← Chapters

သွေးတစ်လုတ်

Vol. 142 Ch. 2130

သွေးတစ်လုတ်

Vol. 142 Ch. 2130

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၁၀ယောက်က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။

တစ်ချိန်တည်းနီးပါးမှာပင် ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သား ၁၀ယောက်သည် သူတို့၏ ဂုဏ်သိက္ခာ သို့မဟုတ် အမိန့်အာဏာတို့ကို ဂရုမစိုက်နိုင်တော့ဘဲ မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်း ဝင်္ကပါထဲကနေ လှည့်ထွက်ပြေးလိုက်ကြ၏။

ခေါင်းဆောင်ရှစ်နှင့် အခြားသူများက လုံးဝကို ကြောက်လန့်နေကြပြီဖြစ်၏။

ဤခရီးစဉ်မှာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၀၀ကျော် ရောက်ရှိလာခဲ့သော်လည်း သူတို့ ၁၀ယောက်သာလျှင် ကျန်ရှိတော့၏။ ကျန်ရှိနေသောသူများက သေသူသေ၊ ဒဏ်ရာရသူရနှင့် အလွန်တရာ ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရောက်ရှိနေကြ၏။

တခြား ဘယ်သူကများ ဆူဇီမိုကို တိုက်ခိုက်ရဲပါတော့မလဲ။

ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများ၏ စိတ်အာရုံထဲမှာ အသက်ရှင်ဖို့ အတွေးတစ်ခုသာလျှင် ကျန်ရှိတော့လေသည်။

သူတို့ ၁၀ယောက်က လှည့်ထွက်ပြေးလိုက်ကြ၏။ ဆူဇီမို၏ လှုပ်ရှားမှု နည်းစနစ်က ပို၍ပင် မြန်ဆန်လေသည်။ သူက မြေပြင်ကို ဖနောင့်တစ်ချက်ပေါက်ပြီး တသိမ့်သိမ့် လှုပ်ခါစေကာ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပြေးထွက်သွား၏။

ဘန်း..

အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က ဆူဇီမို၏ လိုက်မီခြင်းခံလိုက်ရပြီး အပိုင်းပိုင်း ကြေမွသွားအောင် ပစ်တိုက်ခံရကာ နေရာမှာပင် သေဆုံးသွား၏။

ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ခြင်း မရှိဘဲ ဦးတည်ဘက်များကို​ ပြောင်းလဲကာ နောက်ထပ် အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ထံ ပြေးလိုက်သွား၏။

သိပ်မကြာခင် ဆူဇီမိုက ဒုတိယမြောက် အာဏာပါးကွက်သား အစောင့်တပ်သားကို လိုက်မီသွားပြီး ထိုသူ၏ ဦးခေါင်းနောက်ကို လက်ညှိုးတစ်ချောင်းဖြင့် ထိုးဖောက်လိုက်၏။ ထိုသူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားပြီး သေဆုံးသွားလေသည်။

ကျန်ရှိနေသော အာဏာပါးကွက်သား အစောင့်တပ်သားများက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များ ထိခိုက်ဒဏ်ရာရရှိထားသည့်အတွက် သူတို့၏ တိုက်ခိုက်ခွန်အား အထွတ်အထိပ်၏ တစ်ဝက်ကိုပင် မထုတ်ဖော်နိုင်ကြပေ။

ဆူဇီမိုသည် ဟင်းရွက်ကန်စွန်းများကို ခုတ်ပိုင်းနေသကဲ့သို့ နောက်ကနေ ပြေးလိုက်လာပြီး မည်သူကမှ သူ့ကို မခုခံနိုင်ကြပေ။

ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများသည် မတူညီသော ဦးတည်ဘက်များ ခွဲ၍ ထွက်ပြေးလိုက်ကြသော်လည်း မဟူရာအလင်း အမြုတေဖြတ်တောက်ဝင်္ကပါထဲမှာ အမြုတေချီ မရှိဘဲ သူတို့သည် ပြေးလွှားဖို့အတွက် သူတို့၏ ကိုယ်ကာယစွမ်းအားကိုသာ အသုံးပြုနိုင်လေသည်။

