ခုနှစ်စင်ကြယ်ကားချပ်ပေါ်ထွက်လာခြင်း
Vol. 142 Ch. 2116
ဤဒိုင်းကာသည် ပကတိအဆင့်ကမ္ဘာမြေအင်မော်တယ် ဓမ္မရတနာတစ်ခုဖြစ်၏။
‘ဒီလူ့ရဲ့ ကိုယ်ကာယကဘယ်လိုတောင်လဲ... သူကဘာလို့ အဲ့လောက်ထိကြောက်ဖို့ကောင်းနေတာလဲ’
ရှောင်ယွင်က ထိတ်လန့်သွားခဲ့၏။
တိုက်ပွဲက ဖြစ်ပွားလာခဲ့ပြီဖြစ်ပြီး ဆူဇီမိုက နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ သူ့မှာစဥ်းစားနေဖို အချိန်မရတော့ပေ။
သံရှည်ဆွဲ၍ တစ်ချက်အော်ဟစ်ကာ ရှောင်ယွင်သည် သူ၏ သွေးချီကိုလှည့်ပတ်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမပုဆိန်တစ်လက်ကိုဆွဲထုတ်လိုက်၏။ သူက ဒိုင်းကာနှင့် ပုဆိန်ကို ကိုင်ဆွဲပြီး ဆူဇီမိုနှင့်တိုက်ခိုက်လိုက်လေသည်။
တိုက်ခိုက်ချိန်ပိုကြာလာလေလေ ရှောင်ယွင်က ပို၍ထိတ်လန့်လာလေလေ ဖြစ်၏။
အစကနေ ယခုအချိန်ထိ ဆူဇီမိုသည် မည်သည့်ဓမ္မရတနာကိုမှ အသုံးပြုခြင်းမရှိဘဲ သူ့ကိုလက်ဗလာဖြင့် အပြတ်အသတ်ဖိနှိမ်ထား၏။
ထိုသို့ဆိုလျှင်တောင် သူ့မှာ ခုခံဖို့အတွက် မည်သည့်အခွင့်အရေးမှမရပေ။
သူ၏ ဒိုင်းကာနှင့် ဧရာမပုဆိန်က ဆူဇီမို၏ ကိုယ်ကာယနှင့်ရင်ဆိုင်ရာမှာ မည့်သည့်အသာစီးမှရရှိမလာပေ။
နှစ်ဘက်စလုံးသည် ခုနှစ်ကြိမ်၊ ရှစ်ကြိမ်မျှသာတိုက်ခိုက်ဖလှယ်ပြီး ရှောင်ယွင်က သူ၏ လက်နှစ်ဖက် ထုံကျင်ကိုက်ခဲလာသည်ကို ခံစားလိုက်ရ၏။ သူ၏ သွားများက ယိုင်နဲ့လာပြီး သူ၏ ပါးစပ်ထဲကနေ သွေးများစီးကျလာ၏။
မမာမကျန်းဖြစ်နေပုံရသော လူငယ်က သူပြုလုပ်လိုက်သောလှုပ်ရှားမှုတစ်ခုချင်းစီမှာ အဆုံးမဲ့ခွန်အားကို ပိုင်ဆိုင်ထားပုံရလေသည်။
ဒါ့အပြင် သူ၏ ထိုးချက်တစ်ချက်တိုင်း၏ စွမ်းအားက ပိုပို၍ကြမ်းကြုတ်ခက်ထန်လာပုံရ၏။
ဤကဲ့သို့ နုနယ်ပုံရသောခန္ဓာကိုယ်က ဤမျှထိကြောက်စရာကောင်းသောစွမ်းအားကို ဘယ်လိုလုပ်ပြီးထုတ်ဖော်နိုင်သလဲ ရှောင်ယွင်က စဥ်းစားကြည့်၍မရနိုင်ပေ။
ယခုအချိန်မှာ ဆူဇီမိုသည် အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်၏။ သူ၏ မျိုးဆက်သွေးကို အသုံးပြုခြင်းမရှိလျှင်တောင် သူသည် မူလကမ္ဘာမြေအဆင့် ဓမ္မရတနာများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်၏။
သူသည် ဗလာနယ်မိုးကြိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး မိုးကြိုးအရိုးများကို ပိုင်ဆိုင်ထားလေသည်။
မည်သည့်သွေးချီကိုမှ အသုံးပြုခြင်းမရှိလျှင်တောင် သူ့ထိုးချက်ကန်ချက်တိုင်း၏ စွမ်းအားက အရင်တုန်းကထက် များစွာကျော်လွန်လာခဲ့ပြီဖြစ်၏။
ရှောင်ယွင်သည် ဆူနာမီသွေးအဆင့်ကိုပင် ကျင့်ကြံထားခြင်းမရှိဘဲ မိုးကြိုးအရိုးများနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် များစွာနိမ့်ကျနေ၏။
