ဝိုင်းပတ်ပိတ်ဆို့ခြင်း
Vol. 142 Ch. 2125
ရစ်ခွေနဂါးတောင်ကြောရိုးပေါ်ရှိ သန်းပေါင်းများစွာသောကျင့်ကြံသူများသည် တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်အလား တောင်ကြားထဲရှိပုံရိပ်ကိုကြည့်ရင်း တုန်လှုပ်နေကြ၏။
“ဘယ်လောက်တောင်ရက်စက်ကြမ်းတမ်းလိုက်သလဲ.... အာဏာပါးကွက်သား အစောင့်တပ်သား ၁၁ ယောက်လုံးက သေသွားပြီ... ဖြစ်စဥ်တစ်ခုလုံးက အသက်ဆယ်ရှိုက်စာတောင်ကြာခဲ့ရဲ့လား”
“ငါတော့မထင်ဘူး... အဲ့ဒီအာဏာပါးကွက်သား အစောင့်တပ်သားတွေက အကုန်လုံးမချေမှုန်းခံရခင် သတင်းပို့အဆောင်တစ်ခုကိုပဲ ထုတ်ဖော်ဖို့အချိန်ရလိုက်တယ်”
ထိုမြင်ကွင်းသည် လူတိုင်းမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့၏။
ဆူဇီမိုသည် အာဏာပါးကွက်သားအစောင့်တပ်သားများကို အရင်စ၍ သွားရောက်ရှာဖွေခဲ့စဥ်က ကောင်းကင်အင်မော်တယ်လေးဦးသည်ပင် ဆူဇီမိုကို မြင့်မြင့်မားမား မသတ်မှတ်ခဲ့ကြပေ။
အခြားသောကျင့်ကြံသူများ၏ မျက်လုံးများထဲမှာ အဲ့ဒါသည်သက်သက်အသေခံလိုပြီး ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်နေခြင်းနှင့်တူလေသည်။
သို့သော်လည်း တစ်ခဏချင်းမှာပင် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ် ၇ ယောက်အပါအဝင် အာဏာပါးကွက်သားအစောင့်တပ်သား ၁၁ ယောက်က နေရာမှာပင်သေဆုံးသွားလိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
ဤလူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် တကယ်ရောဟုတ်ရဲ့လား။
အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဤကဲ့သို့ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်တာလဲ။
ဤလူက ပကတိအင်မော်တယ်တစ်ပါး ပြန်ဝင်စားတာများ ဖြစ်နိုင်မလား။
လူအုပ်ကြားထဲရှိ ရထားလုံးထဲမှာ ကြွေရုပ်တစ်ရုပ်နှင့်တူသော မိန်းကလေးက သူမ၏ ပါးစပ်ကိုဖွင့်ဟပြီး အတန်ကြာသည့်အထိ တိတ်တဆိတ်ငေးကြည့်နေ၏။
“မင်းသမီး... မင်းသမီး... ဆူဇီမိုက ဘာနည်းလမ်းကိုသုံးလိုက်တာလဲ... သူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တွေကို အသံတစ်ချက်တည်းနဲ့ ဘယ်လိုသတ်ဖြတ်နိုင်တာလဲ”
ခဏနေပြီးနောက် မိန်းကလေးက မနေနိုင်ဘဲမေးလိုက်လေသည်။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြောလိုက်လေသည်။
“အဲ့ဒါက အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုဖြစ်လိမ့်မယ်...အဲ့ဒါက အတိအကျဘာဖြစ်လဲ ငါမသိဘူး”
သူမကျင့်ကြံမှု၏ ဤအဆင့်ထိ သူမသည် မရေမတွက်နိုင်သောစာအုပ်များကို ဖတ်ရှုခဲ့လေသည်။ သို့သော်လည်း သူမက ထိုအသံမကြားရလျှင် ၎င်း၏ မူလဇာစ်မြစ်ကို ခန့်မှန်းဖို့မဖြစ်နိုင်ပေ။