သူတို့က ဆူဇီမို၏ အလျင်အဟုန်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။

ခေါင်းဆောင်တပ်မှူးရှစ်က မဟူရာအလင်း အမြုတေဖြတ်တောက်ဝင်္ကပါထဲကနေ ထွက်ပြေးလွတ်မြောက်လာသောအခါ သူတို့ ၁၀ယောက်ထဲမှ ၇ယောက်က ဆူဇီမို၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီကို သဘောပေါက်သွား၏။

ခေါင်းဆောင်တပ်မှူး ရှစ်အပါအဝင် ထွက်ပြေးလွတ်မြောက်လာသော လူသုံးယောက်သာလျှင် ရှိလေသည်။

သူတို့သုံးယောက်က ထိတ်လန့်တကြား အမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုပ်လှုပ်ချောက်ချားမှုကို တွေ့မြင်ရကာ ခါးသီးစွာ ခံစားလိုက်ရ၏။

တောင်ကြားထဲသို့ သူတို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်က သူတို့မှာ ရှိခဲ့သည့် မြင့်မားသော စိတ်ဝိညာဉ်များနှင့် သံမဏိသတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ယခုအချိန်မှာ သူတို့သုံးယောက်သည် ခွေးလေခွေးလွင့်များကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်နေကြ၏။

ကံကောင်းထောက်မစွာဖြင့် မဟူရာအလင်း အမြုတေဖြတ်တောက်ဝင်္ကပါထဲကနေ ထွက်ခွာလာခဲ့ပြီးနောက် သူတို့သုံးယောက်သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို အသက်သွင်းပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို အသုံးပြုနိုင်မည် ဖြစ်၏။ သူတို့က ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် လှုပ်ရှားမှု နည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်၏။

ရွှစ်..

လေထဲကနေ ရွှေရောင်အလင်းတစ်ခုက ရိပ်ခနဲ ဖြတ်သန်းလာပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

ခေါင်းဆောင်တပ်မှူးရှစ်၏ ရှေ့မှောက်မှာ အာဏာပါးကွက်သား အစောင့်တပ်သား ၃ယောက်ထဲမှ တစ်ယောက်က ရွှေရောင်အလင်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်ကာ ချက်ချင်းပင် သေဆုံးသွား၏။

ပေါ်ထွက်လာသော ရွှေရောင်အလင်းက သူ၏ နောက်ဘက်မှာ ရှိသော ဧရာမ ရွှေငှက်၏ တောင်ပံများနှင့်အတူ သူ၏ အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ထားသည့် ဆူဇီမို ဖြစ်လေသည်။

“အဲဒါ တကယ်ပဲ သူကိုး”

မင်းသမီး သက်တံနီက အံ့အားတသင့် ရေရွတ်လိုက်၏။

သူမသည် ဆူဇီမိုက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သည်ကို မြင်တွေ့ရစဉ်က မင်းသမီး သက်တံနီမှာ သံသယများ ရှိလာခဲ့၏။

သို့သော်လည်း ထိုစဉ်တုန်းက.. တစ်ဖန်ပြန်တွေးကြည့်တော့ သူမ တွေ့ကြုံခဲ့ရသည့် ထိုမမာမကျန်းပုံစံနှင့် လူငယ်မှာ အလွန်တရာ မြန်ဆန်သော လှုပ်ရှားမှု နည်းစနစ်တစ်ခုသာလျှင် ရှိလေသည်။ သူက ဤမျှအထိ ကြောက်စရာကောင်းသော နည်းလမ်းများကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်ပါ့မလဲ။ အဲ့ဒါက သူမ၏ စိတ်ထဲသို့ ဝင်ရောက်ခဲ့သော အတွေးများ ဖြစ်လေသည်။

သို့သော် ယခု ဆူဇီမိုက ရွှေရောင်တောင်ပံ လျှို့ဝှက်အတတ်ကို​ အသုံးပြုလိုက်သောအခါ သူမက သေချာသွားလေသည်။

