စစ်ကြေညာခြင်း
Vol. 142 Ch. 2122
ယန်လောရှု၊ ကောင်းကင်ချောက်နက်နှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး မည်သည့်စကားကိုမှ ပြောဆိုကြခြင်းမရှိပေ။
အဲ့ဒီမှာ ထုတ်ဖော်ပြောစရာမလိုဘဲ လူတိုင်းအလိုလိုနားလည်သဘောပေါက်လိုက်သည့် အရာများစွာရှိလေသည်။
စောစောက ဆူဇီမို၏ နည်းလမ်းများအရ ဤကောင်လေးသည် သူ၏ ခွန်အားကို တမင်သက်သက် ထိန်ချန်ထားခဲ့သည်မှာ သိသာလေသည်။
သည့်ယခင်က ကောင်းကင်အင်မော်တယ်လေးဦးသည် ဆူဇီမိုကို သူတို့၏ ဂိုဏ်းများဆီသို့ခေါ်ဆောင်ဖို့ စိတ်အားတက်ကြွနေခဲ့ကြ၏။
ဆူဇီမိုက ပိုမိုသန်မာလေလေ သူတို့လေးယောက်က ပို၍ပြတ်သားလာလေလေဖြစ်၏။
အစကတော့... မင်းသားယွမ်ကျောက ကြောက်မက်ဖွယ်ရာပုံစံဖြင့်ရောက်ရှိလာသောအခါ သူတို့လေးယောက်ထဲမှတချို့က တွေဝေတုံ့ဆိုင်းနေခဲ့ကြ၏။
အခုတော့... ကောင်းကင်အင်မော်တယ်လေးဦးက ဆူဇီမိုကို ပို၍ပင် စည်းရုံးသိမ်းသွင်းချင်နေကြ၏။
သူ၏ နည်းလမ်းများကို အသာထား... သူ၏ စိတ်နေစရိုက်၊ တည်ငြိမ်မှုနှင့် သတ်ဖြတ်ရာမှာ ပြတ်သားခြင်းတို့ကပင် ဤကောင်လေး၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက အကန့်အသတ်မဲ့သည်ကိုပြောဖို့လုံလောက်လေသည်။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသည် မဟာကျင်းအင်မော်တယ်နိုင်ငံကို မကြောက်ရွံ့ပေ။
ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် အခြားကောင်းကင်အင်မော်တယ်နှစ်ယောက်က ယွမ်ကျော၏ အဆင်အတန်းကို စိုးရိမ်ပူပန်နေလိမ့်မည်မဟုတ်ပေ။
အခြားတစ်ဘက်မှာတော့... မင်းသားယွမ်ကျော၏ အမူအရာက ရေပြင်အကာအရံအလွှာပေါ်မှ ပုံရိပ်ကိုကြည့်ရင်း သုန်မှုန်ခက်ထန်လာခဲ့၏။ အံကိုတင်းတင်းကြိတ်ပြီး သူကမုန်းတီးစွာပြောလိုက်၏။
“အသုံးမကျတဲ့ အမှိုက်နှစ်ကောင်”
ကောင်းကင်အင်မော်တယ်လေးဦးက မင်းသားယွမ်ကျောကို တစ်ချက်လှမ်းကြည့်လိုက်ကြ၏။
မင်းသားယွမ်ကျောက ယုံကြည်မှုဖြင့်ပြည့်နှက်နေခဲ့ပြီး လူတိုင်း၏ ရှေ့မှာ မောက်မာခက်ထန်စွာ ကြွားလုံးထုတ်ခဲ့၏။ ယခုတော့ သူက ဤကဲ့သို့သောရိုက်ချက်တစ်ခုကို ရရှိသွားခဲ့လေသည်။
သူ၏ ရင်ထဲရှိ မခံချိမခံသာဖြစ်မှုကို စဥ်းစားကြည့်နိုင်၏။
ကောင်းကင်အင်မော်တယ်လေးဦး၏ အကြည့်များကိုအာရုံခံမိသွားပြီး မင်းသားယွမ်ကျောသည် သူကဣန္ဒြေပျက်ယွင်းသွားသည်ဆိုတာကို နားလည်သဘောပေါက်သွားကာ သူ့ကိုယ်သူတည်ငြိမ်စေဖို့ အသက်ပြင်းပြင်းတစ်ချက် ခပ်မြန်မြန်ရှိုက်လိုက်၏။