တကယ်တမ်းမှာတော့ သူမက ဆူဇီမို၏ နဂါးဟိန်းသံ လျှို့ဝှက်အတတ်ကို ကြားနိုင်မည်ဆိုလျှင်တောင် သူမက အဲ့ဒါကိုခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။
ဤနဂါးဟိန်းသံ လျှို့ဝှက်အတတ်မှာ အသံပိုင်းလျှို့ဝှက်အတတ်များစွာရောနှောပါဝင်နေပြီး အဲ့ဒါက ဆူဇီမိုအတွက် တစ်မူထူးခြားသော သတ်ဖြတ်ခြင်းနည်းလမ်းတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့၏။
မိန်းကလေးက ခဏမျှတွေးတောပြီး ရုတ်တရက်ပြောလိုက်၏။
“ဆူဇီမိုက... တူညီတဲ့ပုံစံတိုင်းပြုလုပ်ပြီး တခြားအာဏာပါးကွက်သားအစောင့်တပ်သားတွေနားကို ချဥ်းကပ်ဖို့အတွက် သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲလိုက်မယ်ဆိုရင် သူကဆက်ပြီးတော့ သတ်ဖြတ်နိုင်ဦးမှာလား”
“အဲ့ဒါကပြောဖို့တော့ခက်တယ်”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ခါပြလိုက်၏။
“အဲ့ဒီအာဏာပါးကွက်သားအစောင့်တပ်သားတွေက သတင်းကိုလက်ခံရရှိသွားပြီဆိုတော့ သူတို့ကသေချာပေါက်ပြင်ဆင်ထားမှာပဲ... ဆူဇီမိုက သူရဲ့ ရုပ်ရည်သွင်ပြင်ကို ဘယ်လိုပဲ ပြောင်းလဲထားပြောင်းလဲထား... သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိနေမှာပဲ”
“သူတို့က အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ချဥ်းကပ်လာတာကို တွေ့မြင်တဲ့အခါ သတိထားနေသရွေ့... သူ့အနေနဲ့ အောင်မြင်အောင်လှုပ်ရှားနိုင်ဖို့က ခက်ခဲသွားပြီ”
ခဏမျှရပ်တန့်ပြီးနောက် သူမကဆက်ပြောလိုက်၏။
“နောက်ပြီး... အဲ့ဒီအသံပိုင်းလျှို့ဝှက်အတတ်ရဲ့ စွမ်းအားက ကြောက်စရာကောင်းတယ်ဆိုပေမယ့် အဲ့ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ခွန်အားကို သေချာပေါက်ကြီးကြီးမားမား ကုန်ဆုံးစေမှာပဲ... သူကအချိန်တိုတွင်းမှာ အဲ့ဒါကိုနောက်တစ်ခါထပ်ပြီး ထုတ်ဖော်နိုင်မှာမဟုတ်တော့ဘူး”
“သူက တည်နေရာခုန်ကူးခြင်းနဲ့ဆင်တူတဲ့ သူ့ရဲ့ လှုပ်ရှားမှုနည်းစနစ်ကိုလည်း အသုံးပြုနိုင်မှာ မဟုတ်တော့ဘူး.... အဲ့ဒီဝှက်ဖဲနှစ်ခုမရှိရင် သူ့အနေနဲ့ ကျန်ရှိနေတဲ့ ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကို ထိပ်တိုက်ရင်ဆိုင်ဖို့က ခက်ခဲသွားပြီ”
လေထဲမှာ... မင်းသားယွမ်ကျော၏ အမူအရာက အေးစက်နေပြီး အသံတိတ်နေ၏။ အာဏာပါးကွက်သားအစောင့်တပ်သားများသည် သန်းပေါင်းများစွာသော ကျင့်ကြံသူများနှင့် အမျိုးမျိုးသော အဖွဲ့အစည်းများ၏ ရှေ့မှာ ဆက်တိုက်သတ်ဖြတ်ခံခဲ့ရ၏။ အဲ့ဒါက သူ၏ မျက်နှာကို ပူစပ်ပူလောင်ဖြစ်လာစေလေသည်။
မကြာမကြာဆိုသလို ကျင့်ကြံသူများက သူ့ကိုလှည့်လှည့်ကြည့်တတ်ကြ၏။ အကြည့်တစ်ခုချင်းစီက သူ့ကိုလှောင်ပြောင်သရော်နေသလိုထင်ရလေသည်။
မင်းသားယွမ်ကျော၏ အမူအရာက အလွန်တရာသုန်မှုန်လာခဲ့၏။
သူ့ဘေးမှာရှိသော အထီးကျန်ကြယ်ပင်လျှင် မသက်မသာဖြစ်မှုကိုခံစားလာရပြီး အလောတကြီးနှစ်သိမ့်ပေးလိုက်၏။
