← Chapters

အချိန်ကောင်း

Vol. 21 Ch. 302

အချိန်ကောင်း

Vol. 21 Ch. 302

“ခင်ဗျားအရင်က လုပ်ဖူးတယ်ပေါ့”

ဖုန်ချင်အန်း နေရာအ‌တော်များများ ရောက်ဖူးသည်။ သာမန်သေမျိုးများမရနိုင်သည့် အတွေ့အကြုံမျိုး ရခဲ့သည်။ တစ်သက်တစ်ခါ မြင်နိုင်ခဲသည့် ရှားပါးမြင်ကွင်းများကို မြင်ခဲ့သည်။ သို့သော်ယခု သူ့အတွေ့အကြုံ အတော်နုသေးကြောင်း သဘောပေါက်လာသည်။

“ဟဲဟဲ”

ယွန်လင်က ဘာမှပြန်မဖြေ။ ဖြေစရာလည်းမလို။ သူ့ရယ်သံက သိသာနေပြီဖြစ်သည်။ မကြုံဖူးသည့်အတွေ့အကြုံကို ထိုမျှရှင်းရှင်းလင်းလင်းဖော်ပြရန် မဖြစ်နိုင်ပေ။

“တိရစ္ဆာန်ကောင်”

သိမ်းငှက်နက်တောင်ပံခတ်သံကြားမှ ရှောင်ယိ၏မကြားတကြားကျိန်ဆဲသံ ပေါ်လာသည်။

အကြားအာရုံထက်မြက်သည့် ဖုန်ချင်အန်းသာ ကြားရခြင်းဖြစ်သည်။ ယွန်လင်က လုံးဝမကြား။

“သခင်ဖုန်၊ ဒီသားရဲတွေက အသွင်ပြောင်းဆေးလုံးအစွမ်းကြောင့် လူနဲ့ဆင်တူပေမယ့် လူသားမျိုးနွယ်ရဲ့ ကျင့်ဝတ်နဲ့ စရိုက်တွေကို လုံးဝနားမလည်ဘူး။ သူများသားမယားမပြစ်မှားရဘူးဆိုတဲ့အယူအဆမျိုး သူတို့မှာလုံးဝမရှိဘူး”

ယွန်လင်က အကင်းပါးသည်။ ဖုန်ချင်အန်းနှင့် ဆယ်ပေကျော်ဝေးသော်လည်း ဖုန်ချင်အန်းစိတ်အပြောင်းအလဲဖြစ်သွားသည်ကို သူရိပ်မိသည်။ ခုနက သူပြောခဲ့သည့်စကားကို ဖုန်ချင်အန်း မကြိုက်ကြောင်းနားလည်သဖြင့် ချက်ချင်းပြန်ရှင်းပြခြင်းဖြစ်သည်။

သို့သော် သူပြောသည်မှာအမှန်တရားဖြစ်သည်။ နတ်ဆိုးမျိုးနွယ်များကြားတွင် သူများသားမယားနှင့် မကျူးလွန်ရဟူသည့် စည်းကမ်းကျင့်ဝတ်မျိုးမရှိ။ လူသားမျိုးနွယ်ကြားတွင်လည်း ကျူးလွန်မှုမရှိသည်မဟုတ်ပါ။ သာမန်လူများ သိပ်မကြားဖူးကြခြင်းသာဖြစ်သည်။ သမိုင်းကို ပြန်လှန်ကြည့်လျှင် အရှုပ်တော်ပုံများစွာ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။

ထိုကိစ္စကို သူကြိမ်ဖန်များစွာ တွေ့ဖူးကြုံးဖူးပြီးဖြစ်၍ ဘာမှဆန်းသည်ဟုမထင်တော့။ သို့သော် ပထမဆုံးရောက်လာသည့် ဖုန်ချင်အန်းအတွက် အံ့ဩစရာဖြစ်နေပေလိမ့်မည်။

“အင်း.”

ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားရုံသာရှိသည်။ တစ်ခြားမျိုးနွယ်များကို လူသားမှတ်ကျောက်ဖြင့် အကဲဖြတ်၍မရကြောင်း နားလည်လာသည်။

အောက်ဘက်တွင်မြင်နေရသည့် ပုံစံပြောင်းနတ်ဆိုးများသည် ပတ်ဝန်းကျင်လွှမ်းမိုးမှုကြောင့်သာ လူသားနှင့်ဆင်တူနေခြင်းဖြစ်သည်။ သွေးချင်းဆက်စပ်မှုလုံးဝမရှိ။

ဥပမာ မြွေမနှင့် မြွေနတ်ဆိုးများသည် စိုစွတ်သည့်နေရာတို့တွင် အတွေ့ရများသည်။ သူတို့အယူအဆအရ တစ်ခြားမျိုးနွယ်များနှင့် မျိုးစပ်ခြင်းသည် ဘာမှမဆန်း။ မြွေတို့၏ရာဂစရိုက်အားကြီးမှုသည် လူသားတစ်ယောက် ယှဉ်နိုင်ရန် ခဲယဉ်းသည်။

