အခန်း (၄၇၄)
Vol. 32 Ch. 474
အကြီးအကဲ ထွက်သွားပြီးနောက် ကျန်းချန်သည် မစ်ရှင်ဆုလာဘ်ကို ရယူကာ မရေမတွက်နိုင်သည့် တုန်လှုပ်ချောက်ချားဖွယ် အကြည့်များ အောက်မှာပင် ခန်းမထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
မစ်ရှင်ခန်းမထဲမှ ထွက်လာခဲ့ပြီးနောက်တွင် ကျန်းချန်သည် ထိုက်ရှနတ်မျှော်စင်ရှိ သူ၏ အခန်းသို့ ပြန်မသွားဘဲ ထိုက်ရှဂိုဏ်း၏ အဂ္ဂိရတ်ခန်းမသို့ သွားရောက်ခဲ့၏။
သူက သူ၏ ကျင့်ကြံမှုကို အလျင်အမြန် မြှင့်တင်ရန်အတွက် အဆင့်မြင့် ဆေးလုံးအချို့ ဖော်စပ်ရန် လိုအပ်သည့် ဆေးဝါးများအတွက် အဂ္ဂိရတ်ခန်းမသို့ သွားရန် စီစဉ်ထားသည်။
ထို့အပြင် ကျန်းချန်သည် ဓားဆန္ဒ ဆေးလုံးအတွက် လိုအပ်သော ပစ္စည်းအချို့ကိုပါ လဲလှယ်ရန် ရည်ရွယ်ထားခဲ့သည်။
မဟာရှားနိုင်ငံတွင် ရှိစဉ်က ကျန်းချန်သည် ထိုဆေးလုံး၏ အဓိက ဆေးနှစ်မျိုးကို ရရှိခဲ့ပြီးပြီ ဖြစ်သည်။
မဟာရှားနိုင်ငံမှ ထွက်လာကတည်းကပင် ကျန်းချန်သည် ဓားဆန္ဒ ဆေးလုံးကို သန့်စင်ရန် အခွင့်ကောင်း မရခဲ့ပေ။
ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် ခြောက်လအကြာတွင် စတင်မည့် ကောင်းကင်စာရင်း တိုက်ပွဲအတွက် ဓားဆန္ဒ ဆေးလုံးကို သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။
သူက သူ၏ ဓားဆန္ဒ ဒုတိယ အဆင့်ကို တိုးမြှင့်ရန် ဓားဆန္ဒဆေးလုံးကို အသုံးပြုလိုခဲ့၏။
အကယ်၍သာ ဓားဆန္ဒကို တတိယအဆင့်အထိ မြှင့်တင်နိုင်ခဲ့လျှင် ဓားဆန္ဒကို အားကိုးခြင်းဖြင့် မည်သည့် သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူကိုမဆို ယှဉ်နိုင်မည်ဟု သူ ယုံကြည်မှုရှိသည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် ကျန်းချန်သည် အဂ္ဂိရတ်ခန်းမ၏ အဝင်ဝသို့ ရောက်လာခဲ့၏။
ထိုအခါ အဝင်ဝနေရာသည် အလွန် သက်ဝင်လှုပ်ရှားနေသည်ကို သတိပြုမိခဲ့သည်။
ခန်းမ အဝင်ဝရှိ ရင်ပြင်တွင် ဤအချိန်၌ လူတစ်ရာကျော် စုရုံးနေသည်ကို သူတွေ့လိုက်ရသည်။
ထိုလူအုပ်အလယ်တွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့ဖူးသော အဂ္ဂိရတ်ခန်းမ၏ လက်ထောက် ခန်းမအကြီးအကဲ ချန်ကျူသည် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
သူ၏ ရှေ့တွင် လူငယ် အများအပြားသည် တင်ပျဉ်ခွေ၍ ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာကို အလွန် ခက်ခဲစွာ စဉ်းစားနေပုံရသည်။
ထင်ရှားသည်မှာ ထိုလူငယ်များသည် အနည်းဆုံး စတုတ္ထအဆင့်နှင့် ထိုအဆင့် အထက်ရှိ အဂ္ဂိရတ်သခင်များ ဖြစ်နေခြင်းပင်။
ထိုလူငယ် အဂ္ဂိရတ်သခင်များကြားတွင် ကျန်းချန်သည် ရင်းနှီးသော လူတစ်ဦးကိုပါ တွေ့လိုက်ရသည်။
ထိုလူသည် တခြားသူမဟုတ်ဘဲ ထိုက်ရှဂိုဏ်း၏ အတွင်းစည်းရှိ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင်အဖြစ် လူသိများသော ရှန်းလင်းဖုန်း ဖြစ်၏။
"ဒီတစ်ခေါက် အဂ္ဂိရတ်ခန်းမက ထုတ်တဲ့ ပုစ္ဆာကို တစ်ယောက်ယောက် ဖြေနိုင်မယ်လို့ မင်းထင်လား"
"ဒီတစ်ခေါက် ပုစ္ဆာကို ခန်းမအကြီးအကဲ ကိုယ်တိုင် ထုတ်ခဲ့တယ်လို့ ပြောသံကြားတယ်...မင်း ဖြေရှင်းနိုင်ရင် သူရဲ့ တပည့်တောင် ဖြစ်လာနိုင်တယ်"
"ဒါက ဘယ်သူမဆို ဖြေနိုင်တာနဲ့ ကောင်းကင်ကို ခြေတစ်လှမ်းတည်းနဲ့ တက်လှမ်းနိုင်မဲ့ အခွင့်အရေးပဲ"
".............."