“အရှင်မင်းသား... ဘာမှဖြစ်မနေပါနဲ့.. သတင်းကပျံ့နှံ့သွားပြီဆိုတော့ ကျန်တဲ့ဆယ်ဖွဲ့က အဲ့ဒီနေရာကို စုစည်းလာနေကြပြီ.... အဲ့ဒီကောင်လေးက လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
မင်းသားယွမ်ကျောက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ့ကိုယ်သူဣန္ဒြေဆယ်လိုက်၏။ ခဏနေပြီးနောက် သူက သူ၏ မျက်လုံးများကိုဖွင့်ကာ သန်းနှင့်ချီသော ကျင့်ကြံသူများကိုကြည့်ကာ လှောင်ရယ်လိုက်၏။
“ဘာမဟုတ်တဲ့အရာမှာတုန်လှုပ်နေကြတဲ့ မိုက်မဲတဲ့အရူးတစ်အုပ်စုပဲ”
မင်းသားယွမ်ကျောသည် သူ၏ အသံကို တမင်သက်သက်ဖုံးကွယ်ထားခြင်းမရှိဘဲ အဲ့ဒါကရစ်ခွေနဂါးတောင်ကြောရိုး၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။
အစက ဆွေးနွေးပြောဆိုနေသော ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
အဆင့်အတန်းများနှင့် ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော ကျင့်ကြံသူများက မည်သည့်အရာကိုမှ ပြောဆိုရဲလိမ့်မည်မဟုတ်ပေ။
ဂိုဏ်းသားတပည့်အချို့ကလည်း မည်သည့်အရာကိုမှ ပြောဆိုရဲလိမ့်မည်မဟုတ်ပေ။
လူအုပ်ကြီးထဲရှိ လူတိုင်းနီးပါးက မဟူရာအင်မော်တယ်များနှင့် ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။ မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်ကဲ့သို့ ကျင့်ကြံမှုနယ်ပယ်များမှာရှိသော ကျင့်ကြံသူများက ဤနေရာမှာလုံးဝ ကြီးစိုးနိုင်လေသည်။
ဒါ့အပြင် မင်းသားယွမ်ကျော၏ အဆင့်အတန်းနှင့်ဆိုပါက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနှင့် အင်မော်တယ်နိုင်ငံသုံးနိုင်ငံကလွဲလျှင် တခြားဘယ်သူက သူ့ကိုစိန်ခေါ်ရဲပါ့မလဲ။
မင်းသားယွမ်ကျောက တောင်ကြားထဲကိုလက်ညှိုးထိုးပြီး ဝင့်ကြွားစွာပြောလိုက်၏။
“ငါတို့က ဆူဇီမိုကိုအသက်ရှင်လျက်ဖမ်းဆီးပြီးတာနဲ့ သူက ဘယ်လိုညှင်းပန်းနှိပ်စက်မှုတွေကို တွေ့ကြုံခံစားရမလဲဆိုတာ လူတိုင်းကို ငါမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ပေးမယ်”
“ငါနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံကိုဆန့်ကျင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ငါလူတိုင်းကိုသိစေမယ်”
“မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ဂုဏ်သိက္ခာက စိန်ခေါ်လို့မရဘူး”
ကောင်းကင်အင်မော်တယ်လေးဦးက အမူအရာကင်းမဲ့နေပြီး ကြိတ်၍လှောင်ရယ်လိုက်၏။
မင်းသားယွမ်ကျော၏ စကားလုံးများက အောက်ဘက်မှာရှိသော ကျင့်ကြံသူများကို ဆိုလိုခြင်းဖြစ်ပုံရသော်လည်း တကယ်တမ်းမှာတော့ သူသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထံသို့ သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသနေခြင်းဖြစ်၏။
