← Chapters

သတ်ဖြတ်ရာမှာပြတ်သားခြင်း

Vol. 142 Ch. 2121

သတ်ဖြတ်ရာမှာပြတ်သားခြင်း

Vol. 142 Ch. 2121

တောင်ကြားထဲတွင်...။

ဆူဇီမိုသည် အနီးနားဝန်းကျင်မှ ပစ်မှတ်တစ်ခုကိုရှာဖွေနေစဥ် သူ၏ မြင်ကွင်းထဲမှာ လူနှစ်ယောက်က ရုတ်တရက်ပေါ်ထွက်လာ၏။

သူတို့က မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သူတို့၏ ခါးများမှာ ဆေဘာများကိုချိတ်ဆွဲထားကြ၏။

“ဟမ်...”

ဆူဇီမိုက သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းလိုက်၏။

အာဏာပါးကွက်သား အစောင့်တပ်သားများ...။

မည်သည့် ကမ္ဘာမြေအင်မော်တယ်မဆို အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါနိုင်၏။ အာဏာပါးကွက်သား အစောင့်တပ်သားများကလည်း ထိုအမျိုးအစားထဲမှာ ပါဝင်လေသည်။

သို့သော်လည်း အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်သည် သူ့ကိုတွေ့မြင်သောအခါ သူတို့ကလည်း သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

သူတို့၏ အမူအရာများထူးဆန်းနေပြီး သူတို့၏ မျက်လုံးများက ဝင်းလက်သွားကြ၏။ သူတို့က တစ်စုံတစ်ရာကိုရှာဖွေနေသည်မှာသိသာ၏။

ထိုတုံ့ပြန်မှုသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို တွေ့မြင်သောအခါ အခြားသူများ၏ တုံ့ပြန်မှုနှင့် အရမ်းကိုကွာခြားနေ၏။

တကယ်ဆို... အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်သည် သူ၏ ကျင့်ကြံမှုကိုစစ်ဆေးဖို့အတွက် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကိုပင် ထုတ်ဖော်ခြင်းမရှိဘဲ သူတို့၏ ခြေလှမ်းများကိုရပ်တန့်ကာ သူ့ကိုစိတ်အားထက်သန်စွာ စိုက်ကြည့်နေကြ၏။

‘သူတို့က ငါ့ကိုသိနေတာပဲ’

အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်၏ တုံ့ပြန်မှုကိုအ​ခြေခံပြီး ဆူဇီမိုက ချက်ချင်းပင်အကဲဖြတ်ကာ သူ၏ စိတ်ထဲသို့ အတွေးတစ်ခုဖျတ်ခနဲဝင်ရောက်လာ၏။

‘ငါ့ရဲ့သရုပ်သကန်က ပေါက်ကြားသွားပြီ။’

ထိုထင်မြင်ယူဆချက်က အရမ်းကိုကြောက်စရာကောင်းပြီး တုန်လှုပ်ဖွယ်ရာ ဖြစ်၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အဲ့ဒါကို ထပ်မံ၍စဥ်းစားနေဖို့အချိန်မရတော့ပေ။

ဘယ်ဘက်မှာရှိသော အာဏာပါးကွက်သား အစောင့်တပ်သားက သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး သတင်းပို့အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။

ထိုအခိုက်အတန့်မှာ သူတို့ကြားအကွာအဝေးအရ ချဥ်းကပ်ဖို့အတွက် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အသက်သွင်းဖို့က နောက်ကျသွားခဲ့လေပြီ။

ဖျတ်ခနဲဆို... ဆူဇီမိုက နေရာကနေပျောက်ကွယ်သွား၏။

အစစ်အမှန်နဂါးလျှပ်စီးကိုးချက်...။

“ဟမ့်...”