တစ်ချိန်တည်းမှာပင် မင်းသမီး သက်တံနီက ရင်ထဲမှာ တလှပ်လှပ်ခံစားလာရ၏။

ဤလူသည် အရင်တုန်းက တိုက်ပွဲကို ရှောင်လွှဲဖို့ မရွေးချယ်ခဲ့ဘူးဆိုလျှင် သူမပင်လျှင် ဤနေရာမှာ သေဆုံးသွားရနိုင်၏။

ခေါင်းဆောင်တပ်မှူးရှစ်နှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ မတူညီသော ဦးတည်ဘက်များ ခွဲ၍ လှည့်ထွက်ပြေးလိုက်ကြ၏။

ဆူဇီမိုက သူတို့ထဲမှ တစ်ယောက်နောက်သို့ ပြေးလိုက်သွား၏။

တစ်ချိန်တည်းမှာပင် သူက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းကာ ခေါင်းဆောင်တပ်မှူး၏ ဘေးပတ်လည်သို့ အနက်ရောင် အရိပ်များစွာကို​ ပစ်ထုတ်လိုက်၏။

အနက်ရောင် အရိပ်များက မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ရင်းနှီးနေကျ အစီအရင် ဝင်္ကပါတစ်ခုကို ပေါ်ထွက်လာစေ၏။

ခေါင်းဆောင်တပ်မှူးရှစ်သည် ဝင်္ကပါထဲသို့ ပြေးဝင်မိသွားပြီး ရုတ်တရက် သူ၏ အမြုတေချီက ခန်းခြောက်သွားသည်ဟု ခံစားလိုက်ရ၏။ သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်း ဝင်္ကပါပဲ”

ဆူဇီမိုမှာလည်း မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်း ဝင်္ကပါ၏ အစီအရင်အလံများ ရှိနေ၏။

စန်းယွီမြို့တော်ကနေ ရစ်ခွေနဂါးတောင်ကြားရိုးသို့ လာရာလမ်းတစ်လျှောက်တွင် သူသည် ထိုအစီအရင်အလံများကို သူ့ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ရန် သန့်စင်ထားခဲ့၏။

“အား..”

မလှမ်းမကမ်းမှ ခပ်စူးစူး အော်သံတစ်သံက ထွက်ပေါ်လာ၏။

နောက်ထပ်လူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုက ခေါင်းဆောင်တပ်မှူးရှစ်ထံသို့ ပြန်လှည့်လာခဲ့၏။

တကယ်တော့ မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်း ဝင်္ကပါသည် ခေါင်းဆောင်တပ်မှူးရှစ်ကို ချုပ်နှောင်မထားနိုင်ပေ။

သို့သော်လည်း တဒင်္ဂကြန့်ကြာမှုက ဆူဇီမိုကို နောက်ပြန်လှည့်လာဖို့အတွက် လုံလောက်လေသည်။

ခေါင်းဆောင်တပ်မှူးရှစ်က မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်း ဝင်္ကပါထဲကနေ ပြေးထွက်လာစဉ်မှာပင် သူက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော ဆူဇီမိုနှင့် ပက်ပင်းသွားတိုးလေသည်။

“ဆူဇီမို.. မင်း.. မင်းက အာဏာပါးကွက်သား အစောင့်တပ်သားတွေ အများကြီးကို သတ်ဖြတ်ခဲ့ပြီးပြီ.. မင်းက…”

ခေါင်းဆောင်တပ်မှူးရှစ်က ရင်တထိတ်ထိတ်ခုန်နေပြီး သူ၏ အသံက တုန်ယင်နေ၏။

ဘန်း…

ကံဆိုးစွာနှင့်ပင် ဆူဇီမိုက သူ့စကားများကို နားထောင်နေဖို့ စိတ်ဝင်စားမှု မရှိပေ။ မည်သည့်စကားမှ မဆိုတော့ဘဲ သူက ရှေ့သို့ တက်လှမ်းပြီး ခေါင်းဆောင်တပ်မှူးရှစ်၏ ဦးခေါင်းကို ဖြတ်ရိုက်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကြေမွသွားစေ၏။

တိုက်ပွဲ၏ ဤနေရာအရောက်တွင် အာဏာပါးကွက်သား အစောင့်တပ်သား ၁၁၂ယောက်က အမြစ်ပြတ် ချေမှုန်းသုတ်သင်ခံလိုက်ရပြီဖြစ်၏။