“အဲ့ဒါဘာမှမဖြစ်ဘူး”
မင်းသားယွမ်ကျောက တည်ငြိမ်ချင်ယောင်ဟန်ဆောင်ပြီးပြောလိုက်၏။
“အဲ့ဒါက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်ပဲ... သူတို့သေသွားမယ်ဆိုလည်း ရတယ်...တောင်ကြားထဲမှာ အာဏာပါးကွက်သားအစောင့်တပ်သား ၁၁၀ ရှိနေတုန်းပဲ... သူက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ကောင်းကင်အင်မော်တယ်လေးဦးက တုံ့ပြန်မလာခဲ့ပေ။
သို့သော်လည်း ဆူဇီမိုက အန္တရာယ်များသောအခြေအနေမှာရှိနေသေးသည်ကို သူတို့လေးယောက်ကသိရှိထား၏။
သူသည် တစ်ခဏချင်းမှာပဲ အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ သူက သူတို့ကိုလျှပ်တပြက်တိုက်ခိုက်ဖို့အတွက် တည်နေရာခုန်ကူးခြင်းနှင့်ဆင်တူသော လှုပ်ရှားမှုနည်းစနစ်တစ်ခုကို အသုံးချခဲ့သောကြောင့်ဖြစ်၏။
ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၀ ကတော့ သူတို့သည် မတူညီသောအဖွဲ့ဆယ်ဖွဲ့ခွဲထားပြီး အဖွဲ့တစ်ဖွဲ့ချင်းစီမှာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၁ယောက်ပါဝင်လေသည်။
အုပ်စုတစ်စုချင်းစီမှာ အနည်းဆုံး အဆင့်-၉ ကမ္ဘာမြေအင်မော်တယ် ၇ယောက် ပါဝင်လေသည်။
ဆူဇီမိုသည် ဘယ်အုပ်စုနှင့်ပက်ပင်းတိုးသည်ဖြစ်စေ သူသည် အာဏာပါးကွက်သား အစောင့်တပ်သား ၁၁ ယောက်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သူတို့ထဲမှအများစုက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်သည်ဟု ဆိုလိုလေသည်။
နှစ်ဘက်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားပြီး ဆူဇီမိုသည် တိုက်ပွဲဖြစ်ပွားလာသည့်အခါ အနိုင်ရဖို့အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။
ကောင်းကင်အင်မော်တယ်လေးဦးပင်လျှင် အဆင့်-၆ ကမ္ဘာအမြုတေနယ်ပယ်မှာရှိခဲ့စဥ်က သူတို့သည် ဆူဖိမို၏ လက်ရှိအကျပ်အတည်းမျိုးနှင့် ရင်ဆိုင်ရပါက သူတို့သည်ပင် ဤအခြေအနေကနေ ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင်သူသည် အုပ်စုများထဲမှတစ်ခုနှင့် တိုက်ခိုက်ရသည်နှင့်အမျှ အခြားသော အုပ်စု ၉စုက သတင်းပို့အဆောင်ကို မြင်ရသည့်ခဏမှာပင် သေချာပေါက်အပြေးအလွှားရောက်ရှိလာမည်ဖြစ်ပြီး ဝန်းရံပိတ်ဆို့တိုက်ခိုက်ကြပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဆူဇီမိုတွင် အတောင်ပံများရှိနေလျှင်ပင် လွတ်မြောက်တော့မည်မဟုတ်ပေ။
