ပြပွဲ စတင်ပြီ
Vol. 142 Ch. 2119
ထိုစကားကို ကြားသောအခါ ယန်လောရှုနှင့် အခြားသုံးယောက်က မျက်မှောင်ကြုတ်လိုက်၏။
သူတို့၏ ကျင့်ကြံမှုနှင့် အတွေ့အကြုံအရ သူတို့ လေးယောက်သည် မင်းသားယွမ်ကျော၏ ရည်ရွယ်ချက်ကို ပြောနိုင်လေသည်။
မင်းသားယွမ်ကျောသည် သူ၏ နောက်ဘက်မှ အာဏာပါးကွက်သား အစောင့်တပ်သားများကို အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါစေလိုခြင်းဖြစ်၏။
ထိုသို့ဖြင့် အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကျော်သည် တောင်ကြားထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရပြီး ဆူဇီမိုကို အမဲလိုက်နိုင်မည် ဖြစ်၏။
သူတို့လေးယောက်စလုံးသည် ဆူဇီမိုကို သူတို့၏ ဂိုဏ်းများဆီသို့ ခေါ်ဆောင်ချင်နေကြ၏။ သူတို့ နှလုံးသား၏ အနက်ပိုင်းထဲမှာ သူတို့သည် ဆူဇီမိုကို ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ဖြင့် ဝန်းရံပိတ်ဆို့ခံရပြီး တောင်ကြားထဲမှာ မသေစေလိုပေ။ သူတို့က သူ့ကို မင်းသားယွမ်ကျော၏ လက်ထဲသို့လည်း ထည့်မပေးလိုပေ။
ထိုသို့ အတွေးဖြင့် သူတို့လေးယောက်က အသံတိတ်သွား၏။
မင်းသားယွမ်ကျောက ကြိတ်၍ လှောင်ရယ်ပြီး အေးစက်စွာ မေးလိုက်၏။
“ဘာလို့လဲ တာအိုရောင်းရင်းတို့.. ခင်ဗျားတို့တွေက မျက်နှာလိုက်နေကြတာလား.. ဆူဇီမိုကပဲ ပြိုင်ပွဲမှာ ကြားဖြတ်ဝင်ပါနိုင်ပြီး တခြားလူတွေက မရဘူးလား”
ဤတစ်ခေါက်မှာ ကောင်းကင်အင်မော်တယ် ပညာရှင်လေးဦးက မငြင်းဆန်နိုင်တော့ပေ။
မင်းသားယွမ်ကျောက ဤကိစ္စမှာ တကယ်ပင် မှန်ကန်နေပြီး သူတို့လေးယောက်မှာ ပြောစရာ ဘာမှမရှိပေ။
“အဲဒါ အမှန်ပဲ.. ဆူဇီမိုက ဝင်ရောက်နိုင်ပြီး တခြားလူတွေက ဘာလို့ မရရမှာလဲ”
“အဲဒါက မမျှတဘူး”
“အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းက လူတိုင်းကို တူညီစွာ ဆက်ဆံပြီးတော့ ဘက်လိုက်မှု မရှိရဘူး”
ရစ်ခွေနဂါးတောင်ကြောရိုး၏ လူအုပ်ကြီးထဲမှ ကျင့်ကြံသူများစွာက ဆူညံစွာ အော်ဟစ်ပြောဆိုလိုက်ကြ၏။
ယန်လောရှုက ကြိတ်၍ သက်ပြင်းချလိုက်၏။
“တခြားသူတွေကလည်း အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါနိုင်တယ်… ဒါပေမဲ့ ဟိုကောင်လေးက တောင်ကြားထဲကို ဝင်ရောက်တော့ သူနဲ့အတူ ရစ်ခွေနဂါးတံဆိပ်ပြားတစ်ခုကို ယူမသွားခဲ့ဘူး”
“ပြဿနာ မရှိဘူး”
မင်းသားယွမ်ကျောက ချက်ချင်းပင် ပြောလိုက်၏။
