အခန်း (၄၆၉)
Vol. 32 Ch. 469
"အကြီးအကဲ... သူ့ရဲ့ စကားကို အတည်ပြုပေးလို့ရမလား"
ကျန်းချန်သည် ကွမ်းချွမ်ကို လှည့်ပင်မကြည့်ဘဲ အကြီးအကဲကို တိုက်ရိုက် ကြည့်ကာ မေးလိုက်သည်။
"ကောင်းပြီ"
"မင်းက ကွမ်းချွမ်ရဲ့ တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ရည်ရှိဖို့တော့ လိုအပ်တယ်.. မင်းရဲ့ ခွန်အားကို သက်သေပြနိုင်သရွေ့ ဒီကိစ္စကို ငါဆက်လက် အရေးမယူတော့ဘူး"
အကြီးအကဲက ခေါင်းညိတ်၍ ပြောလိုက်သည်။
ကွမ်းချွမ်သည် လွန်ခဲ့သော ငါးနှစ်က သူအပြင်သို့ ထွက်၍ လှည့်လည်စဉ် လက်ခံခဲ့သော တပည့် ဖြစ်သည်။
ဤတပည့်သည် အလွန်ပင် အရည်အချင်းရှိ၏။
၎င်းက လွန်ခဲ့သော ငါးနှစ်ခန့်တွင် ကိုယ်ခံပညာကို မထိတွေ့ခဲ့ဖူးပေ။
သို့သော်လည်း ယခုအခါ အံ့မခန်း အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကွမ်းချွမ်သည် အသက် နှစ်ဆယ်သာ ရှိသေးပြီး သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့်၏ နှောင်းပိုင်း အင်အားကို ပိုင်ဆိုင်ထားသည်။
ထို့ပြင် ၎င်းသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်ကိုး စစ်သည်အချို့နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။
ကျန်းချန်သည် ကွမ်းချွမ်ထံမှ တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ရည်ရှိကြောင်း အခိုင်အမာ ပြသနိုင်ခဲ့လျှင် ကျန်းချန်၏ ယခင်ပြောကြားချက်သည် လိမ်လည်ခြင်း မဟုတ်ကြောင်း သက်သေပြရာ ရောက်သွားပေလိမ့်မည် မဟုတ်လော။
အကြီးအကဲသည် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲတွင် အပြင်စည်း တပည့်များ၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး အတွင်းစည်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သော ကျန်းချန်အကြောင်းကို ကြားသိထားသည်။
ထို့ကြောင့် ကျန်းချန်၌ မည်သို့သော အင်အားမျိုး ရှိသည်ကို သူ ကြည့်ရှုလိုခဲ့၏။
"ကျန်းချန်... ငါ့ဆရာ စကားကြားတယ် မဟုတ်လား.. မင်းဘာပြောစရာ ရှိသေးလဲ"
ကွမ်းချွမ်သည် ကျန်းချန်ကို သတ်ဖြတ်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့၏။
ကျန်းချန်သည် ထိုက်ရှဂိုဏ်းထဲသို့ ဝင်ရောက်ကတည်းကပင် သူ့ကို ဆန့်ကျင်ခဲ့သည်။
အပြင်စည်းတွင် ရှိစဥ်က ကျန်းချန်သည် အပြင်စည်း၌ သူထားရှိခဲ့သော စစ်တုရင် အပိုင်းအစ နှစ်ခုကို ဆက်တိုက် ဖြေရှင်းခဲ့ကာ တပည့်သစ်များထံမှ ကာကွယ်ရေး အခကြေးငွေများ အတင်းအကျပ် ကောက်ခံခြင်းကနေ သူ့ကို တားဆီးခဲ့သည်။
ထို့ကြောင့် သူသည် တပည့်သစ်များထံမှ ဂုဏ်ကျက်သရေ အမှတ်များကို နောက်ထပ် မရရှိနိုင်တော့ပေ။
ယခုအခါ ကျန်းချန်သည် အတွင်းစည်းသို့ပင် ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် သူက ရှန်းလင်းဖုန်းနှင့် ပူးပေါင်း၍ ကျန်းချန်ကို ရှင်းပစ်ရန် ရည်ရွယ်ခဲ့သည်။
ထို့ပြင် ကျန်းချန်ထံမှ ဂုဏ်ကျက်သရေ အမှတ်များကို ရယူရန် ဂိုဏ်း၏ မစ်ရှင်ကို အသုံးချလိုခဲ့၏။
ဤတစ်ကြိမ်တွင် သူနှင့် ရှန်းလင်းဖုန်း စေလွှတ်ခဲ့သည့် လူအားလုံး သေဆုံးသွားမည်ဟု ကွမ်းချွမ် ဘယ်တော့မှ မစဉ်းစားမိခဲ့ပေ။
