ပက်ပင်းတိုးခြင်း
Vol. 142 Ch. 2120
ကျိရွှမ်အင်မော်တယ်နိုင်ငံ၊ မြို့တော်စာကြည့်တိုက်တွင်..
ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားလေသည်။ သူမသည် မြင့်မားသော စာအုပ်စင်တန်းရှေ့မှာ မတ်တပ်ရပ်ပြီး စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုကာ မကြာမကြာ စာရွက်များကို ညင်သာစွာ လှန်နေ၏။
နေရောင်ခြည်က ပြတင်းပေါက်ကနေ ထိုးဆင်းလာပြီး အမျိုးသမီး၏ ဖြူဖွေးနူးညံ့သော လည်ကုပ်ပေါ်ကို ဖျန်းပက်ကျဆင်းကာ တလက်လက် တောက်ပနေ၏။
သူမမှာ အပြစ်ဆိုစရာ မရှိသော ကိုယ်နေဟန်ထားတစ်ခု ရှိလေသည်။ အစိမ်းဖျော့ဖျော့ ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားပြီး သူမထံမှ လျှို့ဝှက်ဆန်းကြယ်မှုနှင့် တည်ငြိမ်ကြော့ရှင်းမှု၏ အငွေ့အသက်တစ်ခုက ဖြာထွက်နေ၏။ ထိုနေရာမှာ ရပ်နေရုံဖြင့် သူမသည် ပြိုင်ဘက်ကင်း အချောအလှတစ်ဦး ဖြစ်နေ၏။
ထိုစဉ်မှာပင် ဘေးဘက်ကနေ ညင်သာသော ခြေသံများ ထွက်ပေါ်လာပြီး တည်ငြိမ်မှုကို ဖြိုခွင်းလိုက်၏။
သိပ်မကြာခင် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်က ပေါ်ထွက်လာပြီး အနည်းငယ် မောဟိုက်နေ၏။ သူမက စာအုပ်စင်၏ ရှေ့မှာ ရှိသော ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးကို ကြည့်ပြီး သူမကို ဟန့်တားနှောင့်ယှက်မိမည်စိုးသည့်အလား တုံ့ဆိုင်းနေ၏။
“ဘာဖြစ်လို့လဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ လက်ထဲရှိ စာအုပ်ကနေ အကြည့်ကို မခွာဘဲ မှင်သေသေဖြင့် မေးလိုက်၏။
မိန်းကလေးက ပြောလိုက်လေသည်။
“မင်းသမီး.. ဆူဇီမိုက ပေါ်ထွက်လာပြီ”
“အို..”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ထိုနာမည်ကို ကြားသောအခါ သူမ၏ အမူအရာက ပြောင်းလဲသွားပြီး ဘေးတိုက် တစ်ချက်ကြည့်ကာ မေးလိုက်၏။
“သူက ဘယ်မှာလဲ”
မိန်းကလေးက ပြောလိုက်၏။
“ဒီနှစ်တွေ အားလုံးမှာ မင်းသမီးက ဆူဇီမိုရဲ့ သတင်းကို အာရုံစိုက်နေခဲ့တယ်မလား.. ဆူဇီမိုက ရစ်ခွေနဂါးတောင်ကြောရိုးမှာ ပေါ်လာပြီး အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါနေတယ်လို့ ကျွန်မ အခုပဲ သတင်းလက်ခံရရှိထားတယ်”
“အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲလား.. အဲဒီလူက အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကို သူ့ရဲ့ နောက်ခံအဖြစ်ထားဖို့ ရွေးချယ်တယ်ဆိုတော့ ဉာဏ်ကောင်းသားပဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက တီးတိုးရေရွတ်၍ ပြုံးလိုက်၏။
“အခု သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ”
“သူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်တယ်လို့ ကျွန်မ ကြားတယ်.. နောက်ပြီး သူက ရွေးချယ်ပွဲ ပြီးဆုံးတော့မယ့်အချိန်မှာ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကမှ တောင်ကြားထဲကို ဝင်ရောက်လာတာလို့ ကျွန်မ ကြားထားတယ်”
