အခန်း (၄၇၆)
Vol. 32 Ch. 476
"မင်းကို ငါ အနိုင်ယူဖို့ ငါးမိနစ်ဆို လုံလောက်ပြီ"
ကျန်းချန်၏ အထက်စီးဆန်သော စကားလုံးများကို ကြားလျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အသက်ရှူပင် မှားသွားကြသည်။
"ဒီကောင် တော်တော် မိုက်မဲတာပဲ"
"အဂ္ဂိရတ်ခန်းမရဲ့ ပုစ္ဆာကို ငါးမိနစ်ထဲနဲ့ ဖြေရှင်းမယ်တဲ့လား... သူ့ရဲ့ မာနက ကောင်းကင်ထိတောင် ရောက်နေပြီဟ"
"ရှန်းလင်းဖုန်းက ပဉ္စမအဆင့် အဂ္ဂိရတ်သခင် အဆင့်အထိ ရောက်နေပြီ.. သူ့ရဲ့ အဂ္ဂိရတ်ပညာရပ်က ထိုက်ရှဂိုဏ်းရဲ့ လူငယ် အဂ္ဂိရတ်သခင်တွေထဲမှာ အတော်ဆုံးပဲ"
"ဒီကောင်က ရှန်းလင်းဖုန်း ရှေ့မှာ မောက်မာရဲတာ သူ့ကိုယ်သူ သေတွင်းတူးနေတာနဲ့ အတူတူပဲ"
"..........."
ကျန်းချန်၏ မောက်မာသည့် စကားလုံးများကြောင့် ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် ခဏလောက် စကားမပြောနိုင်ဖြစ်သွားရုံတင်မက လက်ထောက် ခန်းမအကြီးအကဲ ချင်ကျူပင် အလွန်အမင်း အံ့သြ တုန်လှုပ်သွားခဲ့၏။
ချင်ကျူသည် ခန်းမအကြီးအကဲ ထုတ်ထားသည့် ပုစ္ဆာနှင့် ပတ်သက်၍ အတော်လေး ရှင်းရှင်းလင်းလင်း သိထားသည်။
ဤပုစ္ဆာ လေးခုတွင် တစ်ခုစီသည်ပင် နားလည်ဖို့ အတော်လေး ခက်ခဲ၏။
အထူးသဖြင့် နောက်ဆုံး ပုစ္ဆာ နှစ်ခုသည် ဆဋ္ဌမအဆင့် နှင့် သတ္တမ အဆင့် အထိ ရောက်ရှိနေခြင်းပင်။
ဤကဲ့သို့ မပြည့်စုံသော ဆေးညွှန်းမျိုးကို သတ္တမအဆင့် အဂ္ဂိရတ်သခင်ပင် အလွယ်တကူ နားလည်နိုင်မည် မဟုတ်ချေ။
သူတို့ရှေ့မှ ကောင်လေးနှစ်ယောက်က နှစ်နာရီအတွင်း ပထမဆုံး ပုစ္ဆာနှစ်ပုဒ်ကို နားလည်လျှင်ပင် အတော်လေး ထူးခြားနေပြီ ဖြစ်၏။
"ဆေးညွှန်း အပြည့်အစုံကို နားလည်ဖို့ ငါးမိနစ်တဲ့လား... ဒါ မယုံနိုင်စရာပဲ"
"ဟားဟား"
"ကျန်းချန်... မင်း တကယ်ပဲ အရှက်မရှိ ကြွားလုံးထုတ်ရဲတယ်"
"မင်း ငါ့ကို ငါးမိနစ်အတွင်း ဘယ်လို အနိုင်ယူနိုင်မလဲ ဆိုတာ ငါ စောင့်ကြည့်မယ်"
ကျန်းချန်က သူ့ကို ငါးမိနစ်အတွင်း အနိုင်ယူမည်ဟု ရှန်းလင်းဖုန်း ကြားလျှင် မလှောင်ဘဲ မနေနိုင်တော့ပေ။
သူက ဤပုစ္ဆာလေးပုဒ်ကို တစ်နာရီမျှ အပြည့်အဝ လေ့လာခဲ့ပြီးမှသာ ပထမပုစ္ဆာ ဖြစ်သည့် စတုတ္ထအဆင့် မပြည့်စုံသောဆေးညွှန်းကို နားလည်ခဲ့၏။
ဆိုလိုသည်မှာ ကျန်းချန်က သူ့ကို အနိုင်ယူချင်လျှင် အနည်းဆုံး ပုစ္ဆာနှစ်ပုဒ်ကို နားလည်မှသာ ဖြစ်နိုင်ပေမည်။