နယ်ပယ်အသေးနှစ်ခု ကွာဟနေခြင်းကြောင့်သာမဟုတ်လျှင် ရှောင်ယွင်သည် ဆူဇီမိုထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ရှောင်ယွင်သည် ဆူဇီမိုထံမှ နောက်ထပ်ထိုးချက်များကိုလက်ခံရရှိပြီး သူ၏ အရိုးများက တကျွိကျွိမြည်လာ၏။
ဤတိုင်းသာဆက်သွားလျှင် သူ၏ အရိုးများက ကွဲအက်၍ သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲကုန်ပေတော့မည်။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”
ရှောင်ယွင်၏ အမူအရာက ရက်စက်ပြတ်သားလာပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ဖယ်ကာ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။
“ငါ့ရဲ့ဒီဝှက်ဖဲကိုအစတုန်းကတော့ အခြားကမ္ဘာမြေအင်မော်တယ်တွေနဲ့တိုက်ခိုက်ဖို့ပြင်ထားတာ... မင်းက ငါ့ကိုဒီအခြေအနေထိရောက်အောင် ဖိအားပေးလာပြီဆိုမှတော့... ငါ့ကိုအပြစ်မတင်နဲ့တော့”
ထိုသို့ပြောရင်း ရှောင်ယွင်က သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်၏။
အဲ့ဒါသည် သီးခြားသိုလှောင်အိတ်တစ်အိတ်ဖြစ်ပြီး အထဲကနေ ပုံရိပ်လေးခုက ခုန်ထွက်လာ၏။
ထိုပုံရိပ်လေးက လူသားများနှင့်ဆင်တူသော်လည်း သူတို့ကိုသတ္တုတချို့ဖြင့် ရစ်ပတ်ထားပြီး ရွှေညိုရောင်တလက်လက်ဖြင့်တောက်ပနေ၏။
“ရုပ်သေးရုပ်တွေလား”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဟုတ်တာပေါ့”
ရှောင်ယွင်က ပြောလိုက်၏။
“သူ့ကိုတားထား”
ရုပ်သေးရုပ်လေးရုပ်က အရပ်လေးဘက်ခွဲပြီး ဆူဇီမိုထံသို့ အမူအရာကင်းမဲ့စွာဖြင့် ခုန်ဝင်လာ၏။
ဆူဇီမိုက သူ၏ လက်သီးကိုမြှောက်ပြီး ရုပ်သေးရုပ်တစ်ရုပ်၏ ရင်ဘတ်ကို ပစ်ထိုးကာ ၎င်းကို လွင့်စင်ထွက်သွားစေ၏။
ထို့နောက် သူကနောက်ထပ်ရုပ်သေးရုပ်တစ်ရုပ်၏ မျက်နှာကို ဘေးတိုက်ဖြတ်ရိုက်ကာ အဲ့ဒါကို ပေအတော်အတန်လွင့်စင်ထွက်သွားစေ၏။
ရုပ်သေးရုပ်နှစ်ရုပ်က လျင်မြန်စွာပြန်ထလာ၏။
ရုပ်သေးရုပ်တစ်ရုပ်၏ ရင်ဘတ်က နက်ရှိုင်းစွာချိုင့်ဝင်သွားပြီး ဆူဇီမို၏ ထိုးချက်ဖြင့် ထိုးဖောက်ခံရလုနီးပါးဖြစ်၏။
အခြားသောရုပ်သေးရုပ်၏ ဦးခေါင်းကလည်း ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် တွန့်လိမ်သွား၏။
သို့သော်လည်း ရုပ်သေးရုပ်နှစ်ရုပ်က သက်ရောက်ခံရခြင်းမရှိဘဲ မည်သည့်နာကျင်မှုကိုမှမခံစားရကာ ဆူဇီမိုထံသို့ နောက်တစ်ဖန် ပြေးဝင်လာကြ၏။
အဲ့ဒါက ရုပ်သေးရုပ်များ၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
သူတို့က မည်သည့်နာကျင်မှုကိုမှ မခံစားရဘဲ သေရမည်ကို မကြောက်ရွံ့ပေ။
အခြားတစ်ဘက်မှာတော့... ရှောင်ယွင်က အသက်ရှုခွင့်ရလာပြီး ဆေးလုံးလက်တစ်ဆုပ်ကို စားသုံးလိုက်၏။
သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို စတင်လှည့်ပတ်ပြီး အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်၏။ သူက သူ၏ ဓမ္မရတနာများကို ဆင့်ခေါ်ပြီး ဆူဇီမိုကို ကြမ်းကြုတ်ခက်ထန်စွာတိုက်ခိုက်ရန်အတွက် ရုပ်သေးရုပ်လေးရုပ်နှင့် အတူပူးပေါင်းလိုက်၏။
ခဏကြာသည်အထိ ဆူဇီမိုသည် ဝိုင်းပတ်ခံထားရပြီး ရုန်းကန်နေရသည်ဟုထင်ရ၏။
သူက အန္တရာယ်များသော အခြေအနေတစ်ခုသို့ ကျရောက်လာပြီး အဲ့ဒါကို မခုခံနိုင်တော့မည့်ပုံပင်။
“ဟင်း...”
တောင်ကြောရိုးပေါ်တွင် ကျင့်ကြံသူတစ်ယောက်က သက်ပြင်းချလိုက်၏။
“ရှောင်ယွင်လို သန်မာတဲ့ရန်သူတစ်ယောက်နဲ့ သွားပြီးတိုးရတာ ဘယ်လောက်တောင်နှမြောဖို့ကောင်းလိုက်သလဲ မဟုတ်ရင်... ဒီအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို အနိုင်ယူနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ငါထင်တယ်”
“ဟုတ်တယ်... အဲ့ဒီလူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါရဲတယ်ဆိုမှတော့... သူက တကယ်ပဲ အစွမ်းအစရှိလို့ပေါ့... ကံဆိုးတာကတော့ သူကဆက်ပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
ဆူဇီမိုပေါ် ကျင့်ကြံသူများစွာ၏ စိတ်နေသဘောထားက တဖြည်းဖြည်းပြောင်းလဲလာ၏။
ကောင်းကင်ထက်တွင်...။
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“ဒီကောင်လေးက သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး... သူ့မှာ တခြားနည်းလမ်းတွေမရှိတော့ဘူးဆိုရင် ဆယ်ချီအတွင်း အနိုင်ရလဒ်က ထွက်ပေါ်လာတော့မယ်”
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြောလိုက်၏။
“ကံဆိုးတာပဲ... ရှောင်ယွင်က သူ့ရဲ့ရုပ်သေးရုပ်တွေကို ထုတ်ဖော်လိုက်တဲ့အချိန်တုန်းက ဒီကောင်လေးက သူတို့ကိုရှောင်လွှဲပြီး ထွက်ပြေးလွတ်မြောက်နိုင်တဲ့ အခွင့်အရေးရှိခဲ့တယ်”
“အခုသူက... ရုပ်သေးရုပ်လေးရုပ်နဲ့ ဝိုင်းပတ်ခံထားရပြီး ရှောင်ယွင်ရဲ့ အင်မော်တယ်ပညာရပ်တွေနဲ့ နတ်ဘုရားစွမ်းအားတွေနဲ့လည်း ဖိနှိမ်ခံထားရပြီဆိုတော့... သူက လွတ်မြောက်ဖို့အခွင့်အရေးမရှိတော့ဘူး”
ယန်လောရှုက ပြောလိုက်၏။
“ရှောင်ယွင်နဲ့ သူ့ရဲ့ရုပ်သေးရုပ်လေးရုပ်နဲ့ ဝိုင်းပတ်ခံထားရရင် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်တောင်မှ အနိုင်ရဖို့အခွင့်အရေးရှိချင်မှရှိလိမ့်မယ်”
ယန်လောရှုနောက်မှာမတ်တတ်ရပ်နေသော လူဝမ်ပင်းက မကျေမချမ်းဖြစ်နေ၏။
သူကလှောင်ရယ်ကာ တီးတိုးရေရွတ်လိုက်၏။
“ရှောင်ယွင်ကြောင့်မဟုတ်ရင်တောင် သူ့လိုမျိုး ကိုယ့်နေရာကိုယ်မသိတဲ့သူက တခြားသန်မာတဲ့ရန်သူတွေနဲ့ သေချာပေါက်ကြုံတွေပြီး အနှေးနဲ့အမြန်ဆိုသလို သင်ခန်းစာပေးခံရမှာပဲ”