မိန်းကလေးက ပြန်ဖြေလိုက်၏။
“အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်လား.. သူက အဲ့လောက်ထိ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ခဲ့တာပဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက အနည်းငယ် အံ့အားသင့်သွား၏။
“မြန်လို့လား.. သူက ကျွန်မတို့ မင်းသားလေးနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျနေသေးတယ်”
မိန်းကလေးက အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
“မင်းသားငယ်က အဲဒီလူကို သူ့ရဲ့ ပြိုင်ဘက်အဖြစ် ရှုမြင်ထားတယ်လို့တောင် ကျွန်မ ကြားထားတယ်.. ကျွန်မ အထင်တော့ သူက မင်းသားငယ်ရဲ့ အစေခံတစ်ယောက်ဖြစ်ဖို့တောင်မှ မထိုက်တန်ဘူး”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ ခေါင်းကို ခါယမ်းပြီး ငြင်းဆန်ပြောဆိုမနေတော့ပေ။ သူမက သူမဘာသာသူမ ပြောလိုက်လေသည်။
“အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်.. သူ့ရဲ့ အစွမ်းအစနဲ့ဆို သူက အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကို ဝင်ရောက်ဖို့ အခက်အခဲရှိမှာ မဟုတ်ဘူး”
“အဲ့လိုပြောလို့ မရတော့ဘူး”
မိန်းကလေးက အူမြူးအားရနေ၏။
“ဆူဇီမိုက အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကို ဝင်ရောက်ဖို့ မပြောနဲ့.. ရစ်ခွေနဂါးတောင်ကြောရိုးကနေတောင် အသက်ရှင်လျက် ထွက်လာနိုင်ချင်မှ ထွက်လာနိုင်တော့မယ်”
“ဟမ်”
မိန်းကလေးက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်ကြောင်း ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ပြောနိုင်လေသည်။ သူမ၏ လှပသော မျက်လုံးများက ရွေ့လျားသွားပြီး မိန်းကလေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
မိန်းကလေးက ပြောလိုက်လေသည်။
“ဆူဇီမိုက သူ့ကိုယ်သူ ရုပ်ဖျက်ဖို့အတွက် အသင်္ချေအသွင်ပြောင်းလဲခြင်းနဲ့ ဆင်တူတဲ့ နည်းလမ်းတစ်ခုကိုသုံးပြီး အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါဖို့အတွက် တောင်ကြားထဲကို ဝင်ရောက်သွားတယ်လို့ ကျွန်မ သတင်းလက်ခံရရှိထားတယ်.. သူ့ကို ဘယ်သူကမှ လုံးဝ မမှတ်မိကြဘူး”
“ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် ဆယ်ရက်ကျော်ကြာပြီးတဲ့နောက် မဟာကျင်းအင်မော်တယ်နိုင်ငံက မင်းသားယွမ်ကျောက ရုတ်တရက် ပေါ်လာပြီးတော့ သူ့ရဲ့ သရုပ်သကန်ကို ဖော်ထုတ်ခဲ့တယ်.. မင်းသားယွမ်ကျောက အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းထံကနေ ဆူဇီမိုကို တောင်းဆိုခဲ့တယ်”
ထိုစကားကို ကြားသောအခါ ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက အတွေးနက်စွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မိန်းကလေးက အမျိုးသမီး၏ အမူအရာ ပြောင်းလဲမှုကို သတိမထားမိဘဲ ဆက်ပြောလိုက်၏။
“အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို ကျင်းပနေဆဲဖြစ်လို့ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းက သူ့ကို ထုတ်မပေးနိုင်ဘူး”
“အဲဒါနဲ့ မင်းသားယွမ်ကျောက သူ ခေါ်လာတဲ့ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်ကို ဆူဇီမိုကို အမဲလိုက်ဖို့အတွက် တောင်ကြားထဲကို ပို့လွှတ်လိုက်တယ်”
ထိုနေရာအရောက်တွင် မိန်းကလေးက တခစ်ခစ်ရယ်မောလိုက်၏။
“မင်းသမီး.. ကျွန်မကို ပြောပါဦး.. ဆူဇီမိုက အသက်ရှင်နိုင်ဦးမလား”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းက သတ်ဖြတ်ဖို့အတွက် အာဏာပါးကွက်သား အစောင့်တပ်သား ၁၀၀ကျော်ကို တောင်ကြားထဲကို ဒီတိုင်းပဲဝင်ခွင့်ပေးလိုက်တာလား”
“သူတို့မှာ ငြင်းဆန်စရာ အကြောင်းရင်း မရှိဘူးလေ.. အဲဒီလူတွေက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်သွားကြတာပဲ.. ဆူဇီမိုက အဲဒီမှာ ဝင်ပါနိုင်တယ်ဆိုမှတော့ အာဏာပါးကွက်သား အစောင့်တပ်သားတွေကလည်း သေချာပေါက် ဝင်ပါနိုင်တာပေါ့”
မိန်းကလေးက ပြောလိုက်၏။
“နောက်ပြီး အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက အစကတည်းက သေခြင်း ရှင်ခြင်းကို ကန့်သတ်ထားတာ မရှိဘူး.. ကျင့်ကြံသူတွေက အထဲမှာ သူသေ ကိုယ်သေ တိုက်ခိုက်နိုင်တယ်”
“ယွင်ထင် ဘယ်ရောက်နေလဲ”
ရုတ်တရက် ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက မေးလိုက်၏။
“မင်းသားငယ်က တံခါးပိတ်ကျင့်ကြံနေတုန်းပါပဲ”
မိန်းကလေးက ပြောလိုက်၏။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ လက်ထဲရှိ စာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင်ပြီး လျှောက်လှမ်းထွက်သွား၏။
“သူ့ကို ခေါ်မနေနဲ့တော့.. နင့်ဘာသာနင် ပြင်ဆင်ပြီး ရစ်ခွေနဂါးတောင်ကြောရိုးကို ငါနဲ့လိုက်ခဲ့”
“အမ်..”
မိန်းကလေးက ခဏမျှ မှင်တက်သွားပြီးနောက် မယုံကြည်နိုင်စွာ မေးလိုက်၏။
“မင်းသမီး.. ရှင်က စာကြည့်တိုက်ထဲက မထွက်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. ရှင်က ဒီနေ့ အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကြောင့် အပြင်ကို ထွက်တော့မလို့လား”
“အဲဒီ အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်က ထူးခြားနေတယ်”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ပြောလိုက်၏။
မိန်းကလေးက မျက်မှောင်ကြုတ်ပြီး တွေဝေတုံ့ဆိုင်းစွာ ပြောလိုက်၏။
“ဒါ.. ဒါပေမဲ့.. ကျွန်မတို့က တတ်နိုင်သမျှ မြန်မြန်သွားမယ်ဆိုရင်တောင် ၁၀ရက်လောက် အချိန်ယူရလိမ့်မယ်.. အဲဒီအချိန်ကျရင် ဆူဇီမိုက အာဏာပါးကွက်သား အစောင့်တပ်သားတွေ သတ်လို့ သေနေလောက်ပြီ”
“သူ့ကို သတ်ဖို့လား”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“အဲဒီလူက အလွယ်တကူ သေသွားမှာ မဟုတ်ဘူး.. အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲအတွင်းမှာ တခြားကိစ္စတွေ ဖြစ်လာတော့မယ်လို့ ငါခံစားနေရတယ်”
