အခန်း (၄၇၅)
Vol. 32 Ch. 475
"ဟ.. ဒီကောင်လေး ငြင်းလိုက်တာလား"
ကျန်းချန်က ချင်ကျူ၏ ဖိတ်ကြားမှုအား ငြင်းပယ်လိုက်သည်ကို မြင်လျှင် လူတိုင်း၏ မျက်လုံးသည် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
သူတို့သည် အလွန်အမင်း တုန်လှုပ်သွားကြ၏။
ချင်ကျူ။
ချင်ကျူ ဆိုသည်မှာ အဂ္ဂိရတ်ခန်းမ၏ လက်ထောက် အကြီးအကဲ ဖြစ်သည့်အပြင် ဂုဏ်သိက္ခာကြီးမြတ်သည့် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်၏။
မည်သည့် အဂ္ဂိရတ်သခင်မဆို ချင်ကျူ၏ မျက်နှာသာပေးမှုကို ခံရခြင်းသည် အလွန် ဂုဏ်ယူစရာကောင်းသော အရာဖြစ်သည်။
သူတို့အနေဖြင့် ဤမျှအထိ ချင်ကျူ မျက်နှာသာပေးသည်ကို မြင်ရသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။
ထိုခဏတွင် ထွက်ခွာတော့မည့် ကျန်းချန်ကို ကြည့်ရင်း ရှန်းလင်းဖုန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားသည်။
ချင်ကျူ စကားပြောခွင့် မရခင် သူ၏ အေးစက်စက် အော်ဟစ်သံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက် ရောက်ရှိလာခဲ၏။
"ကျန်းချန်... မင်း သိပ်ပြီး မောက်မာမနေနဲ့"
"ခန်းမအကြီးအကဲ ချင်က မင်းကို အဂ္ဂိရတ်ခန်းမရဲ့ အကဲဖြတ်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်နေတယ် ဆိုကတည်းက မင်းနဲ့ ထိုက်တန်လို့ပဲ.. အခွင့်အရေးကို လက်လွှတ်မခံပါနဲ့"
ကျန်းချန်က ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
သူက ရှန်းလင်းဖုန်းကို လှည့်ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
"ငါ ခန်းမအကြီးအကဲချင်ကို ငြင်းပယ်တာက မင်းနဲ့ ဘာမှ မဆိုင်ဘူး... မင်းကိစ္စ မဟုတ်ရင် ဝင်မပါနဲ့"
"ကျန်းချန်... မင်းက အဂ္ဂိရတ်ပညာရပ်မှာ အရမ်း အင်အားကြီးတယ်ဆိုတော့ သတ္တိရှိရင် ငါနဲ့ ယှဥ်ပြိုင်ရအောင်"
"ဒီပွဲအတွက် ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းကြေး လောင်းကြေးထပ်ကြမယ်"
ရှန်းလင်းဖုန်းက စူးရှသော မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"ဘယ်လိုလဲ... အလောင်းအစား လုပ်ဖို့ သတ္တိရှိလား"
သူက တိုက်ရိုက်တပည့် ကွမ်းချွမ်နှင့် ပူးပေါင်း၍ ကျန်းချန်ကို ရှင်းပစ်ရန် ဂိုဏ်း၏မစ်ရှစ်ကို အသုံးချခဲ့သည်။
သူတို့၏ အစီအစဥ်ကြောင့် ထိုက်ရှဂိုဏ်းမှ ကျန်းချန် ထွက်သွားရလိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်က သူ့ရှေ့တွင် အသက်ရှင်လျက် ပေါ်လာလိမ့်မည်ဟု ရှန်းလင်းဖုန်း မထင်ထားခဲ့ချေ။
ဤသည်ကို ကြည့်လျှင် ကျန်းချန်ကို ပစ်မှတ်ထားသည့် သူ၏ အစီအစဉ်က လုံးဝ ပျက်စီးသွားသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ကျန်းချန်ကို ကိုင်တွယ်ရန် အခြားသူကို အသုံးပြုရာ မအောင်မြင်ခဲ့သောကြောင့် ထိုကောင်လေးကို သူနှင့် ရင်ဆိုင်ရသည့် အကျိုးဆက်အား သိရှိစေရန် သူကိုယ်တိုင် သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်သည်။
