိန်သွယ်သွယ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ကျန်းချန်က လူငယ်ကို အမှုမထားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းက ဘယ်သူလဲ.. ဒီတစ်ကြိမ် ငါတို့ဆောင်ရွက်ခဲ့တဲ့ မစ်ရှင်နဲ့ပတ်သက်ပြီး မင်းမှာ မေးခွန်းထုတ်ပိုင်ခွင့် ရှိလို့လား"

လူငယ်က မျက်နှာထား တင်းမာစွာဖြင့် ကျန်းချန်ကို ကြည့်ကာအော်ဟစ်လိုက်၏။

"ကျန်းချန်... ငါက ကွမ်းချွမ်ပါ.. ငါက ဆရာ့ကိုယ်စား မင်းကို မေးမြန်းနေတာ.. ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း ပြောပြပါ"

ဤလူငယ်က အတွင်းစည်း အကြီးအကဲ၏ တပည့်ရင်းဖြစ်သည့် ကွမ်းချွမ် ဖြစ်ကြောင်း သိလိုက်ရလျှင် ကျန်းချန်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။

ထို့နောက် သူက အသက်ခပ်ပြင်းပြင်းရှူကာ "အကြီးအကဲ... ဖြစ်ပျက်ခဲ့တာတွေက ဒီလိုပါ..." ဟုဆိုကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။

ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် ကွမ်းချွမ်က အေးစက်စက် ပြော၍ ကျန်းချန်ကို ဖိအားပေးလိုက်၏။

"ဟမ့်.. မင်းပြောတာတွေက အလိမ်အညာတွေပဲ.. အဓိပ္ပါယ်မရှိဘူးလို့ ငါထင်တယ်.. မင်းနဲ့ လင်းထျန်းကျုံးက အဖွဲ့ထဲမှာ ကျင့်ကြံခြင်း အဆင့် အနိမ့်ဆုံးပဲ.. ဟော်ကျင်းနဲ့ ကျန်တဲ့လူတွေကို သွေးတိမ်တိုက် အရှင်သခင်က သတ်ပစ်ခဲ့ရင်တောင် မင်းတို့က သွေးတိမ်တိုက် အရှင်သခင်ကို အနိုင်ယူပြီး ဂိုဏ်းဆီကို ပြန်ရောက်လာနိုင်စရာ အကြောင်းမရှိဘူး.. မင်းတို့က သွေးနတ်ဆိုး နန်းတော်က စေလွှတ်ထားတဲ့ သူလျှိုတွေလို့ ငါထင်တယ်.. ဟော်ကျင်းတို့ သုံးယောက် သေဆုံးရတာလည်း မင်းတို့ရဲ့ပယောဂ မကင်းလောက်ဘူး.. နောက်ဆုံးအနေနဲ့ မင်းကို အခွင့်အရေးတစ်ခုပေးမယ်.. မင်း မသေချင်ဘူးဆိုရင် ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း ပြောပြပါ"

ထိုစကားကိုကြားလျှင် လင်းထျန်းကျုံးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ညီနောင်ကွမ်းချွမ်... မင်း ဘာသက်သေမှမရှိဘဲ ဒီလိုမျိုး မစွပ်စွဲပါနဲ့...ငါတို့က သွေးနတ်ဆိုး နန်းတော်နဲ့ ဘာမှမသက်ဆိုင်ဘူး"

ကျန်းချန်က ကွမ်းချွမ်ကို လျစ်လျူရှုလိုက်ပြီး အကြီးအကဲကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။

"အကြီးအကဲကလည်း ကျွန်တော်တို့ကို သွေးနတ်ဆိုး နန်းတော်ရဲ့ သူလျှိုတွေလို့ ထင်လား"

အကြီးအကဲက ကျန်းချန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

"မင်းမှာ သံသယဖြစ်စရာ အချက်တွေ အများကြီးရှိတယ်.. ကွမ်းချွမ် သံသယဝင်တာကိုလည်း အပြစ်ဆိုလို့မရဘူး.. ငါ့ကို ယုံကြည်စေချင်ရင် ငါယုံကြည်လောက်တဲ့ အကြောင်းပြချက်တစ်ခု ငါ့ကိုပေးပါ"