တောင်ကြားထဲတွင်...။
အာဏာပါးကွက်သားအစောင့်တပ်သား ၁၁ ယောက်ကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုက သူတို့၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။
အာဏာပါးကွက်သားအစောင့်တပ်သားများက အချက်ပြအဆောင်ဖြင့် သတင်းကိုပို့လွှတ်ပေးလိုက်လိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
တကယ်ဆို သူက အဲ့ဒါကို တားဆီးဖို့လည်း စိတ်ကူးမရှိပေ။
အာဏာပါးကွက်သားအစောင့်တပ်သားများ၏ သတင်းပေးပို့မှုမရှိလျှင်တောင် စောစောက ဤတိုက်ပွဲကို ကြည့်ခဲ့ရသော ကျင့်ကြံသူအချို့က အခြားသောအာဏာပါးကွက်သားအစောင့်တပ်သားများထံ သေချာပေါက်သတင်းပို့ပေးပေလိမ့်မည်။
လူတိုင်း၏ ရှေ့မှောက်မှာ ဆူဖီမိုသည် တစ်မူထူးခြားစွာပြုမူပြီး ထွက်ခွာမသွားခဲ့ပေ။ ထိုအစားသူက သူ၏ မူလရုပ်ရည်သွင်ပြင်သို့ပြောင်းလဲပြီး တင်ပျဥ်ခွေထိုင်ချလိုက်၏။ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူကာ နေရာမှာပင်တိတ်တဆိတ်စောင့်ဆိုင်းနေ၏။
“သူဘာလုပ်နေတာလဲ... သူက အခုချိန်ထိဘာလို့ထွက်မပြေးသေးတာလဲ... သူက အာဏာပါးကွက်သားအစောင့်တပ်သားတွေဝိုင်းပတ်ပိတ်ဆို့လာမှာကို စောင့်နေတာလား”
“သူက အညံ့ခံဖို့တွေးနေတာများဖြစ်နေမလား”
“ငါမပြောတတ်ဘူး... အဲ့ဒီလူရဲ့ ပြုမူလှုပ်ရှားမှုတစ်ခုချင်းစီက ငါစဥ်းစားနိုင်တာထက်ကျော်လွန်နေတယ်”
ကောင်းကင်အင်မော်တယ်လေးဦးက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ အမူအရာများက တည်တံ့သွား၏။
မည်သူကမှ ဆူဇီမို၏ စိတ်ကိုမဖတ်နိုင်ကြပေ။
ဤတစ်ခေါက်မှာတော့... ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးပင်လျှင် အဲ့ဒါကိုမခန့်မှန်းနိုင်တော့ပေ။
စောစောက သတင်းပို့အဆောင်သည် ကျန်ရှိနေသော ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားများကို ဆွဲဆောင်လိုက်ရုံသာမကပေ။
တောင်ကြားထဲမှာ.. သူတို့၏ ခွန်အားအပေါ်ယုံကြည်မှုရှိ၍ ပြိုင်ဘက်ကင်းနေသော ကျင့်ကြံသူအချို့ သို့မဟုတ်... နောက်ဆုံးအဆင့်သတ်မှတ်ချက်ထဲဝင်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့သည့်သူများကပင်လျှင် ဤနေရာသို့ အပြေးအလွှားလာနေကြ၏။
အာဏာပါးကွက်သားအစောင့်တပ်သားတစ်အုပ်စုသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝိုင်းပတ်ပိတ်ဆို့မှုတစ်ခုအတွက် စုဖွဲ့လာခဲ့ကြ၏။
ဤကဲ့သို့သော ကြီးမားသည့်အစုအဖွဲ့တစ်ခုကို ကျင့်ကြံသူတစ်ယောက်တည်းက ဘယ်လိုလုပ်ပြီးဆွဲဆောင်နိုင်သလဲ လူတိုင်းက စူးစမ်းလိုနေကြ၏။
“အာဏာပါးကွက်သားအစောင့်တပ်သားတွေက ဒီမှာရောက်နေကြတာပဲ”