ထိုစဥ်မှာပင် တောင်ကြားထဲမှ အခြေအနေကပြောင်းလဲသွား၏။
မမာမကျန်းဖြစ်နေပုံရသော လူငယ်က ဆတ်ခနဲတုန်ယင်သွားပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားလိုက်၏။
ရုတ်တရက်ဆိုသလို သူ၏ ဦးခေါင်းထက်မှာ ကျယ်ပြောသော ကြယ်နယ်မြေကားချပ်တစ်ခုက ပေါ်ထွက်လာ၏။
ကြယ်နယ်မြေကားချပ်၏ ကြီးမားသောအစိတ်အပိုင်းက မှေးမှိန်နေ၏။
သို့သော်လည်း လင်းလက်နေသောနေရာက တုန်လှုပ်စရာကောင်းလေသည်။
ကောင်းကင်ထက်မှာ ကြယ်များကပြည့်နှက်နေပြီး သန်းနှင့်ချီသောကြယ်အလင်းရောင်များက လူငယ်ပေါ်သို့ဖြာဆင်းကျလာခဲ့၏။
လူငယ်က နဖူးကနေခြေဖျားအထိ ပြိုးပြိုးပြက်ပြက်ကြယ်အလင်းရောင်ဖြင့် တောက်ပနေပြီး လျစ်လျူရှု၍မရနိုင်သော ကြယ်တာရာကောင်းကင်အောက်မှ နတ်ဘုရားတစ်ပါးနှင့် တူနေ၏။
“အာ... အဲ့ဒါဘာလဲ”
“အဲ့ဒါက မျိုးဆက်သွေးနယ်မြေတစ်ခုလား”
“ငါမပြောတတ်ဘူး... သူက သူ့ရဲ့မျိုးဆက်သွေးကို အသက်သွင်းလိုက်တာတော့ ငါမမြင်လိုက်ဘူး”
တောင်ကြားအပြင်ဘက်ရှိ လူအုပ်ကြီးထဲမှ အာမေဋိတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
တိမ်စိုင်များပေါ်မှာ ကောင်းကင်အင်မော်တယ်လေးဦး၏ အကြည့်များက သိပ်သည်းစုဖွဲ့လာ၏။ သူတို့က တစ်ချိန်တည်းမှာပင် မတ်တတ်ထရပ်ပြီး တုန်လှုပ်နေသော အမူအရာများနှင့်အတူ တောင်ကြားထဲသို့ကြည့်လိုက်ကြ၏။
“အဲ့ဒါက မျိုးဆက်သွေးနယ်မြေတစ်ခုမဟုတ်ဘူး”
ကောင်းကင်ချောက်နက်က သူ၏ ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းလိုက်၏။
“ဒီကြယ်တာရာကားချပ်က ကြည့်ရတာ....”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက လေးနက်စွာစဥ်းစားတွေးတောလိုက်၏။
“အဲ့ဒါက... ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ဖြစ်ရမယ်”
ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဟုတ်တာပေါ့”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်း၏ မျက်လုံးဝင်းလက်သွားပြီး လွှတ်ခနဲပြောလိုက်၏။
“အဲ့ဒါက ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ပဲ... အဲ့ဒီဒဏ္ဍာရီလာ ကြယ်တာရာလျှို့ဝှက်အတတ်က ပြန်ပေါ်လာပြီလား”
“စီနီယာအစ်ကိုအဖြူရောင်ပင်လယ်”
ထိုစဥ်မှာပင် အင်မော်တယ်ပျံဂိုဏ်း၏ တပည့်တစ်ယောက်က ရှေ့သို့ထွက်လာပြီး ပြောလိုက်၏။
“အရင်တုန်းက ကျင့်ကြံသူတစ်ယောက်က ကြယ်တာရာဂိုဏ်းရဲ့အမွေအနှစ်ကိုရခဲ့တယ်ဆိုတဲ့သတင်း တကယ်ပဲထွက်လာခဲ့တယ်... နောက်ပိုင်းမှာ အဲ့ဒီကျင့်ကြံသူက ပျောက်ကွယ်သွားတယ်”
“အဲ့ဒါဆိုရင်တော့ မှားစရာမရှိတော့ဘူးနဲ့တူတယ်”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က အော်ဟစ်ရယ်မောလိုက်၏။
“အဲ့ဒါက တစ်ယောက်တည်းပဲ ဖြစ်ရမယ်”