ကောင်းကင်အင်မော်တယ်လေးဦးသည် ဆူဇီမိုကို သူတို့၏ ဂိုဏ်းများသို့ ဝင်ရောက်စေချင်သော်လည်း အဲ့ဒီမှာမဖြစ်မနေလိုအပ်ချက်တစ်ခုရှိလေသည်။
အနည်းဆုံးတော့... သူသည်အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ နောက်ဆုံးအချိန်ထိ ရှင်သန်နေနိုင်ရပေမည်။
ရစ်ခွေနဂါးတောင်ကြောရိုး၏ အပြင်ဘက်မှာ ရိုးရှင်း၍ ဟိတ်ဟန်မများသော ရထားလုံးတစ်စင်းက တိမ်စိုင်များကိုဖြတ်ကျော်ပြီး လူအုပ်ကြားထဲသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့၏
ဤကဲ့သို့သောရထားလုံးက ကျင့်ကြံရေးလောကမှာ တွေ့မြင်ရအများဆုံးဖြစ်လေသည်။
ရထားလုံးထဲမှာ အမျိုးသမီးနှစ်ယောက်ထိုင်နေကြ၏။ အဲ့ဒါသည် ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးနှင့် သူမ၏ အစေခံဖြစ်လေသည်။
ဒါ့အပြင် ရစ်ခွေနဂါးတောင်ကြောရိုးမှာရှိသော ကျင့်ကြံသူများအားလုံးသည် တောင်ကြားထဲမှာရှိသော ဆူဇီမိုကိုသာအာရုံစိုက်ထားကြ၏။
ရစ်ခွေနဂါးတောင်ကြောရိုးမှာ အတန်ကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ကျင့်ကြံသူများစွာသည် သူတို့၏ ငေးငိုင်နေရာကနေ နိုးထလာကာ အံ့အားတသင့်အော်ဟစ်သံများထွက်ပေါ်လာ၏။ စျေးကွက်တစ်ခုကဲ့သို့ ဆူညံပွက်လောရိုက်နေသော အသံများထွက်ပေါ်လာခဲ့လေသည်။
“ဆူဇီမိုက တကယ့်ကိုရက်စက်ကြမ်းတမ်းတာပဲ”
“ဟုတ်တယ်... ဟိုအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်က သူ့ရဲ့သတင်းပို့အဆောင်ကို ထုတ်ယူလိုက်ပြီ... ဒါပေမဲ့သူက အဲ့ဒါကိုချိုးချေဖို့တောင် အချိန်မရလိုက်ဘူး”
“ဟီးဟီး... ငါ့အထင်တော့ာ.. ဆူဇီမိုက သက်သက်သေချင်နေတာပဲ... အဲ့လိုဆိုလေ... မင်းသာယွမ်ကျောက သူ့ကိုပိုပြီးတော့အလွတ်မပေးလေပဲ”
ရထားလုံးအတွင်းမှာ...။
ခဏမျှနားထောင်ပြီးနောက် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွား၏။
“မင်းသမီး... ရှင်အများကြီးလေ့လာပြီးတော့ အရာရာတိုင်းကို သိနေတာပဲ... စောစောက ဆူဇီမိုက တည်နေရာခုန်ကူးခြင်းနဲ့ဆင်တူတဲ့ လှုပ်ရှားမှုနည်းစနစ်တစ်ခုကို အသုံးပြုခဲ့တယ်လို့ သူတို့ကဆွေးနွေးပြောဆိုနေကြတယ်... အဲ့ဒါဘာလဲ”