လေထဲတွင်... တန်ဖိုးကြီးသောဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်အမျိုးသားတစ်ယောက်က တောက်ပသောအကြည့်တစ်ခု ရှိနေပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ လျှပ်စီးများကရစ်ပတ်နေ၏။
အဲ့ဒါသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသားယွင်လေဖြစ်၏။
“ထူးဆန်းတယ်... ဟိုမမာမကျန်းပုံစံနဲ့ အစောင့်တပ်သားလေးက ဘယ်ရောက်သွားတာပါလိမ့်”
မင်းသမီးသက်တံနီက တွေဝေရှုပ်ထွေးစွာဖြင့် တီးတိုးရေရွတ်လိုက်၏။
ထို့နောက် သူမက နှုတ်ခမ်းစူလိုက်လေသည်။
“ထားလိုက်ပါတော့... ငါဒီပြပွဲကိုပဲအရင်စောင့်ကြည့်တော့မယ်”
ပို၍ပို၍များသောကျင့်ကြံသူများက ဤနေရာမှာစုစည်းရောက်ရှိလာကြ၏။
သိပ်မကြာခင် အာဏာပါးကွက်သားအစောင့်တပ်သားတစ်အုပ်စုကလည်း နောက်ဆုံးမှာရောက်ရှိလာ၏။
အဲ့ဒါဆူဇီမိုပဲ”
“ဟမ်... ဟူယွီနဲ့ အခြားသူတွေကသေကုန်ကြပြီ”
“အားလုံးပဲသတိထားကြ”
ဦးဆောင်လာသောအာဏာပါးကွက်သားခေါင်းဆောင်တပ်မှူးက အလွန်တရာသတိကြီးလေသည်။ သူက သူ၏လက်ကိုမြှောက်ပြီး သူ့နောက်ဘက်မှာရှိသော အာဏာပါးကွက်သားအစောင့်တပ်သားများကို အနားသို့သိပ်ပြီးမကပ်ရန် အချက်ပြလိုက်၏။
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ သတင်းပို့အဆောင်တစ်ခုကိုထုတ်ယူပြီး အဲ့ဒါကိုနောက်တစ်ဖန်ချိုးခြေကာ အခြားသော အာဏာပါးကွက်သားအစောင့်တပ်သားများကို ဆင့်ခေါ်လိုက်၏။
ကျန်ရှိနေသောအဖွဲ့များက အနီးနားမှာရှိနေကြပြီး သိပ်မကြာခင်ရောက်ရှိလာပေလိမ့်မည်။
“ဆူဇီမို... မင်းအညံ့ခံဖို့ပြင်ထားပြီလား”
အာဏာပါးကွက်သားအစောင့်တပ်သားခေါင်းဆောင်တပ်မှူးက ဖြည်းဖြည်းချင်း မေးလိုက်၏။
ဆူဇီမိုက နေရာမှာပင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်၏။
တကယ်ဆိုသူက သူ၏ မျက်လုံးကိုပင် ဖွင့်ကြည့်မလာခဲ့ပေ။
“ခေါင်းဆောင်တပ်မှူးရှစ်... ခင်ဗျားဘာကိုစောင့်နေတာလဲ... ကျုပ်တို့အခုပဲ သူ့ကိုသွားပြီးဖိနှိမ်လိုက်ရအောင်”
အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က ခက်ထန်ကြမ်းတမ်းသော စိတ်နေစရိုက်ရှိပြီး သူကအဲ့ဒါကိုဆက်လက်၍သည်းမခံနိုင်တော့ပေ။
“အလောတကြီးမလုပ်နဲ့... လူတိုင်းရောက်လာတာကို အရင်စောင့်ရအောင်”
ခေါင်းဆောင်တပ်မှူးရှစ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဟူယွီတို့အုပ်စုကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ သူ့မှာလှည့်ကွက်တချို့ရှိနေတယ်... ငါတို့က သူ့ကိုအထင်သေးလို့မရဘူး”
သိပ်မကြာခင် ဒုတိယမြောက် အာဏာပါးကွက်သားအစောင့်တပ်သားအုပ်စုက ပေါ်ထွက်လာ၏။
ထို့နောက် တတိယမြောက်အဖွဲ့နှင့် စတုတ္ထမြောက်အဖွဲ့။
ကျန်ရှိနေသော အာဏာပါးကွက်သားအစောင့်တပ်သားများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာပြီး ဝိုင်းပတ်ပိတ်ဆို့မှုတစ်ခုကို ပြုလုပ်လိုက်ကြ၏။