ကောင်းကင်အင်မော်တယ်လေးဦးသည် ရတနာတစ်ခုကိုတွေ့ရှိလိုက်ရသည့်အလား ဆူဇီမိုကို ချီးကျူးလိုသော အရိပ်အမြွက်တစ်ခုနှင့်အတူ ကြည့်နေကြ၏။
တောင်ကြားထဲမှာ ဆူဇီမိုသည် ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ကိုဆင့်ခေါ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာခဲ့၏။ သူကနောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး အလယ်မှာရှိသော ရုပ်သေးရုပ်နှစ်ရုပ်ကို ဆုတ်ဖြဲပစ်လိုက်၏။
ကျန်ရှိနေသော ရုပ်သေးရုပ်နှစ်ရုပ်ကလည်း သူ၏ ထိုးချက်ကန်ချက်များဖြင့် ကြေမွသွားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားရ၏။
ချက်ချင်းပင် အခြေအနေက ပြောင်းပြန်ဖြစ်သွားလေသည်။
ရှောင်ယွင်မှာ မည်သည့်အကူအညီမှမရှိတော့ဘဲ သူတစ်ယောက်တည်းကသာ ဆူဇီမိုနှင့်ရင်ဆိုင်လိုက်ရ၏။
ဆူဇီမို၏ ဦးခေါင်းထက်မှာ ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်က ရစ်ဝဲနေ၏။
တိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာမလိုတော့ပေ။
ဆူဇီမိုက ရှေ့သို့ပြေးဝင်လာပြီး အချီရေအနည်းငယ်အတွင်း ရှောင်ယွင်ကိုအနိုင်ယူကာ ထိုသူ၏ သိုလှောင်အိတ်ထဲမှ ရစ်ခွေနဂါးတံဆိပ်ပြား ရှစ်ရာကျော်ကျော်ကိုလုယူလိုက်၏။
ရှောင်ယွင်က မခံကျိမခံသာခံစားနေရ၏။
သူသည် ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်ကို မသိရှိသလို... ဖြစ်ပျက်ခဲ့သည့်အရာများကိုလည်း မသိပေ။ သူသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ရုတ်တရက်ရှုံးနိမ့်သွားသည့်အလားဖြစ်ပြီး သူကငေးငိုင်နေ၏။
ရစ်ခွေနဂါးတောင်ကြောရိုးကနေ စောင့်ကြည့်နေသော လူအုပ်ကြီးထံမှ အံ့အားတသင့်အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ကျင့်ကြံသူများစွာက စိတ်လှုပ်ရှားတက်ကြွစွာ ဆွေးနွေးပြောဆိုနေကြ၏။
သို့သော်လည်း ဆူဇီမို၏ အမူအရာက တည်ငြိမ်နေလေသည်။
တိုက်ပွဲက သက်ဝင်လှုပ်ရှားသည်ဟုထင်ရသော်လည်း အနိမ့်အမြင့်အတက်အကျများအားလုံးက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့၏။
သူသည် ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်ကို တမင်သက်သက်ပင်ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်၏။
ထိုသို့ဖြင့် ပထမတစ်ချက်... သူ၏ သရုပ်သကန်က ပေါက်ကြားသွားတော့မည်မဟုတ်ပေ။ ဒုတိယတစ်ချက်... သူသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ စိတ်ဝင်စားမှုကို လုံလောက်စွာရရှိနိုင်မည့် အစွမ်းအစတချို့ကို ထုတ်ဖော်ပြပြီးသားဖြစ်သွားပေလိမ့်မည်။
ဆူဇီမိုသည် ရှောင်ယွင်ကိုတကယ်တမ်းအနိုင်ယူချင်သည်ဆိုလျှင် တစ်ချီလောက်က လုံလောက်ပေလိမ့်မည်။