အခန်း (၄၇၃)
Vol. 32 Ch. 473
"သေစမ်း"
ကွမ်းချွမ်က သဘောတူထားသည့်အတိုင်း တိုက်ကွက်ဆယ်ကွက် ပြည့်သွားသည်ကို ဂရုမစိုက်ဘဲ နောက်ထပ် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲ၌ ဒေါသထွက်သော အရိပ်အယောင်တစ်ခုသည် ထိန်းမနိုင်သိမ်းမရ လင်းလက်သွားခဲ့၏။
သူက အင်အားအကုန်သုံး၍ ရင်ဆိုင်ရန် ပြင်ဆင်နေစဉ် သူ့ဘေးမှ အကြီးအကဲက လှုပ်ရှားလာခဲ့သည်။
အကြီးအကဲက သူ၏လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်နှင့် မမြင်နိုင်သော အင်အားတစ်ခုသည် ကွမ်းချွမ်၏ ရေခဲဆန္ဒကို ချက်ချင်း ပျောက်ကွယ်သွားစေခဲ့၏။
"ကွမ်းချွမ် တော်တော့... ဒီလောက်ဆို မင်း အရှက်ရတာ မလုံလောက်သေးလို့လား"
အကြီးအကဲ၏ အေးစက်စက် အသံကြောင့် ကွမ်းချွမ်၏ မခံမရပ်နိုင်ဖြစ်နေသော စိတ်သည် ကြယ်ပျောက်ဌက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။
အကြီးအကဲ၏ ဒေါသတကြီး အော်ငေါက်သံကို ကြားလျှင် ကွမ်းချွမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့၏။
ကွမ်းချွမ်သည် သူ့ဆရာ၏ အမိန့်ကို ချိုးဖောက်ရန် မဝံ့ရဲပေ။
သူက ခါးသီးသော မျက်နှာဖြင့် ကျန်းချန်ကို တစ်ချက်ကြည့်ကာ အကြီးအကဲ၏ နောက်သို့ ပြန်သွားလိုက်သည်။
"ကျန်းချန်.. မင်းရဲ့ အင်အားက မစ်ရှင်ကို လက်ခံတဲ့အဖွဲ့ထဲမှာ အင်အားအကြီးဆုံးပဲ"
"မင်း ဒီတစ်ခေါက် သွေးတိမ်တိုက်အရှင်သခင်ရဲ့ သဲလွန်စကို ရှာတွေ့ခဲ့တာကြောင့် မစ်ရှင်ရဲ့ ခက်ခဲမှုကို အဆင့်ကိုးအထိ တိုးမြှင့်ပေးလိုက်မယ်.. ဆုလာဘ်တွေကိုလည်း အဆင့်ကိုး ဆုလဒ် အတိုင်း ခွဲဝေပေးမယ်"
ကျန်းချန်၏ အင်အားကို အတည်ပြုပြီးနောက်တွင် အကြီးအကဲသည် ရလဒ်ကို တိုက်ရိုက် ကြေညာလိုက်သည်။
"ကျေးဇူးတင်ပါတယ်... အကြီးအကဲ"
ကျန်းချန်သည် မာနထောင်လွှားခြင်း မရှိဘဲ ရိုသေစွာ ဂါရဝပြုလိုက်သည်။
နံဘေးရှိ လင်းထျန်းကျုံး၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ယှက်သန်းနေသည်။
သူတို့၏ မစ်ရှင်က အဆင့်ကိုးအထိ မြှင့်တင်ခံလိုက်ရ၏။
ထို့ကြောင့် သူတို့၏ ဆုလာဘ်များသည် အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံး တစ်ရာနှင့် ဂုဏ်ကျက်သရေ အမှတ် နှစ်သောင်းမှ အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံး တစ်ထောင်နှင့် ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းအထိ တိုးမြင့်လာမည် ဖြစ်သည်။
ယခု မစ်ရှင် ထမ်းဆောင်သော အဖွဲ့၌ သူနှင့် ကျန်းချန်သာ ဆုလာဘ်များကို မျှဝေရန် ကျန်ရှိတော့သည်။
ဤမျှ များပြားသော မှော်စွမ်းအင်ကျောက်တုံးနှင့် ဂုဏ်ကျက်သရေ အမှတ်များဖြင့် ဆိုလျှင် သူသည် သူ၏ အင်အားကို တိုးတက်စေရန် အရင်းအမြစ်များစွာ ရရှိနိုင်ပေလိမ့်မည်။
ဤအခြေအနေအတိုင်းဆို သူသည် ဂိုဏ်းထဲတွင် နေရာတစ်ခု ရရှိနိုင်မည် ဖြစ်သည်။
"ကောင်လေး... ကြိုးစားပြီး လေ့ကျင့်ထား"
"နောက်ခြောက်လဆို ကောင်းကင်စာရင်းအတွက် ပြိုင်ပွဲစပြီ...အဲဒီအချိန်ကျရင် မင်းနာမည် ကောင်းကင်စာရင်းမှာ ပါဝင်ဖို့ ငါ မျှော်လင့်တယ်"
