အခန်း (၄၇၉)
Vol. 32 Ch. 479
"ဟမ့်.. ဒီတစ်ကြိမ်တော့ အရှုံးအတွက် ပြင်ဆင်ထားလိုက်တော့"
ရှန်းလင်းဖုန်း အေးစက်စက် ပြောလိုက်သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ သူ၏ ရှေ့တွင် အနီရောင်အလင်းများ တောက်ပနေသော ဆေးမီးဖိုတစ်လုံး ပေါ်လာသည်။
ယင်းမှာ စိတ်ဝိညာဥ် ဆေးမီးဖို ဖြစ်သည်။
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ ဆေးမီးဖိုကို ချက်ချင်း ထုတ်ယူလိုက်၏။
ရှန်းလင်းဖုန်းက သာမန်အဆင့် ဆေးမီးဖိုကို အသုံးပြုရန် ပြင်ဆင်နေသော ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်သည်။
"ကျန်းချန်... မင်းက ဒီပျက်စီးနေတဲ့ ဆေးမီးဖိုကို အသုံးပြုပြီး ငါနဲ့ ယှဉ်ပြိုင်ချင်တာလား"
ပတ်ဝန်းကျင်မှ လူများကလည်း ကျန်းချန်၏ ရွေးချယ်မှုကြောင့် အံ့အားသင့်သွားကြသည်။
အကြောင်းမှာ ရှန်းလင်းဖုန်း၏ စိတ်ဝိညာဥ် ဆေးမီးဖိုသည် ဆေးလုံးသန့်စင်နှုန်းနှင့် ဆေးလုံးတည်ဆောက်နှုန်းကို ၃၀% ထိ တိုးမြှင့်ပေးနိုင်သောကြောင့်ဖြစ်ပြီး သာမန်ဆေးမီးဖိုနှင့် ယှဉ်လျှင် အကျိုးသက်ရောက်မှု အလွန် ကွာခြားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က ပဥ္စမ အဆင့် အဂ္ဂိရတ်သခင် ဖြစ်နေပါစေ၊ ထျန်းယွမ်နင်ရှန်း ဆေးလုံးကို သန့်စင်သည့် အခါ သာမန်ဆေးမီးဖိုကို သုံးလျှင် ရှန်းလင်းဖုန်းကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။
သို့သော် ကျန်းချန်က ပတ်ဝန်းကျင်၏ အသံများကို ဂရုစိုက်မနေဘဲ ရှန်းလင်းဖုန်းကို ပေါ့ပေါ့တန်တန် ကြည့်ကာ မေးလိုက်သည်။
"ငါ ဒီဆေးမီးဖိုကိုပဲ သုံးမယ်... မင်းအဆင်ပြေတယ် မဟုတ်လား"
"ကျန်းချန်... မင်းမှာ စိတ်ဝိညာဥ် ဆေးမီးဖို မရှိရင် ခန်းမအကြီးအကဲချင်ဆီကနေ ငှားရမ်းဖို့ ငါ အကြံပေးချင်တယ်.. သာမန်ဆေးမီးဖိုနဲ့ စိတ်ဝိညာဥ် ဆေးမီးဖိုရဲ့ ကွာခြားမှုကို မင်း ကောင်းကောင်း သိမှာပါ..ဆေးလုံး သန့်စင်ဖို့အတွက် ဒီလိုသာမန် ဆေးမီးဖိုကို သုံးရင် ပြိုင်ပွဲမှာ ရှုံးဖို့ပဲ ရှိတယ်"
ရှန်းလင်းဖုန်းက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
ထိုအခိုက်တွင် ချင်ကျူက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ လက်ထဲတွင် အနက်ရောင်အလင်းတန်းများ စီးဆင်းနေသော ဆေးမီးဖိုတစ်ခု ပေါ်လာခဲ့၏။
"ကျန်းချန်...မင်း ငါ့ဆေးမီးဖိုကို သုံးလို့ရတယ်"