မိန်းကလေးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“လူသားမျိုးနွယ်ရဲ့ ကျင့်ကြံရေးဓမ္မအစီအရင်ထဲမှာ အဲ့လိုမျိုး ကျင့်ကြံရေးနည်းစနစ်တစ်ခုရှိတယ်လို့ ငါမကြားဖူးဘူး... ဒါပေမဲ့ နဂါးမျိုးနွယ်မှာတော့ အပြင်လူတွေကိုသင်ကြားပေးလို့မရတဲ့ လျှို့ဝှက်အတတ်တစ်ခုရှိတယ်... သူ့ရဲ့အကန့်အသတ်ထိ ကျင့်ကြံတဲ့အခါ အဲ့ဒါက ကိုးကြိမ်ဆက်တိုက်ဆင့်ပြီး ခုန်ကူးနိုင်တယ်”
“တော်တော်အံ့ဩဖို့ကောင်းတာပဲ”
မိန်းကလေးက ပြူးကျယ်နေသောမျက်လုံးများဖြင့် အံ့အားတသင့်ပြောဆိုလိုက်၏။
ထို့နောက် သူမက သူမ၏ခေါင်းကို အနည်းငယ်လှည့်ပြီး တွေဝေရှုပ်ထွေးစွာမေးမြန်းလိုက်၏။
“ဒါပေမဲ့... အဲ့ဒီလူက နဂါးမျိုးနွယ်က လျှို့ဝှက်အတတ်ကို ဘယ်လိုလုပ်ပြီးသိနေတာလဲ”
သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီး၏ အမူအရာက ပြောင်းလဲသွားသော်လည်း အဲ့ဒါကိုရှင်းပြမနေပေ။
သူမသည် သူမ၏ သေးသွယ်သောလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ပြတင်းပေါက်ခန်းဆီးကို အနည်းငယ်ပင့်တင်ကာ တောင်ကြားထဲကို လှမ်းကြည့်လိုက်၏။
တောင်ကြားထဲမှာ အဝါရောင်သန်းနေသောမျက်နှာနှင့် ပိန်ပိန်ပါးပါးလူငယ်သည် ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်၏ အလောင်းဘေးမှာ မတ်တတ်ရပ်နေ၏။ သူက သူ၏ ခေါင်းကို အနည်းငယ်ငုံ့ထားပြီး အတွေးနက်စွာဖြင့် မလှုပ်မယှက် ရှိနေ၏။
ရုတ်တရက်ဆိုသလို...
လူငယ်က သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် လူငယ်၏ ပုံပန်းသွင်ပြင်နှင့်မျက်နှာက လျင်မြန်စွာပြောင်းလဲသွား၏။
တစ်ခဏချင်းမှာပင် သူက အရပ်မြင့်မြင်နှင့် ရုပ်ရည်ချောမောခံ့ညားသော စာပေသမားတစ်ယောက်အဖြစ်ပြောင်းလဲသွား၏။
“အဲ့ဒါသူ့ရဲ့ နဂိုရုပ်ရည်သွင်ပြင်လား”
မိန်းကလေးက မျက်တောင်ခတ်လိုက်၏။
“သူကအခုမှပဲ အများကြီးပိုပြီး ကြည့်ကောင်းသွားတယ်”
လေထဲမှာ မင်းသားယွမ်ကျောက လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်ပြီး သူအရိုးထိတိုင်မုန်းတီးသော ထိုမျက်နှာကိုကြည့်ကာ သူကသတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ထိုစဥ်မှာပင် တောင်ကြားထဲရှိ စာပေသမားက လူတိုင်းကို တုန်လှုပ်သွားစေမည့်တစ်စုံတစ်ရာကို ပြုလုပ်ပြလိုက်၏။
စာပေသမားလူငယ်က ကောင်းကင်ထက်ကိုမော့ကြည့်ပြီး သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်းမြှောက်ကာ သူ၏ လည်ပင်းရှေ့မှာထားပြီး ခေါင်းဖြတ်သည့် လက်ဟန်အမူအရာတစ်ခုကို ပြုလုပ်ပြလိုက်၏။
“ဒါက...”
