← Chapters

အဆိပ်ကဝေ (၅)

Vol. 2 Ch. 89

အဆိပ်ကဝေ (၅)

Vol. 2 Ch. 89

“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ...”

မာရီယာက မှော်နှင်တံကို ဝေ့ယမ်းပြီးတော့ လေပေါ်မှာ မျောလွင့်နေတဲ့ နာတာရှာကို အဆိပ်တစ္ဆေတွေနဲ့စတင်ပြီး တိုက်ခိုက်တယ်။ ဒါပေမဲ့ နာတာရှာက သူ့ကို အကြင်နာမဲ့ မျက်လုံးတွေနဲ့ကြည့်နေရင်း လက်ကိုသာသာလေးပဲ ဝေ့ယမ်းလိုက်ပါတယ်။

လေပြင်းဓားချက်တွေက အဆိပ်တစ္ဆေတွေကို တစ်စစီ ဖြစ်သွားစေခဲ့တယ်။ မာရီယာလည်း ဆောက်တည်ရာ မရတော့ဘဲ ဆေးပုလင်းတစ်လုံးကိုထုတ်ပြီး နာတာရှာဆီ တည့်တည့်ပစ်လိုက်တယ်။ ရိုမြူလက်ချက်ကျောင်းက ဘုန်းတော်ကြီးကို အရည်ပျော်သွားစေခဲ့တဲ့ ဆေးပုလင်းနဲ့ အမျိုးအစားအတူတူပါပဲ။

ဆေးပုလင်းက နာတာရှာရဲ့ကိုယ်နဲ့တိုက်မိသွားပြီး ချက်ချင်း ခန္ဓာကိုယ်ကနေ အငွေ့တွေထွက်လာတယ်။

“ဟားဟားဟား... ငါ့ရဲ့အသားစားအဆိပ်ကို အယ်ဒါတွေတောင်မှ မခုခံနိုင်ဘူး။ နင်က ဖုတ်ကောင် ဖြစ်သွားရင်တောင်မှ ဒီဆေးကြောင့်အရည်ပျော်သွားမှာပဲ သေလိုက်တော့...”

ဖာရီယာက ရူးသွပ်နေသူတစ်ယောက်လိုမျိုး အော်ဟစ်ပေမဲ့ တကယ့်တကယ်တမ်းသက်ရောက်မှုကတော့ သူထင်ထား ခဲ့သလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ ဆေးရည်က နာတာရှာရဲ့ ကိုယ်ပေါ်မှာဝတ်ထားတဲ့ အရာရှိယူနီဖောင်းကို တိုက်စား သွားခဲ့တယ်ဆိုပေမဲ့ ခန္ဓာကိုယ်ကိုတော့ ဘာမှမထိခိုက်ဘူး။

“နင်က ဘယ်လိုလုပ်ပြီးတော့ အထိအခိုက်မရှိ ရပ်နေ နိုင်တာလဲ။ နင်တို့တွေ သူ့ကိုတိုက်ကြစမ်း။”

မာရီယာက ပိုမိုကြောက်ရွံလာပြီးတော့ ဘဏ္ဍာစိုး ခြောက်ယောက်ကို အမိန့်ပေးလိုက်တယ်။ ဘဏ္ဍာစိုး ခြောက်ယောက်က ဓာတ်သဘာဝခြောက်မျိုးဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေ၊ အလင်း၊ အမှောင် စတာတွေကို တစ်ပြိုင်နက် ထုတ်ပြီး နာတာရှာကိုပစ်ခတ်ပေမဲ့ နာတာရှာကတောင်ပံ နက်တွေကို လှုပ်ရှားလိုက်တာနဲ့တင် ဘဏ္ဍာစိုးခြောက်ဦး လက်ထဲက မှော်နှင်တံတွေ အပိုင်းပိုင်းပြတ်ထွက်ကုန်တယ်။

“ပြေးကြ... ပြေးကြ..” သူတို့ထဲက တစ်ယောက်က သွေးပျက်ပြီး ထအော်လိုက်တယ်။ ကျန်တဲ့သူတွေလည်း သူတို့သခင်မ မာရီယာကို စွန့်ခွာပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ နာတာရှာက လက်ကိုဆန့်တန်းလိုက်ပြီး...