အဲဒီမှာ မသေဆုံးသေးသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးထားသည့် အာဏာပါးကွက်သား အစောင့်တပ်သား တချို့ ရှိလေသည်။ သူတို့က လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး နေရာမှာပင် တဆတ်ဆတ် တုန်ယင်နေကြ၏။

သူတို့သည် စဉ့်တီတုံးပေါ်သို့ ရောက်ရှိနေသော ငါးများကဲ့သို့ ဖြစ်နေလေပြီ။

ဆူဇီမိုက ထိုအာဏာပါးကွက်သား အစောင့်တပ်သားများထံသို့ အမူအရာကင်းမဲ့စွာဖြင့် လျှောက်လှမ်းလာ၏။

သူတို့၏ ကံကြမ္မာများက သတ်မှတ်ပြီးသွားခဲ့လေပြီ။

သူက တိုက်ခိုက်လိုက်ပြီဆိုမှတော့ ဆူဇီမိုသည် မည်သည့် သနားညှာတာမှုကိုမှ ပြသလိမ့်မည် မဟုတ်ပေ။

ရစ်ခွေနဂါးတောင်​ကြောရိုးအထက်တွင်…

ကောင်းကင်အင်မော်တယ် လေးဦးက သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။

မသိလိုက် မသိဘာသာနှင့်ပင် သူတို့လေးယောက်သည် သူတို့၏ ထိုင်ခုံများက​နေ မတ်တတ်ထရပ်နေခဲ့ကြ၏။

ယခု ကိစ္စများက ပြေလည်သွားပြီဖြစ်ပြီး သူတို့၏ အမူအရာများက ပြေလျော့သွားကာ သူတို့၏ ထိုင်ခုံများမှာ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ကြ၏။

ကောင်းကင်အင်မော်တယ် လေးဦးသည် တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ဤတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ရသောအခါ သူတို့က စိတ်ခံစားချက်များ မြင့်တက်လာခဲ့ကြ၏။

သူက အရမ်းကို သန်မာလွန်း၏။

အစကတော့ ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ အထူးချွန်ဆုံး ပြိုင်စံရှားတစ်ယောက်မျှသာ ဖြစ်သည်ဟု ကောင်းကင်အင်မော်တယ် လေးဦးက တွေးထင်ခဲ့ကြ၏။

ထိုအခိုက်အတန့်မှသာလျှင် ဆူဇီမိုသည် ပြီးခဲ့သည့် နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်းမှာပင်လျှင် ကြောက်စရာအကောင်းဆုံး ပြန်ဝင်စား မွန်းစတားတစ်ယော​က် ဖြစ်နေနိုင်ကြောင်း ကောင်းကင်အင်မော်တယ် လေးဦးက နားလည်သဘောပေါက်လာခဲ့၏။

ဤကဲ့သို့သော ပြန်ဝင်စား မွန်းစတားတစ်ယောက်သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကိုပင် တစ်ယောက်တည်း ထောက်ပံ့ပေးနိုင်သည့် တည်ရှိမှုမျိုး ဖြစ်၏။

သူတို့သည် ဤလူကို သူတို့၏ ဂိုဏ်းများဆီသို့ စည်းရုံးသိမ်းသွင်းဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားရပေမည်။

ဤလူနှင့် မင်းသားယွမ်ကျော၏ ရန်ငြိုးရန်စကိုတော့ ကောင်းကင်အင်မော်တယ် လေးဦးက စိတ်ထဲမှာ ထည့်မှတ်ထားလိမ့်မည် မဟုတ်ပေ။

မင်းသားယွမ်ကျောအကြောင်း တွေးမိချိန်တွင် ကောင်းကင်အင်မော်တယ် လေးဦးက တစ်ချက်လှမ်းကြည့်လိုက်ကြ၏။

မလှမ်းမကမ်းမှာ မင်းသားယွမ်ကျောက လေထဲမှာ မတ်တတ်ရပ်နေပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုးနေ၏။ သူက တောင်ကြားထဲရှိ ပုံရိပ်ကို စိုက်ကြည့်ပြီး သူ၏ မျက်လုံးထဲကနေ မီးတောက်နှစ်ခု လျှံထွက်လာနိုင်သည်ဟု ထင်ရ၏။

