အခန်း (၄၇၁)
Vol. 32 Ch. 471
ရှန်ဘင် သွေးစွမ်းအားကို ပြသခဲ့သော်လည်း ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် အားနည်းနေသော ကွမ်းချွမ်၏ ဖြစ်အင်ကို မြင်လျှင် ခန်းမထဲ၌ တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ မျက်လုံးများတွင် မယုံနိုင်လောက်အောင်ပင် ကြောက်ရွံ့သော အရိပ်အယောင်ကို ဖော်ပြနေကြသည်။
အတွင်းစည်းသို့ ရောက်သည်မှာ မကြာသေးသော ကောင်လေးတစ်ယောက်က ကွမ်းချွမ်နှင့် ရင်ဆိုင်ရာတွင် အသာစီး ရရှိနိုင်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
"ဒါက တကယ်ကို တုန်လှုပ်စရာပဲ"
သူ၏ တပည့်က ကျန်းချန်၏ ဖိနှိပ်မှု ခံနေရသည်ကို ကြည့်ကာ အကြီးအကဲသည် မှင်တက်နေခဲ့၏။
ဤသည်မှာ သူယခင်က မမြင်ဖူးသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။
ကွမ်းချွမ်၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။
"မင်းမှာ ဒီလောက် အင်အားကြီးမားတဲ့ အထူး သွေးစွမ်းအား ရှိမယ်လို့ ငါ မထင်ထားဘူး.. ဒါက ငါ့ကို အနည်းငယ် အံ့အားသင့်စေတယ်"
"ဒါပေမဲ့ ဒီလို သွေးစွမ်းအား ရှိရင်တောင် ဆယ်ကွက်အတွင်း မင်းကို ငါ အနိုင်ယူနိုင်ပါသေးတယ်"
ကွမ်းချွမ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထိုခဏတွင် သူ၏ သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့် အင်အား အရင်းအမြစ်သည် အမြင့်ဆုံး အတိုင်းအတာအထိ ရောက်ရှိသွားသည်။
ထို့နောက်တွင် သူ၏ လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ ထက်ရှသော ရေခဲဓားများသည် လေထဲတွင် ထွက်ပေါ်လာခဲ့၏။
ထိုရေခဲဓားများက လေထုကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့သည်။
ကျန်းချန်၏ မျက်နှာတွင် ဂရုမစိုက်သော အမူအရာ ပေါ်လွင်နေ၏
သူသည် လက်သီးချက်ဖြင့် ကွမ်းချွမ်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။
ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် သဘာဝစွမ်းအားဖွင့်ခြင်း သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။
ထို့အပြင် ချီယန် သန္ဓေမူလသိုင်းခန္ဓာ သွေးစွမ်းအား၏ အင်အားကြီးမားသော ကောင်းချီးပေးမှုကိုပါ ပေါင်းထည့်ထားရာ ကွမ်းချွမ်၏ အပြင်းအထန် ထိုးနှက်ချက်များကို ရင်ဆိုင်ရသည့်တိုင် အားနည်းချက် မရှိတော့ပေ။
"ဝုန်း ဝုန်း ဝုန်း"
မျက်တောင်တစ်ခတ် အတွင်း နှစ်ယောက်သား နောက်တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။
ယခုအခါ ကွမ်းချွမ် အဆိုပြုခဲ့သည့် တိုက်ကွက် ဆယ်ကွက် တွင် နောက်ဆုံး တစ်ကွက်သာ ကျန်ရှိတော့၏။
ကွမ်းချွမ်ကို ဆန့်ကျင်ပြီး ကိုးကြိမ်တိုင်တိုင် လှုပ်ရှားခဲ့သော်လည်း ကျန်းချန်၏ မျက်နှာမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
သူသည် ဆန့်ကျင်ဘက်မှ ကွမ်းချွမ်ကို ကြည့်လိုက်၏။
သူ၏ မျက်နှာပေါ်တွင် လှောင်ရိပ်သန်းသော အပြုံးတစ်ခု ပေါ်လာ၏။
"ညီနောင် ကွမ်းချွမ်... နောက်ဆုံးတစ်ကွက်ပဲ ကျန်တော့တယ်"
"ဟမျ့"
"ကျေနပ်မနေနဲ့ဦး... ငါခုနကအသုံးပြုလိုက်တဲ့ ကိုးကွက်က သွေးပူလေ့ကျင့်ခန်း အဆင့်ပဲ ရှိသေးတယ်"
"မင်းကို အနိုင်ယူဖို့က တစ်ကွက်တည်းနဲ့ လုံလောက်တယ်"
ကွမ်းချွမ်က အေးစက်စက် ရေရွတ်လိုက်သည်။
ထိုခဏတွင် သူ၏ ပုံရိပ်သည် တုန်ယင်သွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
ထို့နောက်တွင် လူတိုင်း၏ မြင်ကွင်းရှေ့မှာပင် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းအဖြစ် အရိပ် ၃၀ ကျော် ထွက်ပေါ်လာခဲ့၏။
"ဒါ... ထိုက်ရှဂိုဏ်းရဲ့ နာမည်ကျော် ကိုယ်ခံပညာဖြစ်တဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာပဲ"
"စစ်ပွဲအရိပ်ကို ၃၀ ကျော်တောင် ထုတ်ဖော်နိုင်တာဆိုတော့ ညီနောင် ကွမ်းချွမ်ရဲ့ ထိုက်ရှ စစ်ပွဲအရိပ်က ကျွမ်းကျင်အဆင့်ကို ရောက်ရှိသွားခဲ့ပြီ"
"အကြီးအကဲရဲ့ တိုက်ရိုက် တပည့်တစ်ယောက်လို့ မပြောရဘူး.. မျှော်လင့်ထားတဲ့အတိုင်း တကယ်ကို အံ့သြစရာပဲ"
"............"