“ဘယ်သူက နင်တို့ကို လွှတ်ပေးမယ်လို့ ပြောလို့လဲ။”

အသည်းထဲအထိစိမ့်တက်သွားစေနိုင်တဲ့ အတက်အကျမဲ့ လေသံနဲ့အတူ ဘဏ္ဍာစိုးခြောက်ယောက်ရဲ့ခေါင်းတွေက သူတို့လည်တိုင်ကနေ ကျွတ်ထွက်သွားတယ်။ မာရီယာက ကြောက်လွန်းလို့ သူ့လက်သည်းတွေကိုသူ ​ပါးစပ်နဲ့ ပြန်ကိုက်နေပြီးတော့ နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားလိုက်တယ်။

“မဖြစ်နိုင်တာ... နင်က အဆိပ်နဲ့သေသွားပြီး ပြန်ထလာတော့ အဆိပ်ပြီးသွားတာလား။”

နာတာရှာက မာရီယာကို ရွံမုန်းတဲ့အကြည့်နဲ့ ကြည့်တယ်။ အဲဒီနောက် မှော်နှင်တံကို ပြန်သိမ်းထားလိုက်ပြီး နက်ဆန်ကို ကြည့်လိုက်ပါတယ်။

“သခင်၊ ကျွန်မကို အဲဒီဂီတသေတ္တာ ငှားပေးနိုင်မလား။”

နက်ဆန်က ခေါင်းညိတ်ပြီး ဂီတီသေတ္တာကို ပစ်ပေးတယ်။ နာတာရှာက ဂီတသေတ္တာကို လက်ထဲမှာကိုင်ပြီးပြီးချင်းမှာပဲ မျက်နှာပြင်ကိုဖိနှိပ်လိုက်ပြီး

“အသွင်ပြောင်းစမ်း...” လို့ ရေရွတ်လိုက်တယ်။

ဂီတသေတ္တာရဲ့မျက်နှာပြင်က အက်ကွဲသွားပြီး အနက်ရောင် အရည်တွေအဖြစ်ပြောင်းလဲသွားကာ ခရမ်းဖျော့ရောင် သန်းနေတဲ့ ဆေဘာဓားတစ်လက်အဖြစ် ပြောင်းလဲ သွားပါတော့တယ်။

“တ... တခြားဝိညာဥ်တစ်ကောင်ကို လက်နက်အဖြစ် ပြောင်းလိုက်တယ်။” မာရီယာက ဖင်ထိုင်လျက် လဲကျသွားတယ်။ သူတတ်မြောက်ထားတဲ့ အဆိပ်မှော်က အသုံးမဝင်တော့တဲ့နောက်မှာ ပြေးလမ်းမရှိတော့မှန်း နားလည်လိုက်တယ်။ အခုသူလုပ်နိုင်တာဆိုလို့ သေမယ့် အချိန်ကို ထိုင်စောင့်နေတာတစ်ခုပဲ ရှိပါတော့တယ်။

နာတာရှာက ဓားကိုတစ်ချက်ဝေ့ယမ်းလိုက်တယ်။ မာရီယာရဲ့ ညာဘက်လက်က ပခုံးရင်းကနေပြီး.ပြုတ်ထွက်ကာ သွေးတွေအများကြီး ပန်းထွက်လာတယ်။

မာရီယာက ငယ်သံပါအောင်အော်ဟစ်လိုက်တော့ နာတာရှာက မျက်မှောင်ကြုတ်လိုက်ပြီး လည်ပင်းကိုပါ ဓားနဲ့ပိုင်းလိူက်တယ်။ “နားညည်းတယ်၊ နင့်အသံကို ငါမကြားချင်ဘူး။”

ဒါကြောင့် ‘ဂစ်... ဂစ်...’ဆိုတဲ့ လည်ပင်းအဟကနေ ထွက်လာတဲ့ လေတိုးသံကိုသာ ကြားရတော့တယ်။ အဲဒီနောက်တော့ မာရီယာရဲ့မျက်လုံးတွေထဲက အလင်းရောင် ပျောက်ကွယ်သွားပြီး လဲကျသေဆုံး သွားပါတော့တယ်။