“ကျုပ်နောက်က အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်က တောင်ကြားထဲကို ဝင်ရောက်ဖို့အတွက် ရစ်ခွေနဂါးတံဆိပ်ပြားတွေကို ယူသွားမှာ မဟုတ်ဘူး”
ရစ်ခွေနဂါးတံဆိပ်ပြားများမှာ ရည်ရွယ်ချက်နှစ်ခု ရှိလေသည်။ လူတစ်ယောက်၏ အသက်ကို ကာကွယ်ဖို့နှင့် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကို ဝင်ရောက်ရန်အတွက် အခွင့်အရေးတစ်ခုအတွက် တိုက်ခိုက်ဖို့ဖြစ်၏။
သို့သော်လည်း ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများသည် တောင်ကြားထဲသို့ ဝင်ရောက်မည်မှာ သူတို့တွင် ရည်ရွယ်ချက်တစ်ခုတည်းသာလျှင် ရှိလေသည်။ ဆူဇီမိုကို အမဲလိုက်ဖို့ဖြစ်၏။
သူတို့အားလုံးက ထိပ်တန်းအဆင့် ကမ္ဘာမြေအင်မော်တယ်ပညာရှင်များဖြစ်ပြီး အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ သူတို့၏ အသက်များကို ကာကွယ်ဖို့နေနေသာ.. အန္တရာယ်တစ်စုံတစ်ရာပင် ရှိလာလိမ့်မည် မဟုတ်ပေ။
ကိစ္စများက ဤအခြေအနေထိ ရောက်ရှိလာမှတော့ ကောင်းကင်အင်မော်တယ်လေးဦးက အခြေအနေအရ အဲဒါကို သဘောတူလက်ခံဖို့သာ ရှိတော့လေသည်။
မဟုတ်ပါက ဤစကားက ပျံနှံ့သွားမည်ဆိုလျှင် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက မျှတမှု မရှိဟု အဓိပ္ပာယ်သက်ရောက်သွားပြီး အဲဒါက အင်မော်တယ်ဂိုဏ်း လေးဂိုဏ်း၏ နာမည်ဂုဏ်သတင်းအပေါ်ပါ သက်ရောက်မှု ရှိလာပေလိမ့်မည်။
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက မေးလိုက်၏။
“မင်းက တောင်ကြားထဲကို လူဘယ်လောက်များများ လွှတ်ဖို့ ပြင်ထားလဲ”
“တကယ်တော့ ကျုပ် ဒီနေ့ခေါ်လာတဲ့ ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားတွေ အကုန်လုံးပေါ့”
မင်းသားယွမ်ကျောက မကောင်းဆိုးဝါးဆန်ဆန် လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်တိတိက တောင်ကြားထဲသို့ ဝင်ရောက်မည်ဖြစ်၏။
ဤတစ်ခေါက်မှာ မင်းသားယွမ်ကျောသည် မည်သည့် အမှားအယွင်းကိုမှ အဖြစ်မခံနိုင်ပေ။
ကောင်းကင်အင်မော်တယ်ပညာရှင် လေးဦးက တိတ်ဆိတ်ငြိမ်သက်သွား၏။
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ဖြစ်လာသော ထိုသူများက ထိပ်တန်း ကမ္ဘာမြေအင်မော်တယ်များ ဖြစ်ကြလေသည်။
ဤကဲ့သို့သော ကမ္ဘာမြေအင်မော်တယ်တချို့ကပင် ဆူဇီမိုကို ကိုင်တွယ်ဖို့ လုံလောက်သည်ထက် ပိုနေ၏။