ကျန်းချန်က သူ၏ ရှေ့မှ အခြေအနေကို ကြည့်နေစဉ် ရင်ပြင်ထဲမှ စကားသံ တစ်သံသည် သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
"ကြည့်ရတာ အဂ္ဂိရတ် ခန်းမအကြီးအကဲက အဂ္ဂိရတ်သခင်တွေကို စာမေးပွဲစစ်နေတာပဲ ဖြစ်ရမယ်"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ရင်ပြင်ကို ဖြတ်ကာ ခန်းမအဝင်ဝဆီသို့ လျှောက်သွားရန် ပြင်လိုက်သည်။
"ကျန်းချန်"
သို့သော် ကျန်းချန် ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသည်။
အသံတစ်သံက သူ့ကို လှမ်းခေါ်လိုက်၍ သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။
ကျန်းချန်က ခေါင်းလှည့်၍ ကြည့်လိုက်ရာ ချင်ကျူက သူ့ဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ကျန်းချန်... ဒီနေ့က ငါတို့ ခန်းမသခင် ကိုယ်တိုင် စမ်းသပ်တဲ့နေ့ပဲ"
"မင်းသာ ဒီပုစ္ဆာတွေကို ဖြေရှင်းနိုင်ရင် ခန်းမက ရက်ရက်ရောရော ဆုချရုံတင် မကဘူး... ခန်းမအကြီးအကဲရဲ့ တပည့်တောင် ဖြစ်လာနိုင်သေးတယ်"
"မင်း စမ်းကြည့်ဖို့ စိတ်ဝင်စားလား"
ချင်ကျူက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကျန်းချန်ကို တိုက်ရိုက် ပြုံးပြကာ ပြောလိုက်သည်။
ချင်ကျူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ပတ်ပတ်လည်မှ စောင့်ကြည့်နေသူများနှင့် အကဲဖြတ်မှုကို ခံယူနေသော လူငယ် အဂ္ဂိရတ်သခင်များ၏ မျက်လုံးများသည် ကျန်းချန်ဆီသို့ စုပြုံ၍ ရောက်ရှိလာကြ၏။
"ဒီကောင်လေး ဘယ်သူလဲ... တော်တော် ထူးဆန်းပါလား"
"အဂ္ဂိရတ်ခန်းမရဲ့ လက်ထောက် ခန်းမအကြီးအကဲ ချင်ကျူကိုယ်တိုင် ဒီကောင်လေးကို အကဲဖြတ်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်နေတာတဲ့လား"
"ဒီကောင်လေးက ဘယ်လောက်တောင် ထူးချွန်လို့ အကြီးအကဲ ချင်ကျူက ဒီလောက်ထိ မျက်နှာသာပေးနေတာလဲ မသိဘူး"
"တောင်းပန်ပါတယ် ခန်းမအကြီးအကဲချင်... ကျွန်တော် ပါဝင်ဖို့ စိတ်မဝင်စားဘူး"
ကျန်းချန်သည် ချင်ကျူကို ရိုကျိုးစွာ ပြုံးပြလိုက်၏။
ထို့နောက်တွင် သူသည် အဂ္ဂိရတ်ခန်းမ၏ တံခါးဆီသို့ လျှောက်သွားခဲ့သည်။
အခန်း(၄၇၄) ပြီး၏