အကြီးအကဲက ကွမ်းချွမ်နှင့် ကျန်းချန်ကြားရှိ မကျေနပ်မှုများကို အစောကတည်းက သိရှိထားသည်။

သို့သော် သူက လူငယ်နှစ်ဦးကြားရှိ မကျေလည်မှုများကို ဝင်ရောက် မစွက်ဖက်ပေ။

သို့တိုင် ယခုကိစ္စသည် သွေးနတ်ဆိုး နန်းတော်နှင့် ဆက်နွယ်နေ၏။

ထို့ကြောင့် ကျန်းချန်၏ ပြန်ရောက်လာခြင်းက အနည်းငယ် ထူးဆန်းနေ၍ ဂရုမစိုက်ဘဲ နေလို့မဖြစ်ပေ။

မစ်ရှင် ထမ်းဆောင်သည့် အဖွဲ့ထဲတွင် လူငါးယောက် ရှိသည့်အနက် အင်အားအကြီးဆုံး သုံးယောက် သေဆုံးပြီး အားအနည်းဆုံး နှစ်ယောက် အသက်ရှင်ကျန်ရစ်ခြင်းသည် အလွန်တရာ ထူးဆန်းနေသည် မဟုတ်ပါလား။

အကယ်၍ ကျန်းချန်သာ သွေးနတ်ဆိုး နန်းတော်၏ သူလျှိုဖြစ်နေလျှင် ဂိုဏ်းအတွက် အလွန်အန္တရာယ်များသော အရာတစ်ခု ဖြစ်လာနိုင်ပေသည်။

ကျန်းချန်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။

"အကြီးအကဲက အကြောင်းပြချက်တစ်ခု လိုအပ်တယ်ဆိုရင် ကျွန်တော် ပေးပါ့မယ်.. ဟော်ကျင်းတို့ ဘာလို့ သေဆုံးပြီး ကျွန်တော်တို့က ဘာလို့ အသက်ရှင်ရက် ပြန်ရောက်လာနိုင်တာလဲ ဆိုတော့ အဖြေက တစ်ခုပဲရှိတယ်.. အဲဒါက သူတို့ထက် ကျွန်တော်က ပိုသန်မာလို့ပဲ"

"ဟားဟား... မင်းက စကားကြီး စကားကျယ် ပြောတတ်သားပဲ.. မင်းက သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် မပိုဘူး...ဟော်ကျင်းတို့ သုံးယောက်ထဲက အားအနည်းဆုံးဖြစ်တဲ့ ဖူထုံကတောင် မင်းထက် အဆင့်ငယ် နှစ်ဆင့်မြင့်တယ်...မင်း ဒီစကားကို ပြောတာ မရှက်ဘူးလား"

ကွမ်းချွမ်က ကျန်းချန်ကို မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။

"ဒါက အမှန်တရားပဲ.. ငါက ဘာလို့ မပြောနိုင်ရမှာလဲ...လူတစ်ယောက်ရဲ့အင်အားကို သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ပဲ တိုင်းတာလို့မရဘူး"

"ကောင်းပြီလေ... မင်းက ဟော်ကျင်းတို့ထက် ပိုပြီး အင်အားကြီးတယ် ဆိုတော့ မင်းမှာ အနည်းဆုံး သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့် တိုက်ခိုက်ရေး အင်အားမျိုး ရှိတယ်လို့ ဆိုလိုတာနဲ့ အတူတူပဲ.. ဒါကို သက်သေပြဖို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. မင်းက ငါ့ရဲ့ တိုက်ကွက်ဆယ်ကွက်ကို ခံနိုင်ရည်ရှိသရွေ့ မင်းရဲ့အင်အားကို ငါအသိအမှတ်ပြုပြီး လက်ခံပေးမယ်.. ဘယ်လိုလဲ... မင်း စမ်းသပ်ရဲလား"

ကွမ်းချွမ်က ရန်လိုသော အကြည့်ဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

အခန်း(၄၆၈) ပြီး၏

All Chapters