အခန်း (၄၇၈)
Vol. 32 Ch. 478
"ဟမ့်.. မင်း လေလုံးထွားထားဦးပေါ့"
ရှန်းလင်းဖုန်း ခနဲ့ကာ ပြောလိုက်သည်။
"ကျန်းချန် မင်း ထပ်ပြီး ကံကောင်းဦးမယ်လို့ ထင်နေတာလား"
"အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့တော့... ဒီတစ်ကြိမ် မင်း ဘယ်လိုယှဥ်ပြိုင်ချင်လဲ"
ကျန်းချန် စိတ်မရှည်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
"ငါတို့က ပဉ္စမအဆင့် အဂ္ဂိရတ်သခင်တွေ ဆိုတော့ ပဉ္စမအဆင့် ဆေးလုံးကိုပဲ တိုက်ရိုက် သန့်စင်ပြီး ပြိုင်ကြတာပေါ့"
ရှန်းလင်းဖုန်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွား၏။
ကျန်းချန်က သူ့လို ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်သော်လည်း သူက ပဉ္စမအဆင့် အဂ္ဂိရတ်သခင် အဆင့်ကို ကျန်းချန်ထက် စော၍ ရောက်ရှိခဲ့သည်။
ယနေ့တွင် သူသည် ပဉ္စမအဆင့် အလယ်အလတ် အဂ္ဂိရတ်သခင်ကိုပင် ယှဉ်နိုင်လောက်တဲ့ အင်အားရှိနေပေပြီ။
ပဥ္စမအဆင့် ဆေးလုံး သန့်စင်သည့် အဂ္ဂိရတ် အတွေ့အကြုံတွင် သူက ကျန်းချန်ထက် အများကြီး ပိုကြွယ်ဝ၏။
ရှန်းလင်းဖုန်းသည် ပဥ္ဧမအဆင့် ဆေးလုံးကိုသာ သန့်စင်ဖို့ ကြိုးစားလျှင် သူ့ရှေ့မှ ကျန်းချန်ကို အသာလေး အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။
"ကောင်းပြီလေ... ပဥ္စမ အဆင့် ဆေးလုံးကို သန့်စင်ဖို့ ကြိုးစားကြတာပေါ့"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘယ်ဆေးလုံး အမျိုးအစားကို သန့်စင်မလဲဆိုတာ မင်းပဲ ရွေးချယ်လိုက်ပါ.. ဒါမှ ရှုံးရင် ငြင်းစရာ မရှိတော့မှာ"
"ငါတို့ ပဥ္စမအဆင့် အခြေခံ ဆေးလုံး ဖြစ်တဲ့ ထျန်းယွမ်နင်ရှန်း ဆေးလုံးကို သန့်စင်ကြမယ်"
ကျန်းချန် သူ့ကို လုံးဝ အရေးမလုပ်သည်ကို မြင်လျှင် ရှန်းလင်းဖုန်း မျက်နှာပျက်သွားသည်။
သူ့ကို မထီမဲ့မြင် ပြုမူလျှင် မည်မျှအထိ ပေးဆပ်ရမည်ကို ကျန်းချန်အား သင်ခန်းစာ ပေးရပေမည်။
ထျန်းယွမ်နင်ရှန်းဆေးလုံး။
၎င်းသည် အသုံးများတဲ့ ပဥ္ဧမအဆင့် အခြေခံ ဆေးလုံး ဖြစ်၏။
ဤဆေးလုံးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အထွတ်အထိပ်ကို ရောက်နေသည့် ကျင့်ကြံသူများကို စွမ်းအင်စုစည်းနိုင်ရန် ကူညီပေးပြီး နယ်ပယ် ချိုးဖျက်ဖို့ အခွင့်အရေးကိုလည်း တိုးမြှင့်ပေးနိုင်သည်။
ထို့ကြောင့် ထျန်းယွမ်နင်ရှန်း ဆေးလုံးသည် ပဥ္စမအဆင့် အခြေခံ ဆေးလုံးဖြစ်သော်လည်း သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများ အတွက် အိပ်မက်ဆေးလုံးပင် ဖြစ်၏။
ပဉ္စမအဆင့် အဂ္ဂိရတ်သခင် အဆင့်ကို ရောက်ကတည်းက ရှန်းလင်းဖုန်းသည် ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တပည့်များ အတွက် ဆယ်ကြိမ်ထက် မနည်း ထျန်းယွမ်နင်ရှန်း ဆေးလုံးကို သန့်စင်ပေးခဲ့သည်။