ဒါပေမဲ့ နာတာရှာက ရပ်တန့်မနေဘဲ ဓားကိုအကြိမ်ကြိမ် ဝေ့ယမ်းကာ ဆက်တိုက်ခုတ်ပိုင်းပစ်တယ်။ အဲဒီမြင်ကွင်းကို ကျွန်မ မကြည့်ရက်တော့တဲ့အထိပဲ။ နောက်ဆုံး နက်ဆန်က “နာတာရှာ၊ တော်လောက်ပြီ။” လို့ ပြောတဲ့အခါကျမှ ဓားကို မြေပေါ်ပစ်ချပြီး ရပ်လိုက်တယ်။

ကလန်...

သတ္တုနဲ့ကြမ်းပြင် ထိခတ်မိသံ ထွက်ပေါ်လာတယ်။ နာတာရှာက မာရီယာရဲ့အလောင်းကိုကျော်သွားပြီး သေဆုံးသွားပြီဖြစ်တဲ့ သူ့သားနဲ့ယောကျ်ားဆီကို သွားတယ်။ အဲဒီနောက်တော့ အကြာကြီးစိုက်ကြည့်နေခဲ့ပါတယ်။ နက်ဆန်က နောက်ကလိုက်လာပြီး...

“နာတာရှာ... မင်းသာအလိုရှိရင်... ငါ...”

နက်ဆန်ပြောချင်တဲ့ အဓိပ္ပါယ်ကို ကျွန်မနားလည်တယ်။ နက်ဆန်က သေဆုံးသွားတဲ့သူတွေကို ဖုတ်ကောင်အဖြစ် ပြန်ခေါ်ပေးနိုင်တယ်။ ဒါပေမဲ့ နာတာရှာက ခေါင်းကို ခါယမ်းလိုက်တယ်။

“သေတာလည်းမဟုတ် ရှင်တာလည်းမဟုတ်တဲ့ ဘဝမျိုးမှာ သူတို့ကို ကျွန်မ မနေစေချင်ဘူး။ သူတို့တွေ နောက်ဘဝကို ကောင်းကောင်းကူးနိုင်တာပဲ မြင်ချင်တယ်။”

“ကောင်းပြီလေ။” နက်ဆန်က အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

နာတာရှာကတော့ “ရှင်က ကျွန်မကို လက်စားချေခွင့် ပေးခဲ့တဲ့အတွက် အခုကနေစပြီး အမှောင်နတ်သမီး ဆိုတဲ့နာမည်နဲ့ ရှင့်ကိုခစားပါမယ်။ ရှင့်ရဲ့ရန်သူတွေက ကျွန်မရဲ့ရန်သူ ဖြစ်စေရမယ်။”

နာတာရှာက ဒူးတစ်ဖက်ကိုထောက်လိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်မှာတင်ကာ တစ်ဖက်ကိုတော့ ကြမ်းပြင်မှာထောက်ထားတယ်။ အရင်က မိတ်ဆွေလို့ပဲ ပြောလို့ရတဲ့ နာတာရှာက အခုတော့ နက်ဆန်ရဲ့တရားဝင် အစောင့်အရှောက်တစ်ယောက် ဖြစ်လာခဲ့တယ်။

ဒီမြင်ကွင်းက ခမ်းနားပေမဲ့ နာတာရှာ ဒီနေ့ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေက သိပ်ကိုများပြားတဲ့အတွက် ကျွန်မ ဝမ်းနည်းနေမိပြန်တယ်။

ရုတ်တရက် နေရောင်က ဘုရားကျောင်းထဲကို တိုးဝင်လာတာ ကျွန်မ သတိထားမိလိုက်တယ်။ နေ အလင်းရောင်တချို့က နာတာရှာရဲ့ကိုယ်ပေါ်ကျရောက်ပြီး မီးခိုးငွေ့တွေ ထွက်လာတယ်။ ကျွန်မနက်ဆန်ရဲ့အရိပ်ကို ကြည့်လိုက်တော့ အရိပ်က ပြန်ပြီး ကျုံဝင်လာနေပြီဖြစ်ပြီး ဆိုးဆိုးဝါးဝါးထိခိုက်ထားဟန်နဲ့ တိန့်လိမ်နေတယ်။