"ဟားဟား"
"ငါက ပြိုင်ဆိုင်ရတာကို စိတ်မဝင်စားဘူး... ဒါပေမဲ့ မင်းက ငါငြင်းဆန်ဖို့ခက်တဲ့ လောင်းကြေးတစ်ခုကို ပေးခဲ့တယ်"
"မင်းက ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်း လောင်းကြေးထပ်မယ် ဆိုမှတော့ ငါ မလိုချင်ပေမဲ့လည်း လက်ခံရတော့မှာပေါ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
ထိုခဏတွင် သူသည် ချက်ချင်းဆိုသလို ရှန်းလင်းဖုန်း၏ အနားတွင် ပေါ်လာခဲ့ပြီး ချင်ကျူကို ပြောလိုက်၏။
"ခန်းမအကြီးအကဲချင်... ကျွန်တော့်အတွက် မေးခွန်းတစ်စုံပေးပါ"
"ကောင်းပြီ"
ချင်ကျူက ခပ်ယဲ့ယဲ ပြုံးလိုက်ပြီး လက်ထဲမှ အပို မေးခွန်းတစ်စုံကို ထုတ်ယူကာ ကျန်းချန်ဆီသို့ လက်ညိုးဖြင့် တောက်ထုတ်ကာ ပို့လိုက်သည်။
ကျန်းချန်က ပုစ္ဆာကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ့စိတ်ထဲတွင် စနစ်၏ သာယာသော အသိပေးချက်များသည် ဆက်တိုက်ဆိုသလို မြည်လာခဲ့၏။
"ဒင်... သင်က ဒွါရကိုးပေါက် နတ်စွမ်းအား ဆေးလုံးရဲ့ မပြည့်စုံတဲ့ ဆေးညွှန်းကို ကြည့်ခြင်းကနေ အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်... သင်က စတုတ္ထအဆင့် ဒွါရကိုးပေါက် နတ်စွမ်းအားဆေးလုံးကို အောင်မြင်စွာ နားလည်သွားပါပြီ"
"............"
"ဒင်... သင်က ရွှေရောင် အတားအဆီး ချိုးဖျက်ခြင်း ဆေးလုံးရဲ့ မပြည့်စုံတဲ့ ဆေးညွှန်းကို ကြည့်ခြင်းကနေ အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်း...သင်သည် သတ္တမအဆင့် ရွှေရောင်အတားအဆီး ချိုးဖျက်ခြင်း ဆေးလုံးကို အောင်မြင်စွာ နားလည်သွားပါပြီ"
ဤတစ်ကြိမ် အဂ္ဂိရတ်ခန်းမ၏ မပြည့်စုံသော ဆေးညွှန်း ပုစ္ဆာလေးပုဒ်ကို တစ်ချက်ကြည့်ရုံဖြင့် သူက နားလည်သွားခဲ့၏။
ထိုပုစ္ဆာလေးပုဒ်တွင် စတုတ္ထအဆင့်ကနေ သတ္တမအဆင့်အထိ မပြည့်စုံသောဆေးညွှန်း တစ်ခုစီ ပါဝင်၏။
ကျန်းချန်က တစ်ချက်ကြည့်လိုက်ရုံဖြင့် စနစ်မှတဆင့် မပြည့်စုံသော ဆေးညွှန်း လေးခုလုံးကို လုံးဝ နားလည်သွားခဲ့သည်။
"ကျန်းချန်...ငါက ဒီပုစ္ဆာတွေကို တစ်နာရီလောက် လေ့လာခဲ့ပြီးပြီ...တရားမျှတအောင် ငါ အခုကစပြီး မင်းကို တစ်နာရီ စောင့်ပေးမယ်...ပြီးမှပဲ ဆက်ယှဥ်ပြိုင်ကြတာပေါ့"
ဤအချိန်တွင် ရှန်းလင်းဖုန်း၏ အေးစက်စက် အသံသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာ၏။
ကျန်းချန် ရှန်းလင်းဖုန်းကို ထီမထင်သော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သည်။
သူ၏ မောက်မာသော အသံသည် လေထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။
"ဒီလောက်ထိ အလုပ်ရှုပ်ခံဖို့မလိုပါဘူး... မင်းကို ငါ အနိုင်ယူဖို့ ငါးမိနစ်ဆို လုံလောက်ပါပြီ"
အခန်း(၄၇၅) ပြီး၏