ကျန့်မောင်က ဆူဇီမိုကိုမမှိတ်မသုန်စိုက်ကြည့်နေ၏။ သူသည် သူ၏ သတင်းပို့အဆောင်ကို ထုတ်ယူလိုက်စဥ်မှာပင် သူက ခဏမျှ မှင်တက်သွား၏။

တစ်ဘက်လူက ဘယ်ရောက်သွားတာလဲ။

ဆူဇီမိုသည် သူ၏ မြင်ကွင်းကနေ ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။

ကျန့်မောင်က ငေးငိုင်နေစဥ်မှာပင် ဆူဇီမိုက အေးစက်စက်အမူအရာတစ်ခုနှင့်အတူ ပြန်လည်ပေါ်ထွက်လာ၏။ သူက သူတို့နှစ်ယောက်နှင့် ပေတစ်ရာပင် မကွာဝေးတော့ပေ။

ရုတ်တရက်ဆိုသလို..။

ဆူဇီမိုက နောက်တစ်ဖန်ပျောက်ကွယ်သွား၏။

‘သူက ထပ်ပြီးပျောက်သွားပြန်ပြီလား’

‘အဲ့ဒါက ဘာပါလိမ့်’

‘တည်နေရာခုန်ကူးခြင်းလား’

ကျန့်မောင်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။

တစ်ဘက်မှာတော့ လီရွှမ်ကလည်း တုံ့ပြန်မလာနိုင်ခဲ့ပေ။

ထိုစဥ်မှာပင် လီရွှမ်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရုတ်တရက်လှည့်ကြည့်လိုက်၏။

သူက ကျန့်မောင်၏ နောက်ဘက်ကိုကြည့်ပြီး သူက လောကမှာ ကြောက်စရာအကောင်းဆုံးအရာတစ်ခုကို တွေ့မြင်လိုက်ရသည့်အလား သူ၏ အမူအရာက ​ပြောင်းလဲသွား၏။

တစ်ချိန်တည်းမှာပင် ကျန့်မောင်သည် ကျောရိုးတစ်လျှောက်ချမ်းစိမ့်၍ ခေါင်းနားပန်းကြီးလာခဲ့၏။

မကြုံစဖူး သေခြင်းအော်ရာတစ်ခုက သူ့ကိုလွှမ်းခြုံလာ၏။

ဘန်း...

နုနယ်သောလက်ဖဝါးက သူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

သိပ်သည်းပြင်းထန်သော စွမ်းအားက. သူ၏ ဦးခေါင်းကို ထိုးဖောက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကြေမွပျက်စီးသွားစေ၏။

ကျန့်မောင်၏ မျက်လုံးက မှေးမှိန်သွား၏။

သူက သူ့လက်ထဲရှိ သတင်းပို့အဆောင်ကို မချိုးချေနိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ဆက်တိုက်ထုတ်ဖော်ခဲ့၏။ ကျန့်မောင်က ငေးငိုင်နေစဥ် ဆူဇီမိုကို သူ့ကိုတုံ့ပြန်ဖို့ မည်သည့်အခွင့်အရေးမှမပေးဘဲ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်၏။

“မင်း...”

သူ့ရင်ထဲရှိ တုန်လှုပ်မှုကိုဖိနှိမ်ပြီး လီရွှမ်က ဒေါသထွက်သွားကာ သူ၏ ကွပ်မျက်ဆေဘာကို ဆွဲထုတ်လိုက်၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး အော်ငေါက်လိုက်၏။

အစကတော့... သူသည် ‘မင်းဘယ်လိုတောင်လုပ်ရဲတာလဲ’ဟု ပြောချင်လေသည်။

သို့သော်လည်း သူက အသံတစ်ချက်သာထွက်ရသေးပြီး ဆူဇီမိုက ကျန့်မောင်ကိုသတ်ဖြတ်ပြီးနောက် ရပ်နားခြင်းမရှိဘဲ သူ့ထံသို့ခုန်ဝင်လာခဲ့ပြီဖြစ်၏။

“မင်းလည်းသေလိုက်တော့”

ဆူဇီမိုက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ကာ လီရွှမ်၏ မျက်နှာကို ပြင်းထန်ကြမ်းကြုတ်စွာ ဖိချလိုက်၏။

မဟာကစဉ့်ကလျားအမြုတေလက်ဝါးကနေ ထွက်ပေါ်လာသောအော်ရာက အလွန်တရာကြောက်စရာကောင်း၏။ တွန့်လိမ်ဆုတ်ဖြဲခြင်းနှင့် ဖိနှိမ်ခြင်း၏ စွမ်းအားက ချောက်ချားစရာကောင်းသောပုံစံဖြင့် ဘေးပတ်ဝန်းကျင်လေထုကို ပေါက်ကွဲထွက်သွားစေ၏။