“သခင်...” နာတာရှာက အလန့်တကြားနဲ့ နက်ဆန်ရဲ့အရိပ်ထဲ ဝင်လိုက်တယ်။ နက်ဆန်ကိုယ်တိုင်ကတော့ နောက်ပြန် လဲကျသွားတဲ့အတွက် ကျွန်မက သူ့ကိုနောက်ကနေ ဖေးမ ထားလိုက်ရပါတယ်။

“ရှင်အဆင်ပြေရဲ့လား...” ကျွန်မ မေးလိုက်တော့ သူက ခပ်ဖျော့ဖျော့ ပြုံးပြတယ်။

“နတ်ဘုရားခန္ဓာ ဒဏ်ဖြစ်သွားရုံတင်ပါ။”

...

ဆီနိတ်တာမာရီယာကိစ္စ ပြီးသွားတာ တစ်ပတ်လောက် ရှိခဲ့ပါပြီ။ အဲဒီနေ့ပြီးကတည်းက နက်ဆန်သတိလစ် နေရာကနေ ပြန်နိုးမလာခဲ့ဘူး။ သူ့အခြေအနေက တည်ငြိမ် နေခဲ့တယ်ဆိုပေမဲ့ ကိုမာဝင်နေတာမလို့ စိုးရိမ်မိတယ်။ ဒီလိုကိစ္စမျိုးက ရက်ပိုင်းကနေပြီး နှစ်ပိုင်းအထိ ကြာတတ်တဲ့ ကိစ္စမျိုးလေ။

တခြားလည်း ဘာမှလုပ်နိုင်တာ မရှိတဲ့အတွက်ကြောင့် ကျွန်မနဲ့အိုလီရာနာက မာရီယာရဲ့စံအိမ်ဆီ ဟန်မပျက် ပြန်လာခဲ့ပြီးတော့ နက်ဆန်ကို ပြုစုပေးခဲ့ရပါတယ်။

ဒါပေမဲ့ တစ်ပတ်တင်းတင်းပြည့်တဲ့နောက်။ ကျွန်မ သူ့ကို ရေပတ်ဝတ်တိုက်ပေးမလို့ ပြင်နေတုန်း သူ့မျက်လုံးတွေ ပွင့်လာတာ မြင်လိုက်ရတယ်။ ပြီးတော့ အရင်ကထက် သူ့ဆီကနေ ရနေတဲ့ အငွေ့အသက်တွေက ပိုပြီးတော့ ပြင်းထန်လာသလိုပဲ။

သူက ညနေစောင်းနေပြီဖြစ်တဲ့ အပြင်ဘက် ကောင်းကင်ကြီးကို ကြည့်လိုက်ရင်း ကျွန်မကို ပြောလိုက်တယ်။

“ဒီအတောအတွင်း မင်းကို ဒုက္ခပေးခဲ့မိလို့။ တောင်းပန် ပါတယ်။”

ကျွန်မကတော့ သူ့ကို ခေါင်းခါပြခဲ့မိပါတယ်။ “ဟင့်အင်း၊ ရှင့်ကိုယ်ရှင်အထိခိုက်ခံပြီး နာတာရှာအတွက် အခွင့််အရေး ဖန်တီးပေးတုန်းက ကျွန်မ တကယ့်ကို အံ့ဩသွားခဲ့တာ။ ရှင်အခု ဘာမှမဖြစ်တာပဲ တော်လှပါပြီ။”

“နာတာရှာ... ဟုတ်သားပဲ။” နက်ဆန်က သူ့အရိပ်ကိုယ်သူ အာရုံစိုက်လိုက်တယ်။ စစ်ဝတ်စစ်စားတွေဝတ်ထားပြီး ခါးမှာ ဓားမော့ဖြစ်သွားပြီဖြစ်တဲ့ ပါစီဗယ်ကိုချိတ်ထားတဲ့ နာတာရှာက နက်ဆန်ရဲ့အရိပ်ထဲကနေ ထွက်လာတယ်။ နောက်တော့ သူက စစ်သည်တစ်ယောက်လိုမျိုး နက်ဆန်ကို ဦးညွှတ်လိုက်ပြီး...