သူက သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုမည်ဆိုလျှင် သူက ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။
သို့သော်လည်း ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်စလုံးကို စေလွှတ်လိုက်မည်ဆိုလျှင် သူတို့သည် သူတို့၏ အချိတ်အဆက်မိမှုအရ ဝန်းရံပိတ်ဆို့တိုက်ခိုက်ဖို့ လွယ်ကူသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဆူဇီမိုက ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးပင် ရတော့မည် မဟုတ်ပေ။
မင်းသားယွမ်ကျောက သူ့ကို သတ်ဖြတ်လိုနေသည်မှာ သိသာနေ၏။
ရုတ်တရက် ကောင်းကင်ချောက်နက်က ပြောလိုက်၏။
“ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၁၀၀ကျော် တောင်ကြားထဲကို အခုချိန်မှာ ဝင်ရောက်သွားမယ်ဆိုရင် အဲဒါက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲရဲ့ နောက်ဆုံးရလဒ်အပေါ် သေချာပေါက် သက်ရောက်မှု ရှိပြီး မျှခြေကို ပျက်ပြားသွားစေလိမ့်မယ်.. အဲဒါက မသင့်လျော်ဘူး”
ကောင်းကင်ချောက်နက်၏ စကားက အကြောင်းရင်း မရှိသည် မဟုတ်ပေ။
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၁၀၀ကျော်ကျော်က မင်းသားယွမ်ကျော၏ အမိန့်ကို နာခံကြမည်ဖြစ်၏။ သူတို့က တောင်ကြားထဲသို့ ဝင်ရောက်ပြီး အတူပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့ကို ဘယ်သူက ရင်ဆိုင်နိုင်ပါ့မလဲ။
“တာအိုရောင်းရင်း.. မပူပါနဲ့.. ဆူဇီမိုက လွဲရင် အဲဒီကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားတွေက တောင်ကြားထဲကို ဝင်ရောက်ပြီးတာနဲ့ တခြား ဘယ်သူ့ကိုမှ တိုက်ခိုက်မှာ မဟုတ်ဘူး”
မင်းသားယွမ်ကျောက တစ်ယောက်ယောက် ထိုအချက်ကို ပြောလာမည်ကို ကြိုတင်တွက်ချက်ထားပုံရ၏။ သူက ညင်သာစွာ ပြုံး၍ တည်ငြိမ်စွာ ပြောလိုက်၏။
“ကျုပ်တို့က ဆူဇီမိုကို ဖမ်းဆီးနိုင်တာနဲ့ အဲဒီလူတွေက နေရာမှာတင် မတ်တတ်ရပ်ပြီး အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းနေကြလိမ့်မယ်.. သူတို့က မလိုအပ်တဲ့အရာ ဘာကိုမှ လုပ်မှာ မဟုတ်ဘူး”
“တာအိုရောင်းရင်း ကောင်းကင်ချောက်နက် စိုးရိမ်နေတဲ့အရာကလည်း သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူး”
ဤတစ်ခေါက်မှာတော့ ကောင်းကင်အင်မော်တယ်ပညာရှင် လေးဦးက ငြင်းဆန်ဖို့ မည်သည့် အကြောင်းရင်းကိုမှ ရှာမရတော့ပေ။
“မင်းသားယွမ်ကျော.. ကျေးဇူးပြုပြီး..”