လီရွှမ်က စကားဆုံးအောင်မပြောရသေးခင်မှာပင် သူက ကြောက်စရာကောင်းသော ထိုအော်ရာဖြင့် ပိတ်ဆို့တားဆီးခံလို​က်ရ၏။

လီရွှမ်က ထိတ်လန့်သွားပြီး သူ၏ သွေးချီကို အကန့်အသတ်ထိလှည့်ပတ်လိုက်၏။

သူက ကွပ်မျက်ဆေဘာကို လက်နှစ်ဖြင့်ကိုင်မြှောက်ပြီး ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခုတ်ပိုင်းချလိုက်၏။

ဆူဇီမိုက ရပ်တန့်ဖို့စိတ်ကူးမရှိပေ။

“မင်းကတော့.. သေချင်နေတာပဲ”

လီရွှမ်က ကြိတ်၍လှောင်ရယ်လိုက်၏။

သူ့လက်ထဲရှိ ကွပ်မျက်ဆေဘာက တစ်မူထူးခြားစွာထက်ရှပြီး ပကတိအဆင့် ကမ္ဘာမြေအင်မော်တယ် ဓမ္မရတနာတစ်ခုဖြစ်လေသည်။ အဲ့ဒါက အသွေးအသားခန္ဓာကိုယ်တစ်ခု ခုခံနိုင်သောတစ်စုံတစ်ရာမဟုတ်ပေ။

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်အနေဖြင့် သူ၏ လက်နက်က သေချာပေါက်မညံ့ပေ။

ချွမ်း...

ကွပ်မျက်ဆေဘာက မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် ထိခတ်သောအခါ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

အဲ့ဒါက အရမ်းကိုစူးရှလွန်းနေ၏။

“မဖြစ်နိုင်တာ”

လီရွှမ်က တုန်လှုပ်သွား၏။

သူမတုံ့ပြန်နိုင်ခင်မှာပင် စွမ်းပကားကြီးမား၍ ပြင်းထန်ကြမ်းကြုတ်သော ကြိတ်ချေစွမ်းအားတစ်ခုက ချက်ချင်းပင်ပေါက်ကွဲထွက်ပေါ်လာ၏။

သူ၏ လက်နှစ်ဖက်က ကွပ်မျက်ဆေဘာကို လုံးဝဆုပ်ကိုင်မထားနိုင်တော့ဘဲ အဲ့ဒါက သူ့လက်ထဲကနေ စင်ထွက်သွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လက်ရှိခွန်အားအရ သူသည် မူလကမ္ဘာမြေအဆင့် ဓမ္မရတနာတစ်ခုကိုပင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။

ကွပ်မျက်ဆေဘာက သူ့ကိုလုံးဝမထိခိုက်စေနိုင်ပေ။

ဆူဇီမိုသည် ကွပ်မျက်ဆေဘာကိုလုယူပြီး အဲ့ဒါကိုလက်ပြန်ပစ်ထိုးလိုက်၏။

ဖောက်...

ဆေဘာက မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာနှင့် လီရွှမ်ကိုထိုးဖောက်သွား၏။

သူ၏ နှလုံးက ပေါက်ကွဲထွက်သွားပြီး သူ၏ သွေးချီက ချက်ချင်းပင် ယိုယွင်းပျက်စီးသွား၏။

မတူညီသောလူများ၏ လက်များထဲမှာ တူညီသောကွပ်မျက်ဆေဘာ၏ သေစေနိုင်စွမ်းအားက အရမ်းကို ကွာခြားနေ၏။ ဆူဇီမို၏ ခုတ်ချက်က လီရွှမ်၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ရုံသာမကဘဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာကိုပါ ကြေမွသွားစေ၏။

ရက်စက်ကြမ်းတမ်းသော ဆေဘာချီက လီရွှမ်၏ ကိုယ်တွင်းအင်္ဂါများကို အပိုင်းပိုင်းလှီးဖြတ်ပစ်လိုက်၏။