ထျန်းယွမ်နင်ရှန်း ဆေးလုံးကို သန့်စင်ခြင်းသည် ရှန်းလင်းဖုန်း အကျွမ်းကျင်ဆုံး ဆေးလုံး ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
ထို့ကြောင့် ကျန်းချန်က သူ့ကို မထီမဲ့မြင်ပြုပြီး ဆေးလုံးကို ရွေးချယ်ရန် တိုက်ရိုက် ခွင့်ပြုလိုက်သည်နှင့် ရှန်းလင်းဖုန်းသည် ထျန်းယွမ်နင်ရှန်း ဆေးလုံးကို မဆိုင်းမတွ ရွေးချယ်လိုက်ခြင်းပင်။
ဤတစ်ကြိမ်တွင် သူသည် ကျန်းချန်ကို အနိုင်ရရန် သူ အားအသာဆုံး အချက်ကို ထုတ်သုံးရလိမ့်မည် မဟုတ်ပါလား။
"ထျန်းယွမ်နင်ရှန်း ဆေးလုံးကို သန့်စင်ဖို့လား.. ဒါပေမဲ့ ငါ့မှာ ထျန်းယွမ်နင်ရှန်း ဆေးလုံးကို သန့်စင်ဖို့ အတွက် ဆေးဖက်ဝင်ပစ္စည်းတွေ မရှိဘူး"
ကျန်းချန်က ရှန်းလင်းဖုန်းကို ပြောလိုက်သည်။
"မင်းမှာ အပိုရှိရင် ငါ့ကို တစ်စုံလောက်ပေးပါဦး"
"ဟားဟား... ပြိုင်ပွဲအတွက် ဆေးဖက်ဝင်ပစ္စည်းတွေကို ငါထောက်ပံ့ပေးပါ့မယ်"
ထိုအချိန်တွင် နံဘေးရှိ ချင်ကျူက ရုတ်တရက် ပြုံးလိုက်ပြီး ရှေ့ကို တစ်လှမ်း တိုးလိုက်သည်။
သူက လက်ဝါးကို တစ်ချက် လှုပ်ရှားလိုက်ပြီး သိုလှောင်အိတ်ထဲကနေ ဆေးဖက်ဝင်ပစ္စည်းများကို တိုက်ရိုက် ထုတ်ယူကာ ကျန်းချန်နဲ့ ရှန်းလင်းဖုန်းဆီ ဖြန့်ဝေပေးလိုက်၏။
"ဒီမှာ ထျန်းယွမ်နင်ရှန်း ဆေးလုံးအတွက် ဆေးဖက်ဝင်ပစ္စည်း ခြောက်စုံရှိတယ်...မင်းတို့ တစ်ယောက်ကို သုံးစုံစီ ယူလိုက်"
"မင်းတို့ ထျန်းယွမ်နင်ရှန်း ဆေးလုံးကို ဒီပစ္စည်းသုံးစုံနဲ့ သန့်စင်ပါ... ဆေးလုံးအများဆုံး သန့်စင်နိုင်တဲ့လူက အနိုင်ရမယ်"
"သန့်စင်ထားတဲ့ ဆေးလုံးအရေအတွက် တူရင် ကြာမြင့်ချိန် အပေါ် မူတည်ပြီး ဆုံးဖြတ်မယ်.. မင်းတို့တွေ သဘောတူလား"
ချင်ကျူက ကျန်းချန်နဲ့ ရှန်းလင်းဖုန်းကြားက ပြိုင်ဆိုင်မှုအတွက် ပျော်ရွှင်နေသည်။
ယခုလေးတင် ကျန်းချန်သည် ပုစ္ဆာလေးပုဒ်ကို ချက်ချင်းလက်ငင်း ဖြေဆိုနိုင်ခဲ့၏
ချင်ကျူကပင် ကျန်းချန်၏ အဂ္ဂိရတ်ပညာ မည်သည့် အဆင့်အထိ ရောက်နေသလဲဆိုသည်ကို သံသယဝင်နေပြီ ဖြစ်သည်။
အခုအခါ ရှန်းလင်းဖုန်းသည် ပဥ္စမအဆင့် ဆေးလုံးကို သန့်စင်ရန် ကျန်းချန်နှင့် ယှဉ်ပြိုင်တော့မည် ဖြစ်၏။
ချင်ကျူက ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ် မည်မျှ အစွမ်းထက်သည်ကို စောင့်ကြည့်ချင်ခဲ့သည်။
"ခန်းမအကြီးအကဲ ချင်ရဲ့ စည်းမျဉ်းတွေက တော်တော် မျှတပါတယ်.. ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"
ရှန်းလင်းဖုန်း မျက်ခုံးပင့်လိုက်သည်။
ထို့နောက် သူက ကျန်းချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကျန်းချန်... မင်း ဘယ်လိုထင်လဲ"
"မင်းတောင် ဘာမှ ပြောစရာမရှိမှတော့ ငါက ဘာပြောရဦးမှာလဲ"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
"မင်းနဲ့ အဓိပ္ပါယ် မရှိတာတွေ ပြောနေဖို့ ငါ့မှာ အချိန်မရှိဘူး.. ပြိုင်ပွဲကို အခုပဲ စလိုက်ကြရအောင်"
အခန်း(၄၇၈) ပြီး၏