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ခေါင်းအနည်းငယ်ညိတ်ကာ မင်းသားယွမ်ကျောကို အမိန့်ပေးဖို့ အချက်ပြလိုက်၏။
“အားလုံးကို ကျေးဇူးတင်ပါတယ်”
မင်းသားယွမ်ကျောက ပြုံး၍ ကျေးဇူးတင်ကြောင်းပြဖို့ သူ၏ လက်နှစ်ဖက်ကို ယှက်လိုက်၏။ ထို့နောက် သူက သူ့နောက်ဘက်မှာ ရှိသော ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၁၀၀ကျော်ကျော်ကို လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့လေပြီ။
“ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားတွေ… ငါ့အမိန့်ကို နာခံကြ”
မင်းသားယွမ်ကျောက အော်ပြောလိုက်၏။
“နာခံလျက်ပါ”
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်က တစ်ချိန်တည်းမှာပင် မိုးကြိုးထစ်ချုန်းသံကဲ့သို့ တုံ့ပြန်လာကြ၏။
သို့သော်လည်း အပြင်ဘက်မှာ ဘာတွေဖြစ်နေသည်ဖြစ်စေ… အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေသော တောင်ကြားထဲရှိ ကျင့်ကြံသူများက အဲဒါကို လုံးဝ အာရုံမခံနိုင်ကြပေ။
ရေပြင်အကာအရံလွှာကို ကြေးမုံတစ်ချပ်အဖြစ် အသုံးပြုထားရုံသာမက အဲဒါက အပြင်ဘက်ရှိ အသံများနှင့် မြင်ကွင်းကိုပါ ပိုင်းခြားပေးထားနိုင်၏။
မင်းသားယွမ်ကျောက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တောင်ကြားထဲကို ဝင်ရောက်ပြီးရင် မင်းတို့တွေက ၁၁ယောက်စီ အဖွဲ့ ၁၀ဖွဲ့ခွဲလိုက်.. အစွန်းထွက်နေတဲ့ ၂ယောက်က ဆူဇီမိုကို ရှာဖို့အတွက် တစ်ဖွဲ့ဖွဲ့လိုက်”
“ဆူဇီမိုကို တွေ့မြင်ပြီးရင် ဘာမှ တုံ့ဆိုင်းမနေနဲ့.. သတင်းပို့အဆောင်တစ်ခုကို ပစ်ထုတ်ပြီး အဲဒီနေရာကို ဝိုင်းပတ်ဖို့အတွက် တခြားသူတွေကို ဆင့်ခေါ်လိုက်”
“အဲဒီလူရဲ့ လှုပ်ရှားမှု နည်းစနစ်က အရမ်းကို မြန်ဆန်တယ်.. ငါတို့က ဒီတစ်ခေါက် သူ့ကို အလွတ်ပေးလို့ မရဘူး”
“နားလည်ပါပြီ”
ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများစွာက အော်ပြောလိုက်ကြ၏။
မင်းသားယွမ်ကျောက ထပ်မံ၍ အေးစက်စွာ ပြောလိုက်၏။
“မှတ်ထားနော်.. ငါ သူ့ကို အသက်ရှင်လျက် ဖမ်းဆီးချင်တယ်”
ရစ်ခွေနဂါးတောင်ကြောရိုးက လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်နေ၏။ သူ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် အတောင်ပံများ ရှိလျှင်တောင် ထွက်မပြေးနိုင်သည့် လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေလေပြီ။
သူသည် ဆူဇီမိုကို အရိုးထိတိုင် မုန်းတီးပြီး ထိုသူကို အလွယ်တကူ သေချာပေါက် သေခွင့်ပေးလိမ့်မည် မဟုတ်ပေ။
သူသည် ဆူဇီမိုကို အသက်ရှင်လျက် ဖမ်းဆီးပြီး နေ့နေ့ညည ညှင်းပန်းနှိပ်စက်ချင်လေသည်။
ဒါ့အပြင် ကျောက်စိမ်းအဆောင်၊ အသင်္ချေအသွင်ပြောင်းလဲခြင်း၊ နတ်ဘုရားစွမ်းအားများနှင့် ရွှေရောင်တောင်ပံ လျှို့ဝှက်အတတ်ကဲ့သို့ ကိစ္စများစွာအတွက် သူက ဆူဇီမိုကို စစ်ဆေးမေးမြန်းချင်၏။
“တာအိုရောင်းရင်း.. ဒီလူတွေကို တောင်ကြားထဲကို ပို့ဖို့အတွက် ခင်ဗျားကိုပဲ ဒုက္ခပေးရမှာပဲ”