လီရွှမ်၏ ခန္ဓာကိုယ်က လုံးဝကိုချို့ယွင်းပျက်စီးသွားခဲ့လေပြီ။

သေရေးရှင်းရေးအခိုက်အတန့်မှာ လီရွှမ်၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်ပြီး သူက သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ထွက်ပြေးဖို့ပြင်လိုက်၏။

သို့သော်လည်း ဆူဇီမို၏တုံ့ ပြန်မှုက ပို၍ပင်မြန်ဆန်လေသည်။ ဆေဘာက လီရွှမ်၏ ရင်ဘတ်ကို ထိုးဖောက်သွားစဥ်မှာပင် သူ၏ လက်ဖဝါးက ဆင်းသက်လာခဲ့ပြီး လီရွှမ်၏ မျက်နှာကို ဖမ်းဆွဲကာ အမြုတေချီက တလိပ်လိပ်ထိုးတက်၍ အကျဥ်းထောင်တစ်ခုကိုချက်ချင်းပင်ဖြစ်ပေါ်လာစေ၏။

လီရွှမ်၏ အမြုတေစိတ်ဝိညာဥ်က လုံးဝလွတ်မြောက်နိုင်ခြင်းမရှိဘဲ သူ၏ အသိစိတ်ထဲမှာ နာခံစွာသာနေရတော့လေသည်။

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်ကာ သူ့ရှေ့မှာရှိသောလီရွှမ်ကို စိုက်ကြည့်နေ၏။ သူက သူ့လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်လိုက်သည်နှင့်အမျှ သူကထိုသူကိုသတ်ဖြတ်နိုင်၏။

“ဟီးဟီးဟီးဟီး...”

သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိသွားပြီး လီရွှမ်က သူ့ရှေ့မှာရှိသော ဆူဇီမိုကိုကြည့်ကာ သွေးများကိုအန်ထုတ်ရင်း ရယ်မောလိုက်၏။

“ဆူဇီမို... မင်းငါ့ကိုသတ်မယ်ဆိုရင်တောင် မင်းကလည်း ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး... အရှင်မင်းသားက သူ့ရဲ့လူတွေကိုခေါ်လာခဲ့ပြီ... မင်းသေဖို့သာစောင့်နေတော့”

ဖောက်...

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည်ဆက်လက်၍ သံသယမရှိတော့ပေ။ သူ၏ လက်ဖဝါးဆီသို့ခွန်အားကို ပို့လွှတ်ပြီး လီရွှမ်၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးကာ သူ့ကိုသေဆုံးသွားစေ၏။

ဆူဇီမို၏ အမူအရာက သုန်မှုန်သွားလေသည်။

သူထင်မှတ်ထားသည့်အတိုင်းပင် သူ၏ သရုပ်မှန်က ပေါက်ကြားသွားခဲ့ပြီဖြစ်၏။

ပို၍ပင်ဆိုးဝါးသောအခြေအနေမှာ မင်းသားယွမ်ကျောသည် သူ့လူများကို ခေါ်လာခဲ့လေသည်။

သူရောက်ရှိနေသည့်နေရာကို သိရှိထားသည့် တစ်ဦးတည်းသောသူက ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် ကြယ်တာရာမိုးဖြစ်လေသည်။

သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ကြယ်တာရာမိုးက သတင်းပေးခဲ့ခြင်းဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုက ထိုထင်မြင်ယူဆချက်ကို ပယ်ချလိုက်၏။

ကြယ်တာရာမိုးက သူ့ကိုကိုင်တွယ်ချင်သည်ဆိုလျှင် သူ့အနေဖြင့် မလိုအပ်သည့်မည်သည့်အရာကိုမှ ပြုလုပ်နေစရာမလိုပေ။

သူက ဆူဇီမိုကို ထိုစဥ်တုန်းက တိုက်ရိုက်ဖိနှိမ်ပြီး မင်းသားယွမ်ကျောထံသို့ အပ်ပေးလိုက်ရုံသာဖြစ်၏။