“သူဘာလုပ်နေတာလဲ... အဲ့ဒါကရန်စလိုက်တာလား”
“အဲ့ဒီလူက တော်တော်အတင့်ရဲတာပဲ... သူကမင်းသားယွမ်ကျောရောက်နေတယ်ဆိုတာကိုသိသွားပြီ... ဒါပေမဲ့ သူကဒီပုံစံနဲ့တောင်မှ သူ့ကိုရန်စရဲသေးတယ်... သူက မကြာခင်ကျရောက်လာတော့မယ့် သူ့ရဲ့ သေခြင်းတရားကို စိုးရိမ်ပူပန်နေသင့်တာ မဟုတ်ဘူးလား”
လူအုပ်ကြားထဲမှ ဆွေးနွေးပြောဆိုသံများက ပို၍ကျယ်လောင်လာ၏။
မင်းသားယွမ်ကျောက အလွန်တရာဒေါသထွက်နေသော်လည်း သူက ရယ်မော၍ ထပ်တလဲလဲခေါင်းညိတ်လိုက်၏။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်... မင်းကငါ့ကိုတောင်ရန်စရဲတယ်ပေါ့... ငါမင်းကိုအသက်ရှင်လျက်ဖမ်းဆီးပြီးတာနဲ့ ငါမင်းကိုညှင်းပန်းနှိပ်စက်ဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြမယ်”
“ဆူဇီမို... မင်းအဲ့ဒါကို အခုချိန်ထိနားမလည်သေးဘူးပဲ... ဒါပေမဲ့ တောင်ကြားထဲမှာ ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား ၁၁၀ ကမင်းကိုစောင့်နေကြပြီ”
ကောင်းကင်အင်မော်တယ်လေးဦးမှာ မတူညီသောအမူအရာများရှိနေကြ၏။
အစကတော့... ဆူဇီမိုအပေါ် သူတို့၏ ထင်မြင်ယူဆချက်သည် ထိုသူက နှိမ့်ချနေတတ်ပြီး သတိကြီးကြီးထားကာ တစ်နည်းတစ်ဖုံအားဖြင့် နှလုံးသားပျော့ညံ့သောလူတစ်ယောက်ဖြစ်၏။
သို့သော် ယခု သူက အလွန်တရာထက်ရှလာခဲ့၏။
“မင်းသမီး... အဲ့ဒီလူကအရမ်းကိုမောက်မာလွန်းတယ်”
ရထားလုံးထဲမှာ မိန်းကလေးက နှုတ်ခမ်းစူလိုက်၏။
“သူက အန္တရာယ်နဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကို အခုချိန်ထိနားမလည်သေးဘူး... သူက မင်းသားယွမ်ကျောကို ရန်စဖို့တောင်စိတ်အာရုံရနေသေးတယ်”
“ရန်စတာလား”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“သူ့ရဲ့ အဲ့ဒီအပြုအမူက စစ်ကြေညာလိုက်တာနဲ့ပိုတူနေတယ်လို့တောင် ငါထင်တယ်”
“စစ်ကြေညာတာလား”
မိန်းကလေးငယ်က အံ့အားသင့်သွားပြီးမေးလိုက်၏။
“သူကဘယ်သူ့ကို စစ်ကြေညာနေတာလဲ... သူက အတိအကျဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိူးသမီးက ပြန်မဖြေဘဲ တောင်ကြားထဲရှိ ဆူဇီမိုကိုသာကြည့်နေ၏။
ဆူဇီမိုက အာဏာပါကွက်သား အစောင့်တပ်သားနှစ်ယောက်၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။
ထို့နောက် လူတိုင်း၏ ရှေ့မှာပင် သူ၏ ရုပ်ရည်သွင်ပြင်ကို တစ်ဖန်ပြောင်းလဲလိုက်ပြီး သူက အရပ်မြင့်မြင့်နှင့် ဗလတောင့်တောင့်လူတစ်ယောက်ဖြစ်လာခဲ့၏။
ဆူဇီမိုသည်ကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။ အဲ့ဒီရေပြင်အကာအရံအလွှာတစ်ခုရှိနေပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာကို သူကမတွေ့မြင်ရသော်လည်း...။
သို့သော် မင်းသားယွမ်ကျောက အပြင်ဘက်ကနေ သူ့ကိုသေချာပေါက်ကြည့်နေသည်ကို သူသိလေသည်။
ဆူဇီမိုက ကောင်းကင်ထက်ကိုမော့၍ သွားဖြဲပြပြီး ခပ်ဝေးဝေးသို့ပြေးထွက်မသွားခဲ့ပေ။