အကြီးအကဲက ကျန်းချန်ကို ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကွမ်းချွမ်နှင့်အတူ ကျန်းချန်ရှေ့မှ ပျောက်ကွယ်သွားခဲ့၏။
"ကောင်းကင် စာရင်းအတွက် တိုက်ပွဲလား"
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။
သူက ထိုက်ရှဂိုဏ်း၏ အတွင်းစည်းရှိ ကောင်းကင် စာရင်းနှင့် ပတ်သက်သည့် တိုက်ပွဲအကြောင်းကို အနည်းငယ် သိရှိထားသည်။
ထိုက်ရှဂိုဏ်းတွင် ကောင်းကင်စာရင်း တိုက်ပွဲကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။
ကောင်းကင်စာရင်း တိုက်ပွဲကို အနိုင်ရပြီး ကောင်းကင်စာရင်းဝင် ဖြစ်လာသည်နှင့် သင်သည် ကောင်းကင်စာရင်းဝင် တပည့်တစ်ဦးအဖြစ် သတ်မှတ်ခံရမည် ဖြစ်၏။
ကောင်းကင်စာရင်း၌ တပည့် နှစ်ဆယ် ရှိသည်။
ထိုတပည့်နှစ်ဆယ်သည်လည်း ထိုက်ရှဂိုဏ်း၏ အတောက်ပဆုံး ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြ၏။
ကောင်းကင်စာရင်းဝင် တပည့်တစ်ဦးဖြစ်လာသည်နှင့် သင်သည် ထိုက်ရှဂိုဏ်းတွင် အခွင့်အရေးများစွာ ခံစားရလိမ့်မည် ဖြစ်သည်။
ဟုတ်ပါသည်... ဤသည်က ဒုတိယ အရေးကြီးဆုံး အရာဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ထိုက်ရှဂိုဏ်း၏ ကောင်းကင်စာရင်းတိုက်ပွဲသည် မြောက်ပိုင်းတောရိုင်းဒေသရှိ ကျန်နှစ်ဂိုဏ်းနှင့် ယှဉ်ပြိုင်ရန်အတွက်ပါ အရေးပါခြင်းပင်။
ကောင်းကင်စာရင်းဝင် တပည့်တစ်ဦး ဖြစ်လာခြင်းသည် မြောက်ပိုင်းတောရိုင်း ဒေသရှိ ပါရမီရှင် အများအပြားနှင့် တိုက်ပွဲဝင်ရန် အရည်အချင်း ပြည့်မီစေသည်။
"ခြောက်လအတွင်း ကျင်းပမဲ့ ကောင်းကင်စာရင်း တိုက်ပွဲမှာ ကောင်းကင်စာရင်းဝင် တပည့်တစ်ယောက်ရဲ့ နေရာကို ငါရအောင် ယူရမယ်"
ကျန်းချန်၏ မျက်လုံးများက တောက်ပလာသည်။
ကောင်းကင်စာရင်း၌ တပည့် စုစုပေါင်း နှစ်ဆယ် ရှိ၏။
တိုက်ရိုက် တပည့် ငါးယောက်ကို ဖယ်ထုတ်ထားလျှင် နေရာ ၁၅ ခုသာ ကျန်ရှိတော့၏။
ဤနေရာ ၁၅ ခုသည် အခြေခံအားဖြင့် အတွင်းစည်းရှိ ထိပ်ဆုံး လူ၂၀ သာ ရရှိလေ့ရှိသည်။
ဤလူများသည် အခြေခံအားဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်ကိုးကို ရောက်ရှိနေသော ပါရမီရှင်များ ဖြစ်ကြ၏။
သူ၏ လက်ရှိအင်အားဖြင့် ကွမ်းချွမ်ကို အနိုင်ယူနိုင်ခဲ့ခြင်းသည် အတော်လေး ကံကောင်းခြင်းပင် ဖြစ်သည်။
အတွင်းစည်းရှိ ထိပ်တန်းပါရမီရှင် အယောက် ၂၀ ကို ရင်ဆိုင်ရာတွင် အကောင်းဆုံး ကြိုးစားအားထုတ်လျှင်ပင် အနိုင်ရရန် အခွင့်အရေး နည်းပါးသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ကောင်းကင် စာရင်းအတွက် တိုက်ပွဲသည် နောက်၆လမှသာ စတင်မည်ဖြစ်၏။
အဆတစ်ရာစနစ်နှင့် ထိုက်ရှဂိုဏ်း၏ အရင်းအမြစ်များစွာဖြင့် ဆိုလျှင် ကျန်းချန်သည် ပြိုင်ပွဲမစခင် သူ၏ အင်အားကို အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ တိုးမြှင့်နိုင်ပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့်ငါးယောက်ကို ရင်ဆိုင်ရန်ပင် ယုံကြည်မှု အပြည့် ရှိနေမည်မှာ သေချာ၏။
အခန်း(၄၇၃) ပြီး၏