ထိုသို့ပြောရင်း ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက စာကြည့်တိုက်ထဲကနေ ထွက်ခွာသွားခဲ့ပြီဖြစ်၏။
မိန်းကလေးက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
ရစ်ခွေနဂါးတောင်ကြောရိုးတွင်…
အာဏာပါးကွက်သား အစောင့်တပ်သားများသည် တောင်ကြားထဲသို့ ဝင်ရောက်လာခဲ့သည်မှာ ဆယ်ရက်ကြာသွားခဲ့ပြီဖြစ်ပြီး အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ အဆုံးသတ်ဖို့ ငါးရက်သာလျှင် ကျန်တော့လေသည်။
ဤအချိန်အတောအတွင်းမှာ အာဏာပါးကွက်သား အစောင့်တပ်သားများသည် ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ရခြင်း မရှိသေးပေ။
တကယ်တော့ အဲဒါသည် အာဏာပါးကွက်သား အစောင့်တပ်သားများကို ဆူဇီမိုနှင့် အဝေးဆုံးနေရာများသို့ ယန်လောရှုက နေရာချပေးခဲ့ခြင်းကြောင့်လည်း ဖြစ်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့ တွေ့ဆုံရဖို့က ရှောင်လွှဲလို့ မရနိုင်သည်ကို လူတိုင်းက သိရှိထားကြ၏။
မင်းသားယွမ်ကျောက အလောတကြီး ရှိမနေပေ။
အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေ၏။
အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကျော်သည် အဖွဲ့ဆယ်ဖွဲ့ခွဲပြီး ပိုက်စိပ်တိုက် ရှာဖွေနေကြ၏။ သူက တစ်ထောင့်တစ်နေရာမကျန် အလွတ်မပေးဘဲ တောင်ကြားထဲရှိ အခြားသော ကျင့်ကြံသူများထံကပင် သတင်းအချက်အလက်များကို စုဆောင်းနေကြ၏။
တောင်ကြားထဲရှိ ကျင့်ကြံသူများသည် အာဏာပါးကွက်သား အစောင့်တပ်သား ဆယ့်တစ်ယောက်အုပ်စုကို တွေ့မြင်သောအခါ သူတို့က ခုခံငြင်းဆန်ရဲခြင်း မရှိဘဲ ဆူဇီမိုနှင့် ပတ်သက်သည့် အကြောင်းအရာကို အမှန်အတိုင်း ပြောပြကြပေလိမ့်မည်။
“ဒီလောက်များတဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေက ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ”
“ငါလည်း အဲဒါကို မြင်တယ်.. အဲဒီလူတွေက လူတစ်ယောက်ရဲ့ တည်နေရာကိုတောင်မှ မေးမြန်းစုံစမ်းနေတယ်.. အဲဒါက အရမ်းကို မြန်မြန်ဆန်ဆန် ထွက်ပြေးနိုင်ပြီး အပြင်းအထန် ဖျားနာရာကနေ သက်သာသေးပုံ မရတဲ့ လူငယ်တစ်ယောက်ပဲ”
“သွားကြရအောင်.. ငါတို့က ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်ရောက်ဖို့ မျှော်လင့်ချက် မရှိဘူးဆိုမှတော့ သူတို့နောက်ကိုပဲ လိုက်ကြည့်ရအောင်”
အာဏာပါးကွက်သား အစောင့်တပ်သားများက သူတို့အပေါ် ရန်လိုစိတ် မရှိသည်ကို တွေ့ရသောအခါ ကျင့်ကြံသူများစွာသည် နောက်ကနေ လိုက်ပါလာပြီး ပြပွဲကို စောင့်ကြည့်ချင်ကြလေသည်။
အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကျော်သည် ရှေ့သို့ တက်လှမ်းလာနေပြီး ဆူဇီမိုနှင့် တဖြည်းဖြည်း နီးကပ်လာနေသည်ကို ရေပြင်အကာအရံလွှာကနေတစ်ဆင့် သန်းပေါင်းများစွာသော ကျင့်ကြံသူများက ရှင်းလင်းစွာ တွေ့မြင်နေကြရ၏။
အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ တည်နေရာများက ဆူဇီမိုနှင့် ထပ်တူကျလုနီးပါးဖြစ်လာပြီး သူတို့က မကြာခင် ပက်ပင်းတိုးတော့မည်ဖြစ်၏။
ဤအာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်က အစွန်းထွက်နေသော ကျင့်ကြံသူနှစ်ယောက်ဖြစ်သည့် လီရွှမ်နှင့် ကျန့်မောင် ဖြစ်လေသည်။
သူတို့နှစ်ယောက်က အားမနည်းကြဘဲ နှစ်ယောက်စလုံးက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များ ဖြစ်ကြ၏။
“ဆူဇီမိုက တကယ့်ကို ရူးမိုက်တာပဲ.. သူက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာတောင် ဝင်ပါလိုက်သေးတယ်.. သူက အဲဒါ ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ”
တောင်ကြားထဲမှာ လီရွှမ်က ရယ်မောလိုက်၏။
“အခုဆိုရင် သူက တောင်ကြားထဲမှာ ပိတ်မိနေပြီ.. သူက ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့ဘူး”
“အဲဒါ အမှန်ပဲ.. ငါတို့ထဲမှာ ဘယ်သူပဲဖြစ်ဖြစ်.. ဆူဇီမိုကို တွေ့တဲ့သူက ကံကောင်းတဲ့သူပဲ.. အဲဒါက ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ရပ် ဖြစ်လိမ့်မယ်”
ကျန့်မောင်က ပြောလိုက်၏။
လီရွှမ်က နှုတ်ခမ်းစူလိုက်၏။
“ငါ့အထင်တော့ သတင်းပို့အဆောင်ကို ချိုးဖို့က တကယ် မလိုအပ်ဘူး.. အဲဒီလူကို တွေ့တဲ့ ဘယ်သူမဆို သူ့ကို တစ်ခါတည်း ဖိနှိမ်လိုက်လို့ ရတာပဲ.. အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဘာများလုပ်နိုင်မှာလဲ”
ကျန့်မောင်က ခေါင်းခါလိုက်၏။
“အရှင်မင်းသားရဲ့ ညွှန်ကြားချက်အတိုင်းပဲ လိုက်နာရအောင်.. မင်းဘာသာမင်း ဆုံးဖြတ်ချက်မချနဲ့”
သူတို့နှစ်ယောက်က အပြန်အလှန် စကားပြောဆိုနေစဉ် အဝေးကနေ ပုံရိပ်တစ်ခုက ပျံသန်းလာ၏။
သူက ပိန်ပိန်ပါးပါးနှင့် သူ၏ မျက်နှာက ညှိုးခြောက်နေပြီး အလွန်တရာ အားနည်းသည့်ပုံပေါ်လေသည်။ အဲဒါက ဆူဇီမို အသွင်ပြောင်းထားသော ပုံပန်းသဏ္ဌာန်ဖြစ်လေသည်။
ကျန့်မောင်နှင့် လီရွှမ်၏ အကြည့်က သိပ်သည်းစုဖွဲ့သွား၏။
ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် အခြားသူများကလည်း မျက်မှောင် အနည်းငယ်ကြုတ်ပြီး ရင်တစ်ချက်ထိတ်သွားကြ၏။
သူတို့လေးယောက်အတွက်တော့ အဲဒါသည် ဆူဇီမိုအတွက် ကြီးမားသည့် စမ်းသပ်ချက်တစ်ခု ဖြစ်၏။
အာဏာပါးကွက်သား အစောင့်တပ်သားများ အားလုံးက သူတို့ လှုပ်ရှားပြုမူရမည့်အရာကို သိထားကြ၏။
သို့သော်လည်း တောင်ကြားထဲမှာ ရှိသော ဆူဇီမိုက အဲဒါနှင့် ပတ်သက်၍ ဘာကိုမှ မသိရှိသေးပေ။
ဆူဇီမိုက လှည့်ထွက်ပြေးမည်ဆိုလျှင် သူက အချိန်တချို့ ဆွဲကောင်းဆွဲနိုင်ပေလိမ့်မည်။
သူသည် အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်နှင့် တိုက်ခိုက်ပြီး ခါးသီးသော တိုက်ပွဲတစ်ခုမှာ ကျဆင်းသွားမည်ဆိုလျှင် သူက သေချာပေါက် သေရပေလိမ့်မည်။