ကွမ်းချွမ် ပြသခဲ့သည့် ထိုက်ရှစစ်ပွဲအရိပ်ကို ကြည့်ရင်း လူတိုင်းသည် မအံ့သြဘဲ မနေနိုင်ပေ။
ထိုက်ရှ စစ်ပွဲအရိပ်ကိုယ်ခံပညာ။
ဤသည်က ထိုက်ရှဂိုဏ်း၏ တစ်ခုတည်းသော ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်၏ အဆင့်နိမ့် ဗားရှင်း ဖြစ်သည်။
ထို့အပြင် ယင်းက ထိုက်ရှဂိုဏ်း၏ အင်အားအကြီးဆုံး ကိုယ်ခံပညာလည်း ဖြစ်သည်။
ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲပင်ပန်းပြီး ကျင့်ကြံဖို့လည်း အတော်လေး ခက်ခဲ၏။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တစ်ခုလုံးတွင်ပင် စစ်ပွဲ အရိပ်ကို ၃၀ ကျော်အထိ ဖော်ထုတ်နိုင်သူသည် လက်တစ်ဖက်တည်းနှင့် ရေတွက်၍ ရပေသည်။
ယခု ကွမ်းချွမ်က ဤတိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်၏။
ကျန်းချန် မည်ကဲသို့ ခုခံနိုင်ပါမည်နည်း။
ကျန်းချန် အတွက် ဤနောက်ဆုံး တိုက်ကွက်ကနေ အသက်ရှင်ဖို့ မဖြစ်နိုင်ပုံရနေ၏။
"ကျန်းချန်... ငါ့ရဲ့ စစ်ပွဲအရိပ်အောက်မှာ ရှုံးနိမ့်တာက မင်းအတွက် ဂုဏ်ယူစရာပဲ"
လူတိုင်းက ကွမ်းချွမ် ပြသခဲ့သည့် ထိုက်ရှ စစ်ပွဲအရိပ် ကိုယ်ခံပညာကြောင့် တုန်လှုပ်နေသည့် အချိန်တွင် လေထဲမှ ကွမ်းချွမ်၏ အရိပ် ၃၀ ကျော်သည် တစ်ချိန်တည်းနီးပါး စကားပြောလိုက်ကြသည်။
၎င်းတို့၏ အေးစက်သော အသံများသည် မိုးကြိုးပစ်သည့်နှယ် ကျယ်လောင်စွာဖြင့် ခန်းမကို ဖြတ်သန်းသွား၏။
"ဟားဟား"
"မင်းရဲ့ နောက်ဆုံး လှုပ်ရှားမှုက အတော် စုတ်ပဲ့တာပဲ... မင်းအနေနဲ့ဒီထက် ပိုအားကောင်းတဲ့ စစ်ပွဲအရိပ်ကို ထုတ်ဖော်နိုင်သင့်တယ်"
"အမှန်အတိုင်းပြောရရင် မင်းက တကယ်ကို ရယ်စရာကောင်းတယ်... မင်းရဲ့ စစ်ပွဲအရိပ်က ငါ့ရှေ့မှာတော့ သာမန်ပါပဲ"
ကျန်းချန်က သူ၏ ရှေ့မှ အရိပ် ၃၀ ကျော်ကို ကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။
ထို့နောက်တွင် သူက သူ၏ ခြေဖဝါး မြေပြင်ပေါ်သို့ တစ်ချက် ဆောင့်နင်းလိုက်၏။
ထိုခဏမှာပင် သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၄၇၁) ပြီး၏