မင်းသားယွမ်ကျောက သူ့လူများကို အမိန့်ပေးပြီးနောက် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားသူများဘက်ကို လှည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
ယန်လောရှုက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်ကို တောင်ကြားထဲသို့ ပို့လွှတ်လိုက်လေသည်။
သို့သော်လည်း သူသည် အာဏာပါးကွက်သား အစောင့်တပ်သားများကို ဆူဇီမိုနှင့် အဝေးဆုံး နေရာများသို့ တမင်သက်သက် နေရာချပေးလိုက်၏။
နှစ်ဖက်စလုံးက တစ်ယောက်နှင့်တစ်ယောက် ကြုံတွေ့ရမည်ဆိုလျှင်တောင် အဲဒါက အချိန်တစ်ခု ယူရပေလိမ့်မည်။
တကယ်တော့ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ အစွမ်းအစအရ ဤချိပ်ပိတ်ထားသော တောင်ကြားထဲမှာ သူတို့အနေဖြင့် ဆူဇီမိုကို ရှာဖွေထောက်လှမ်းဖို့က အရမ်းကို လွယ်ကူကြောင်း ယန်လောရှုနှင့် အခြားသူများက သိရှိထားကြ၏။
ဤကဲ့သို့သော စီစဉ်ထားသိုမှုတစ်ခုက ကိစ္စများကို အနည်းငယ် အချိန်ဆွဲပေးနိုင်ရုံသာ ရှိပေလိမ့်မည်။
အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်က တောင်ကြားထဲသို့ ဝင်ရောက်လာပြီး သူတို့ ဆင်းသက်လာသည့် ခဏမှာပင် အဖွဲ့ ၁၀ဖွဲ့ ခွဲလိုက်ကြ၏။
အဖွဲ့အများစုမှာ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များ ပါဝင်ပြီး သူတို့၏ ခေါင်းဆောင်များက ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးများ ဖြစ်ကြ၏။
ကျန်ရှိနေသော ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်ကလည်း အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များ ဖြစ်လေသည်။
“လီရွှမ်၊ ကျန့်မောင်.. မင်းတို့နှစ်ယောက်က တစ်ဖွဲ့ဖွဲ့လိုက်”
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဆူဇီမိုကို တွေ့ပြီးရင် တိုက်ခိုက်ဖို့အတွက် အလောကြီး လုပ်မနေနဲ့.. အရင်ဆုံး သတင်းပို့အဆောင်ကို ထုတ်လွှတ်လိုက်”
“နားလည်ပါပြီ”
သူတို့နှစ်ယောက်က လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“ဒါဆိုရင် လူစုခွဲပြီး ပစ်မှတ်ကို ရှာကြတော့”
အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က အမိန့်ပေးလိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်သည် မတူညီသော အဖွဲ့ ၁၀ဖွဲ့အဖြစ် ခွဲပြီး တောအုပ်ထဲမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကြ၏။
ထိုသည်ကို တွေ့မြင်သောအခါ မင်းသားယွမ်ကျောက သရော်ပြုံးပြုံး၍ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်လေသည်။
“ပြပွဲက စတင်တော့မယ်”
ရစ်ခွေနဂါးတောင်ကြောရိုးပေါ်ရှိ လူအုပ်ကြီးက နောက်တစ်ဖန် စိတ်လှုပ်ရှားတက်ကြွလာ၏။
ကောင်းကင်အင်မော်တယ် လေးဦးကလည်း တိတ်တဆိတ်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့ လေးယောက်သည် ဆူဇီမိုကို ဘယ်လာက်ပင် တန်ဖိုးထားသည်ဖြစ်စေ၊ သူ၏ ပါရမီ အရည်အချင်းကို ဘယ်လောက်ပင် ချီးကျူးသည်ဖြစ်စေ၊ သူတို့သည် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။
အဲဒါသည် ဘယ်သူကမှ မတတ်နိုင်သည့် ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုသည် ဤကပ်ဘေးကို ရှောင်လွှဲနိုင်တော့မည် မဟုတ်ပေ။