“အမိန့်ရှိပါအရှင်၊ ညနေစာစားရမယ့်အချိန် ရောက်ပြီဆိုတော့ ကျွန်တော်မျိုးမကို ဆင့်ခေါ်ပြီး လက်ရာပြခိုင်းမလို့ပါလား။”

ဒီအမျိုးသမီးက ခပ်နောက်နောက်ပုံစံနဲ့ ပြောလိုက်တော့ ကျွန်မလည်း မဲ့လိုက်မိတယ်။ “နက်ဆန်၊ ဒီနေ့ကနေစပြီး နာတာရှာကို မီးဖိုချောင်ထဲဝင်ခွင့်ပိတ်ဖို့ ကျွန်မအကြံ​ပြုချင်တယ်။”

“ကျွန်မလည်း သဘောတူတယ်။” အခန်းထဲကို ဝင်လာတဲ့ အိုလီရာနာကလည်း ကျွန်မကို ထောက်ခံလိုက်တဲ့အတွက် နာတာရှာရဲ့မျက်နှာက ပြိုတော့မယ့်မိုးလို ဖြစ်သွားရော။

“ဒါပေမဲ့ နင်တို့တွေထဲမှာ ဟင်းကောင်းကောင်း ချက်တတ်တာဆိုလို့ ငါတစ်ယောက်ပဲရှိ...”

နာတာရှာစကားမဆုံးခင်မှာပဲ နက်ဆန်က သူ့နဖူးကို ဆုပ်ကိုင် လိုက်ရင်းနဲ့ “နှစ်မဲတစ်မဲဆိုတော့ အလျှော့ပေးလိုက်တာ နာတာရှာ။” လို့ပြောလိုက်တဲ့အတွက် နာတာရှာတစ်ယောက် ငိုယိုပြီး အရိပ်ထဲ ပြန်ဝင်သွားတော့တာပဲ။

ကိုယ့်ဘာသာကိုယ် ဟင်းချက်ဆိုးမှန်းမသိတဲ့ အိမ်ရှင်မ တစ်ယောက်ကျွန်မနဲ့အတူရှိနေတာ အတော်အန္တရာယ် များသား။

...

ရွှေရောင်နှင့်အဖြူရောင် ပန်းကနုတ်များဖြင့် အလှဆင်ထားသော ဘုရားကျောင်းကြီး၏ခန်းမဆောင် တစ်ခုထဲတွင်ဖြစ်သည်။

“အစ်မ၊ လေဒီမာရီယာက တားမြစ်မှော်အစီအရင်တွေကို စီရင်နေတဲ့အကြောင်း အဲဒီအမှောင်မင်းသားသိသွားအောင် လုပ်ခဲ့တာ အစ်မမဟုတ်လား။” လှံသူတော်စင် ကောင်လေး နီကိုးက လေးကိုကျောပိုးထားပြီး အပြင်လောကကြီးကို ငေးကြည့်နေတဲ့ သီရာကို မေးလိုက်တယ်။

သီရာက ခေါင်းညိတ်လိုက်ပြီး “ဒီကိစ္စကို အစ်မဘာသာ ကိုင်တွယ်တာထက်စာရင် အမှောင်ကျောင်းတော်က တစ်စုံတစ်ယောက်ကိုယ်တိုင်ကိုင်တွယ်တာက ပိုပြီးတော့ ကောင်းမယ်ထင်လို့ သဲလွန်စ ချပေးလိုက်တာလေ။”

သီရာက မာရီယာမကောင်းကြံနေတဲ့အကြောင်း နက်ဆန်ကို တိုက်ရိုက်ကြီးပြောခဲ့တာတော့ မဟုတ်ပါဘူး။ အဲဲဒီအစား ဆယ်ဗီကနေတစ်ဆင့် နက်ဆန်သတိထားမိစေမယ့် သဲလွန်စ တစ်မျိုးကိုပေးခဲ့တာ။