ငါးမိနစ်အတွင်း စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် မပြည့်စုံသော ဆေးညွှန်းများကို နားလည်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
"မင်း မျက်လုံးတွေကို သေချာဖွင့်ပြီး ကြည့်ထား"
ကျန်းချန် အေးစက်စွာ ရေရွတ်လိုက်သည်။
ထို့နောက် သူက ချက်ချင်းပင် ပြီးပြည့်စုံသော ဆေးညွှန်းကို ဖော်ထုတ်ခဲ့သည်။
သူ၏ လှုပ်ရှားမှုများက တုံ့ဆိုင်းခြင်း မရှိဘဲ ချောမွေ့စွာ စီးဆင်းနေခဲ့၏။
ငါးမိနစ်အတွင်း သူ့ရှေ့မှ ဆေးညွှန်း၏ လိုအပ်သော ကွက်လပ် လေးခုလုံးကို သူက ဖြည့်လိုက်သည်။
"ငါ မျက်စိမှားတာများလား.. ဟိုကောင်လေးက အဂ္ဂိရတ်ခန်းမရဲ့ မေးခွန်းလေးခုလုံးကို ဖြေဆို ပြီးသွားပြီနဲ့ တူတယ်"
"ဒါ... ဒါက တော်တော် ကြောက်စရာကောင်းတာပဲ"
"..........."
ကျန်းချန်က အဂ္ဂိရတ်ခန်းမ၏ ပုစ္ဆာလေးပုဒ်လုံးကို တစ်ကြိမ်တည်းဖြင့် ပြီးစီးသွားသည်ကို မြင်လျှင် လူတိုင်း မှင်တက်သွားကြ၏။
"မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး"
ရှန်းလင်းဖုန်းက သူ့ရှေ့မှ မြင်ကွင်းကို မျက်မှောင်ကြုတ်၍ ကြည့်နေရင်း ပါးစပ်ကလည်း မယုံကြည်နိုင်သည့် ရေရွတ်သံများ ထွက်ပေါ်လာသည်။
ကျန်းချန်က ပတ်ဝန်းကျင်မှ အံ့သြ တုန်လှုပ်နေသည့် အကြည့်များကို လျစ်လျူရှုလိုက်၏။
သူက ပြီးပြည့်စုံသည့် ဆေးညွှန်းကို ချင်ကျူဆီ ကမ်းပေးလိုက်သည်။
"ခန်းမအကြီးအကဲ ချင်... ကျွန်တော် စောစောက မေးခွန်းကို ဖြေပြီးပြီ... စစ်ဆေး ကြည့်ပါဦး"
ချင်ကျူက ဆေးညွှန်းစာရွက်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်၏။
ကျန်းချန် ဖြည့်ထားသည့် ဆေးဖက်ဝင် ပစ္စည်းစာရင်းကို မြင်လိုက်သည့် အခါတွင် ဖုံးကွယ်၍ မရနိုင်သည့် အံ့သြ တုန်လှုပ်မှု တစ်ခုသည် သူ့မျက်လုံးထဲကနေ ချက်ချင်း ထွက်ပေါ်လာသည်။
ကျန်းချန်က တကယ်ပဲ ပုစ္ဆာလေးခုလုံးကို ဖြေဆိုနိုင်မည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။
ပို၍ အံ့သြဖို့ကောင်းသည်မှာ ကျန်းချန်၏ အဖြေသည် မူရင်းအဖြေထက်ပင် ပို၍ကောင်းမွန်နေခြင်း ဖြစ်သည်။
"မွန်းစတား... ဒါ တကယ့် မွန်းစတားပဲ"
အသက် နှစ်ဆယ်ပင် မပြည့်သေးသည့် ကောင်လေး တစ်ယောက်က ငါးမိနစ်အတွင်း မပြည့်စုံသည့် ဆေးညွှန်းလေးခုကို ဖြေရှင်းနိုင်ခဲ့သည်။
ထို့အပြင် ထိုပုစ္ဆာလေးပုဒ်ထဲ၌ သတ္တမအဆင့်အထိ ရောက်နေသည့် ပုစ္ဆာတစ်ပုဒ်ပါနေသေး၏။
ဤကောင်လေး၏ နတ်ဆိုးဆန်မှုကို ဖော်ပြရန် စကားလုံးပင် မရှိတော့ပေ။
အခန်း(၄၇၆) ပြီး၏