ကျန်းချန်က ညင်သာစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခန်းမအကြီးအကဲချင်... ဒါပေမဲ့ ကျွန်တော် ဒီဆေးဖိုကို အသုံးပြုရတာ အသားကျနေပါပြီ.. ဆေးမီးဖို ပြောင်းသုံးစရာ မလိုအပ်ပါဘူး"
ထို့နောက် သူက ရှန်းလင်းဖုန်း ဘက်သို့ လှည့်ကာ မောက်မာစွာ ပြောလိုက်၏။
"ရှန်းလင်းဖုန်း... ဒီတစ်ကြိမ်လည်း မင်း သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်.. မင်းမှာ စိတ်ဝိညာဥ် ဆေးမီးဖို ရှိတော့ရော ဘာဖြစ်လဲ.. မင်းနဲ့ ငါ့ကြားက ကွာခြားမှုကို စိတ်ဝိညာဥ် ဆေးမီးဖိုတစ်ခုလောက်နဲ့ ဘယ်လိုမှ ဖာထေးလို့ မရဘူး"
ကျန်းချန်၏ စကားကြောင့် ရှန်းလင်းဖုန်း၏ မျက်နှာသည် အလွန်ပင် အကျည်းတန်သွားခဲ့သည်။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"ကျန်းချန်... မင်း တကယ်ပဲ မောက်မာလွန်းတယ် ဒါပေမဲ့ မကြာခင် မင်းရဲ့ မောက်မာမှုအတွက် နောင်တရလိမ့်မယ်"
စကားဆုံးသည်နှင့် ရှန်းလင်းဖုန်းက ချင်ကျူကို တိုက်ရိုက် ကြည့်ပြီး တောင်းဆိုလိုက်၏။
"ခန်းမအကြီးအကဲ ချင်... ဒီပြိုင်ပွဲအတွက် တရားသူကြီး လုပ်ပေးပါ"
ချင်ကျူက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်ပြီး ပြိုင်ပွဲစရန် အမိန့်ပေးလိုက်သည်။
ချင်ကျူရဲ့ အမိန့်ပေးသံ ဆုံးသည်နှင့် နှစ်ယောက်စလုံးသည် တစ်ပြိုင်နက်တည်း ဆေးမီးဖိုကို စတင်အပူပေးကာ အဂ္ဂိရတ်လုပ်ငန်းစဥ်ကို စတင်လိုက်ကြ၏။
မိနစ်အနည်းငယ်အတွင်း ကျန်းချန်သည် ဆေးမီးဖို အပူပေးသည့် အဆင့်ကို ကျွမ်းကျင်စွာ ပြီးစီးသွားခဲ့သည်။
ထို့အတူ ရှန်းလင်းဖုန်းသည်လည်း စိတ်ဝိညာဥ် ဆေးမဖိုကို အသုံးပြုထားသောကြောင့် အမြန်နှုန်း ၃၀% တိုးမြှင့်သွားပြီး ကျန်းချန်၏ အမြန်နှုန်းနှင့် တူညီသွားခဲ့သည်။
နှစ်ယောက်စလုံး ပထမအဆင့် ပြီးသည်နှင့် ဆေးဖက်ဝင်ပစ္စည်းများကို ဆေးမီးဖိုထဲ ထည့်ရန် စတင်လိုက်ကြ၏။
သို့သော် ဤအဆင့်တွင် သူတို့၏ လုပ်ဆောင်ပုံများသည် လုံးဝ ကွဲပြားနေခဲ့သည်။
ရှန်းလင်းဖုန်းက ပုံမှန် လုပ်ထုံးလုပ်နည်း အတိုင်း ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးစီကို မီးဖိုထဲသို့ ထည့်သော်လည်း ကျန်းချန်ကမူ ထျန်းယွမ်နင်ရှန်း ဆေးလုံးအတွက် လိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်း အားလုံးကို ဆေးဖိုထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်သည်။
အခန်း(၄၇၉) ပြီး၏