ဒါ့အပြင် ကြယ်တာရာမိုးသည် သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာရောက်ရှိနေသည်ကို သိရှိထားသော်လည်း သူသည် ဆူဇီမို၏ လက်ရှိအသွင်ပြောင်းလဲထားသော ပုံစံကို မသိရှိပေ။

သို့သော်လည်း အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က သူ့ကို မှတ်မိသိရှိနေသည်မှာ သိသာလေသည်။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်နေစဥ် ရစ်ခွေနဂါးတောင်ကြောရိုးက ထူးဆန်းစွာတိတ်ဆိတ်ငြိမ်သက်သွား၏။

လူတိုင်းသည် တောင်ကြားထဲရှိပုံရိပ်ကို မယုံကြည်နိုင်စွာငေးကြည့်နေရင်း သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့်ပြူးကျယ်နေ၏။

ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် အခြားနှစ်ယောက်ပင်လျှင် တုန်လှုပ်နေကြ၏။

ဆူဇီမို၏ တုံ့ပြန်မှုက လူတိုင်းထင်မှတ်ထားသည်ထက် ကျော်လွန်နေ၏။

သူသည် ထွက်ပြေးသွားခြင်းမရှိခဲ့သလို အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်နှင့် ခါးသီးသောတိုက်ပွဲတစ်ခုမှာ ငြိတွယ်နေခဲ့ခြင်းလည်း မရှိပေ။

နှစ်ချီသုံးချီမျှနှင့် အဆင့်-၈ ကမ္ဘာ​မြေအင်မော်တယ်အာဏာပါးကွက်သား အစောင့်တပ်သားနှစ်ယောက်က ခုခံဖို့ပင်အခွင့်အရေးမရဘဲ နေရာမှာပင် ဆူဇီမို၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရ၏။

နှစ်ကြိမ်ဆင့်၍ခုန်ကူးခဲ့သော သူ၏ လှုပ်ရှားမှုနည်းစနစ်က တကယ့်ကိုအထင်ကြီးစရာကောင်းလေသည်။

သို့သော်လည်း ပို၍ပင်တုန်လှုပ်စရာကောင်းသည်မှာ ဆူဇီမို၏ တည်ငြိမ်မှုနှင့် လျှက်တပြက် အကဲဖြတ်နိုင်စွမ်းဖြစ်၏။

ဆူဇီမိုသည် တောင်ကြားထဲမှာရှိနေခဲ့ပြီး အပြင်ဘက်မှာဖြစ်နေခဲ့သည့်အရာများကို မသိရှိခဲ့ပေ။

သို့သော်လည်း သူက အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ကို တွေ့မြင်လိုက်သည့်ခဏမှာပင် သူကတစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်သွားပြီး ပြတ်သားသောသတ်ဖြတ်လိုစိတ်နှင့်အတူ တိုက်ရိုက်တိုက်ခိုက်ခဲ့လေသည်။

ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် အခြားနှစ်ယောက်ပင်လျှင် တုန်လှုပ်သွားရ၏။

သည့်မတိုင်ခင်က ဤကောင်လေးမှာ အနည်းငယ်ပျော့ပြောင်းသောနှလုံးသားရှိသည်ဟုပင် ကောင်းကင်ချောက်နက်က မှတ်ချက်ပြုခဲ့ဖူးလေသည်။

ဤတိုက်ခိုက်ဖလှယ်မှုသည် ​တောင်ကြားထဲရှိ ဤလူက ဘယ်လောက်တောင်ကြောက်စရာကောင်းလဲ လူတိုင်းကို မျက်ဝါးထင်ထင်မြင်တွေ့သွားစေ၏။

သို့သော်လည်း သူတို့မြင်တွေ့နေရသည့်ကြောက်မက်ဖွယ်ရာကောင်းမှုသည် ဆူဇီမိုအတွက် ရေခဲတောင်၏ ထိပ်ဖျားမှသာဖြစ်သည်ကို မည်သူကမှ သဘောမပေါက်ကြသေးပေ။

ဆူဇီမို၏ အစစ်အမှန်အစွယ်များနှင့် လ​က်သည်းများက ယခုအချိန်ထိ ထွက်ပေါ်မလာသေးပေ။

All Chapters