“ဒါပေမဲ့ အမှောင်ကျောင်းတော်က ကျွန်တော်တို့ရဲ့ရန်သူ။ အစ်မအခုလိုလုပ်လိုက်လို့ အဲဒီနက်ဆန်ဆိုတဲ့သူက မာစတာ အဆင့်အစေခံ နောက်တစ်ယောက်ကိုထပ်ရလာပြီးတော့ အယ်ဒါအဆင့်ကိုရောက်ဖို့ နီးစပ်လာပြန်ပြီ။ သူသာ အယ်ဒါ ဖြစ်သွားရင် အမှောင်ကျောင်းတော်က ပြန်ပြီးတော့ ခေါင်းထောင်လာတော့မှာ။”

နီကိုးလ်က စိတ်ပျက်သွားတဲ့ပုံစံနဲ့ ပြောလိုက်ရင်း သီရာကို ကျောခိုင်းကာ ထွက်ခွာသွားပါတယ်။ သီရာကတော့ ပြတင်းပေါက်ကနေတစ်ဆင့် ဘုရားကျောင်းအလယ်က ဥယျာဥ်ငယ်လေးကိုကြည့်ကာ သက်ပြင်းချလိုက်တယ်။

“ဒါက ဘုရားကျောင်းရဲ့စည်းကမ်းတွေကို ဆန့်ကျင် နေမှန်းတော့ သိပါတယ်။ ဒါပေမဲ့ အမှောင်စွမ်းအားတွေကို ပိုင်ဆိုင်ထားသူဖြစ်လျက်နဲ့ အမှောင်ထုကိုတိုက်ထုတ်နေတဲ့ ရှင့်ကို စိတ်ဝင်စားတဲ့စိတ်ကို ကျွန်မဘယ်လိုမှ ဖျောက်မရဘူး။”

သီရာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဒါကြောင့် သွေးစလေးတွေတောင် လက်ဖဝါးကနေပြီး စီးကျလာတယ်။

“တစ်နေ့ကျရင် ရှင့်ကိုကိုယ်တိုင်လာတွေ့ပြီးတော့ ရှင့်အကြောင်း နားလည်လာအောင် လုပ်ချင်လိုက်တာ။”

နက်ဆန်ကို ပထမဆုံးအကြိမ် စတွေ့ဖူးကတည်းက နက်ဆန်နဲ့သူ့ကြားမှာ ထူးခြားတဲ့ဆက်နွယ်မှု တစ်ခုခု ရှိနေတာကို သီရာခံစားခဲ့မိတယ်။ အဲဒီနောက်တော့ နက်ဆန်ကို စိတ်ဝင်စားတဲ့စိတ်ကို ဖျောက်ဖျက်ပစ်လို့ မရတော့ဘူး။ စားလဲဒီစိတ်၊ သွားလဲဒီစိတ်နဲ့ အိပ်ရင်လည်း သူ့အကြောင်းတွေကိုပဲ အိပ်မက်ထဲ ထည့်မက်နေတော့တယ်။

သူတော်စင်မတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်ကို စွဲလမ်းမိသွားချင်းဟာ အင်မတန်အန္တရာယ်များပါတယ်။ သူတို့ဟာ သူတို့အပျိိုစင်ဘဝကို ဆုံးရှုံးလိုက်ရတာနဲ့ ရိုမြူလက်ဘုရားကျောင်းရဲ့စုန်းမအဖြစ် သတ်မှတ်ခြင်းကို ခံရမှာဖြစ်ပြီး ကားစင်တင် မီးရှို့ခြင်းကို ခံကြရမှာ။

“ပြီးတော့ ရှင်က ဘုရားကျောင်းက ရေစင်ကို ရှာနေတာတဲ့လား။ အဲဒါကို အကြောင်းပြုပြီးတော့ ကျွန်မတို့တွေ ထပ်တွေ့နိုင်ဦးမယ်နဲ့တူတယ်။”

သီရာက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်တယ်။ သူပြုံးလိုက်တဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ကိုယ်ကို ရွှေရောင် အလင်းတန်းတွေ ဖုံးလွှမ်းသွားပြီး အနီးအနားမှာရှိနေတဲ့ ကျေးငှက်တွေက သူ့ကိုစတင်ဝန်းရံကာ ပျံသန်းကြတယ်။ ကျေးငှက်တွေရဲ့တေးသီသံကတော့ ဘုရားကျောင်းထဲမှာ ပြန့်နှံလို့။

All Chapters