သို့သော် ကျန်းချန်ကမူ အသက်ရှင်လျက် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
သူက တိုက်ရိုက်တပည့်တစ်ဦး ဖြစ်သော်လည်း နို့နံ့ပင် မစင်သေးသည့် ကောင်လေးတစ်ဦးကို နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရ၏။
ဤအရာက ကွမ်းချွမ်ကို မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်စေမည်နည်း။
ထို့ကြောင့် ကွမ်းချွမ်သည် မစ်ရှင်ခန်းမ၏ အကြီးအကဲက သူ၏ ဆရာထံ အစီရင်ခံပြီးနောက်တွင် သူ့ဆရာနောက်ကနေ လိုက်ပါလာခဲ့သည်။
ဤတစ်ကြိမ်တွင် သူ နှင့် ရင်ဆိုင်ရပါက မည်သို့သော အကျိုးဆက်များ ရှိလာနိုင်မည်ကို ကျန်းချန်ကို သိစေရပေမည်။
"ဘာမှပြောစရာ မရှိဘူး.. မင်းတိုက်ခိုက်ပြီး စမ်းသပ်ချင်တယ် မဟုတ်လား.. ကောင်းပြီ... ငါမင်းနဲ့ ရင်ဆိုင်မယ်"
ထိုခဏတွင် ကျန်းချန်၏ ပုံရိပ်သည် လင်းလက်သွားကာ ခန်းမ အလယ်ရှိ နေရာလွတ်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် ပဟေဠိဆန်သော အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။
သူက ကွမ်းချွမ်ကို လက်ညှိုးဖြင့် လှုပ်ရမ်း၍ ခေါ်လိုက်သည်။
"ညီနောင် ကွမ်းချွမ်.. စတိုက်လို့ရပြီ"
"ချီး.. ဒါ ဘယ်လို အခြေအနေမျိုးလဲ"
"ဒီကောင်က ဘယ်သူလဲ... သူက တိုက်ရိုက်တပည့် ကွမ်းချွမ်ကိုတောင် အရင်တိုက်ခိုင်းနေပါလား.. သူ မသေခဲ့ရင် တော်တော် ကံကောင်းလို့ပဲ"
"..........."
မစ်ရှင်ခန်းမ ဖြစ်သောကြောင့် မစ်ရှင်များကို ရယူရန် ရောက်လာသော အတွင်းစည်း တပည့်များသည် ဤနေရာ၌ ရှိနေကြသည်။
သူတို့က ခန်းမ အလယ်တွင် ဝင့်ကြွားစွာ ရပ်ကာ ကွမ်းချွမ်ဘက်သို့ စိန်ခေါ်သော အမူအရာ ပြသနေသော ကျန်းချန်ကို ကြည့်ရင်း အံ့အားသင့်သွားကြ၏။
လူအများအပြားသည် ကျန်းချန်ကို မထီမဲ့မြင်ပြုကာ ဝေဖန်ရှုတ်ချလိုက်ကြသည်။
ကျန်းချန်၏ ထီမထင်သော အသွင်အပြင်ကို မြင်လျှင် ကွမ်းချွမ်၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာခဲ့သည်။
"ညီနောင် ကျန်းချန်... ငါ့ကို ရင်ဆိုင်ဖို့ မင်းမှာ သတ္တိရှိမယ်လို့ ငါ မထင်ထားမိဘူး"
"မင်းက အရင်တိုက်ခွင့်ပေးမှတော့ ငါ့ကို ယဥ်ကျေးမှုမရှိဘူးဆိုပြီး အပြစ်မတင်နဲ့တော့.. ငါရဲ့ ပထမဆုံး တိုက်ကွက်ကို ခံယူလိုက်စမ်း"
သူက သူ၏ ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်သည်နှင့် ချက်ချင်း ဆိုသလို ကျန်းချန်၏ ရှေ့၌ ပေါ်လာခဲ့၏။
သူက လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ ပေအနည်းငယ် ရှည်လျားသော ဧရာမ ရေခဲဓားတစ်ချောင်းက လေထဲတွင် ထွက်ပေါ်လာသည်။
ထိုရေခဲဓားက အေးစက်သော စွမ်းအင်တစ်ခုကို သယ်ဆောင်ကာ လျှပ်စီးလက်သည့်နှယ် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
လေထုကို ဖြတ်သန်းသွားသော ဧရာမ ရေခဲဓားကြောင့် အေးစိမ့်သော အငွေ့အသက်များသည် ခန်းမတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားခဲ့၏။
ချက်ချင်းဆိုသလို အားနည်းသော အတွင်းစည်း တပည့်အချို့သည် ဤအေးစက်သော လေထုထဲ၌ ခဲသွားတော့မည့်ဟုပင် ခံစားလိုက်ရသည်။
အခန်း(၄၆၉) ပြီး၏