လူသားအကျင့်စရိုက်နှင့် အတော်များများတူသည့် မျိုးနွယ်များလည်းရှိသည်။ ဘဲငန်းမျိုးစိတ်များဖြစ်သည်။ ဉာဏ်ရည်မြင့်သည့် နတ်ဆိုးအဖြစ် အသွင်မပြောင်းလျှင်ပင် မိတ်ဖက်ကြင်ဖက်အပေါ် သစ္စာရှိမှုက လူသားများထက်ပင် သာလွန်သေးသည်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးသည့် တစ်ချို့မျိုးစိတ်များလည်းရှိပါသည်။ မိတ်ဖက်အပေါ် သစ္စာရှိမှုက လူသားများပင် လက်ဖျားခါရသည်။ ဝံပုလွေများလည်း ထိုနည်းတူဖြစ်သည်။ တစ်သက်လုံး မိတ်ဖက်တစ်ယောက်သာ ထားကြသည်။

လူသားစံနှုန်းနှင့်တူညီသည့် မျိုးစိတ်များ ရှိသည်ဆိုသော်လည်း များပြားလွန်းသည့် မျိုးစိတ်များနှင့်ယှဉ်၍ တွေးကြည့်လျှင် ရာခိုင်နှုန်းနည်းပါးသည်။

“ဒီအောက်ဘက်က မျိုးစိတ်တွေအတွက် ကျုပ်တို့ဆင်းသွားပြီး သူတို့နဲ့ပျော်ပါးတာကို ဂုဏ်ယူစရာလို့ မြင်ကြတယ်။ အနိုင်ကျင့်တယ်လို့ မစဉ်းစားကြဘူး”

“ဒီနတ်ဆိုးတွေက အားနည်းလွန်းတယ်။ ဒီထက်ပိုစွမ်းအားကြီးတာ မရှိတော့ဘူးလား”

အောက်ဘက်မှ မျှော်လင့်တကြီးကြည့်နေသည့် မျက်လုံးများကို ဖုန်ချင်အန်း မြင်ရသည်။ သို့သော် ဆင်းသွားရန်စိတ်ကူးမရှိ။

အကြောင်းပြချက်က ရိုးရှင်းသည်။ အဆင့်နိမ့်လွန်း၍ဖြစ်သည်။

နတ်ဆိုးကြီးများအတွက် လူသားအသွင်ပြောင်းခြင်းသည် အဆင့်တစ်ခုရောက်သည်နှင့် အလိုလိုဖြစ်လာသည်။ ဆန္ဒရှိသလို လူသားအသွင် အပြည့်အဝပြောင်းနိင်သည်။

သို့သော် နတ်ဆိုးနိုင်ငံများ နတ်ဆိုးများက အသွင်ပြောင်းဆေးလုံးအကူအညီယူထားခြင်းသာဖြစ်၍ စွမ်းအားနည်းသလို ရုပ်သွင်လည်း မပြည့်စုံကြ။

ခေါင်းနှင့်ခန္ဓာကိုယ်ပိုင်း အသွင်ပြောင်းနိုင်သည့် နတ်ဆိုးများသည် သူတို့ထဲတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ တစ်ချို့နတ်ဆိုးများက လုံးဝကြည့်မကောင်း။ အသွင်မပြောင်းဘဲနေသည်ကပင် ပိုကောင်းဦးမည်။

ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေပြီးနောက် အ‌ပျော်ရှာသူများကို ပြုစုရန် ရွေးချယ်ထားသည့် “နတ်သမီး”များသည် ထောင်ချီသောင်းချီနတ်ဆိုးများထဲမှ ရွေးချယ်ထားခြင်းဖြစ်‌ကြောင်း ဖုန်ချင်အန်း နားလည်လာသည်။

အသွင်ပြောင်းထားသည့် နတ်ဆိုးငယ်အများစု၏ ပုံပန်းသဏ္ဌာန်က လုံးဝကြည့်မကောင်း။ အတူပျော်ပါးရန်မဆိုထားနှင့်။ ကြည့်ရသည်ကပင် လန့်စရာကောင်းသည်။

“သူတို့က အားနည်းလို့ ကျုပ်တို့ အရေးမစိုက်တာပေါ့။ အဆင့်မြင့်နတ်ဆိုးတွေက သီးခြားနေရာတွေရှိတယ်လေ။ ကျုပ်ရဲ့ သရဲသတို့သမီးလိုပေါ့”

ယွန်လင်က ရှင်းပြသည်။

“ခင်ဗျားရဲ့ သရဲသတို့သမီးက ဘယ်မှာလဲ။ ဘယ်နေရာမှာ ထားတာလဲ။ မြင်လည်းမမြင်ရသေးပါလား”

“သူက ဟိုနားမှာပါသခင်ဖုန်၊ ကြည့်ပါ”

ယွန်လင် လက်ညှိုးညွှန်ပြသည်။ စိမ်းစိုနေသည့်တောအုပ်၏ အစွန်းတစ်နေရာတွင် ရွာပျက်တစ်ခုကို ထင်ထင်ရှားရှားမြင်နေရသည်။ အတော်ထူးခြားသည်။

*******************************************

All Chapters