အထီးကျန်ကြယ်က သူ့ကို ကိုင်စွဲထားခြင်းကြောင့်သာ မဟုတ်လျှင် သူက ရူးမိုက်စွာဖြင့် တောင်ကြားထဲသို့ ပြေးဝင်မိပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက တိုက်ပွဲနယ်မြေကို ရှင်းလင်းနေ၏။

ဒဏ်ရာ အပြင်းအထန်ရရှိထားသော အာဏာပါးကွက်သား အစောင့်တပ်သားများ အားလုံးကို သူက သတ်ဖြတ်လို့ ပြီးစီးသွားခဲ့လေပြီ။

ဤနေရာအရောက်မှာ သူတို့ကြားတွင် မည်သည့် ညှိနှိုင်းဆွေးနွေးမှုမှ မရှိတော့ပေ။

“တာအိုရောင်းရင်းတို့.. ခင်ဗျားတို့လည်း အဲဒါကို မြင်ပြီမလား”

မင်းသားယွမ်ကျောက တောင်ကြားထဲရှိ ဆူဇီမိုကို လက်ညှိုးထိုးပြီး အံကို တင်းတင်းကြိတ်ကာ အေးစက်စွာ ပြောလိုက်၏။

“ဒီကောင်လေးက အရမ်းကို မောက်မာပြီးတော့ ဘဝင်မြင့်လွန်းတယ်.. သူက ငါ့ကိုတောင် ဘာမဟုတ်တဲ့ကောင်လို့ အထင်သေးနေတာပဲ.. တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး တောင်ကြားအပြင်ဘက်က ဝင်္ကပါကို ဖယ်ပေးပါ.. ကျုပ် အဲဒီကောင်လေးကို အပိုင်းပိုင်း ဆုတ်ဖြဲဖို့အတွက် အထဲကို ဝင်ရောက်ပါရစေ”

“ဟီးဟီး”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ရယ်မောလိုက်၏။

“မင်းသားယွမ်ကျော.. စိတ်ကို တည်ငြိမ်အောင် ထားပါ.. ဒီအစီအစဉ်က စောစောက ခင်ဗျားကိုယ်တိုင် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ.. အဲဒါက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး”

“မင်းသားယွမ်ကျော.. အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက အခုချိန်ထိ မပြီးဆုံးသေးဘူး.. ကျုပ်တို့က ဝင်္ကပါကို ပယ်ဖျက်ပေးလို့ မရဘူး”

ယန်လောရှုက ပြောလိုက်၏။

“နောက်ပြီး အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ကောင်းကင်အင်မော်တယ်တွေကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခွင့် ပေးမထားဘူး”

“ဒါပေမဲ့ ငါ့လူတွေ အားလုံးက သေကုန်ပြီလေ”

မင်းသားယွမ်ကျောက အနည်းငယ် ကယောင်ကတန်းဖြစ်နေပုံရပြီး ကောင်းကင်အင်မော်တယ် လေးဦးကို ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်၏။

“အဲဒါက မဟာကျင်းအင်မော်တယ်နိုင်ငံက အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်တောင်မှ.. သူတို့က အထဲမှာ သေကုန်ကြပြီ”

“အဲဒါကို​ ခင်ဗျားကိုယ်တိုင် တောင်းဆိုခဲ့တာပဲ”

ကောင်းကင်ချောက်နက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ခင်ဗျားတို့တွေ…”

မင်းသားယွမ်ကျောက ဒေါသထွက်သွားပြီး ကောင်းကင်ချောက်နက်ကို စိုက်ကြည့်ကာ တိုက်ခိုက်လုနီးပါး ဖြစ်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် အထီးကျယ်ကြယ်က သူ့ကို တားဆီးထား၏။

သို့သော်လည်း သူ၏ ရင်ထဲမှာ အမျက်ဒေါသများကို အတင်းအကျပ် ဖိနှိမ်ထားရပြီး နောက်ဆုံးမှာတော့ သူသည် အဲဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။

All Chapters