← Chapters

အခန်း (၃၀၃)

Vol. 21 Ch. 303

အခန်း (၃၀၃)

Vol. 21 Ch. 303

ရွာပျက်ထဲတွင် သက်ရှိအရိပ်အယောင်မတွေ့။ အလင်းရောင်များ အဆင်တန်ဆာများ နေရာတိုင်းတွေ့နေရသည်။ အနီရောင်စာလုံးများ အနီရောင်ပန်းပွင့်များ နေရာတိုင်းရှိနေသည်။ ပတ်ဝန်းကျင်က ပျော်စရာအတိဖြစ်သော်လည်း ခြောက်ခြားစရာကောင်းလောက်အောင် အသံတိတ်နေသည်။ ရွာအပြင်ဘက်မှ စိမ်းလန်းသည့်တောအုပ်က အတော်ထူးဆန်းနေသယောင် ထင်ရသည်။

ထိုရွာကို တစ်ခြားတစ်နေရာမှ ရုတ်တရက်သယ်ရွှေ့လာသည့်ပုံစံမျိုးဖြစ်နေသည်။ ပတ်ဝန်းကျင်နှင့် သဟဇာတလုံးဝမကျ။

“ခင်ဗျားအတော်သတ္တိရှိတာပဲ”

သရဲစွမ်းအင်ရောင်လွှမ်းခြုံနေသည့် ရွာပျက်ကိုမြင်ရပြီးနောက် ဖုန်ချင်အန်း ယွန်လင်ကို တစ်ချက်လှမ်းကြည့်သည်။ သူသည်ပင် ထိုမျှအတင့်ရဲမည်မဟုတ်။ ယွန်လင်မျက်နှာက စိတ်အားတက်ကြွမှုတို့ပြည့်နေသည်။

“လူတိုင်းကတော့ ကျုပ်နဲ့ဘယ်တူနိုင်ပါ့မလဲ သခင်ဖုန်။ ကျုပ်အရင်သွားနှင့်တော့မယ်။ ခင်ဗျားနဲ့ရှောင်ယိ ကောင်းကင်ကနေပဲကြည့်ပါ။ ကျုပ်လက်တွေ့လှုပ်ရှားတဲ့အခါတော့ ရှောင်ဝူနဲ့အတူ တစ်ခြားတစ်နေရာကို သွားကြပါ”

“ခင်ဗျားတစ်ယောက်တည်းသွားမယ်ပေါ့။ ဒုက္ခရောက်မှာ မကြောက်ဘူးလား”

ဖုန်ချင်အန်း မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ တကယ်သတ္တိကောင်းသူဖြစ်သည်။ အပျော်အပါးလိုက်စားသူဖြစ်သော်လည်း မျိုးရိုးမြင့်မိသားစုတွင် မွေးဖွားလာသူဖြစ်၍ သူ့ရုပ်စွမ်းအားက မူလအဆင့်သိုင်းသမားတစ်ယောက်နှင့် တန်းတူရှိသည်။

“ဒါက နတ်ဆိုးတစ်သောင်းနိုင်ငံပဲလေ။ လူသားမျိုးနွယ်တစ်ယောက်ကို ဘယ်သူမှ ဒုက္ခရောက်အောင် မလုပ်နိုင်ပါဘူး”

ယွန်လင်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

“ဒါဆိုလည်း သွားပါ”

သရဲရွာထဲသို့ တစ်ကိုယ်တည်းဝင်ခြင်းသည် ကျားဂူထဲ ဝင်သည်နှင့်တူသည်။ ထောင်ခြောက်တစ်ခုထဲ လျှောက်သွားခြင်းဖြစ်သည်။ သို့သော် သူ့နောက်ခံကို စဉ်းစားကြည့်လျှင် ဤနေရာသို့ လာပျော်ပါးရဲသည်မှာ ဝှက်ဖဲတစ်ချို့ ရှိ၍သာဖြစ်ပေမည်။

“ဒါဆို ကျုပ်သွားမယ်။ နတ်ဆိုးနိုင်ငံမှာ ဘယ်လိုပျော်ရသလဲဆိုတာ သခင်ဖုန်ကို လက်တွေ့ပြပါမယ်”

ယွန်လင် သူစီးလာသည့် သိမ်းငှက်နက်ကို တစ်ချက်ပုတ်လိုက်သည်။ နတ်ဆိုးငှက်က နားလည်သည်။ ကျယ်လောင်သည့်အော်သံပြုလျက် မြေပြင်ဆီ မြားတစ်ချောင်းလို ထိုးဆင်းသွားသည်။

ယွမ်လင်က ကျွမ်းကျင်စွာ မြေပေါ်သို့ဆင်းသည်။ သိမ်းငှက်နက်က ထိုနေရာတွင် ဆက်စောင့်မနေဘဲ လာရာလမ်းအတိုင်း ပျံသန်းထွက်ခွာသွားသည်။

ယွန်လင် မြေပေါ်တွင် တစ်ယောက်တည်းကျန်ခဲ့သည်။ ထို့နောက် လေထဲမှ အလင်းရောင်ကို တစ်ချက်ကြည့်၍ ရယ်လိုက်သည်။ ထို့နောက် မတူညီသည့်ဝတ်စုံတစ်ချို့ ထုတ်သည်။

မီးခိုးရောင် စာပေသမားဝတ်စုံ၊ အနက်ရောင် တာအိုဝတ်စုံနှင် ခပ်နွမ်းနွမ်းဗုဒ္ဓဝတ်စုံတစ်ခုတို့ ဖြစ်သည်။ အလွယ်တကူ ခွဲခြားမြင်နိုင်သည်။

လူဆင်းရဲစာပေသမားများသုံးလေ့ရှိသည့် စာအုပ်သေတ္တာတစ်လုံး၊ ဝိညာဉ်အလင်းများ တောက်ပနေသည့် မက်မွန်သစ်သားဓားတစ်လက်နှင့် ရွှေခေါင်းလောင်းတစ်လုံးလည်း ပေါ်လာသည်။ သံတောင်ဝှေးနှင့် သစ်သားငါးရုပ်တစ်ခုပင် ပြင်ဆင်ထားသည်။

အသုံးအဆောင်များက သိသာနေသည်။ သို့သော် ဖုန်ချင်အန်း ခန့်မှန်းမနေတော့ဘဲ ဘေးတွင်ရှိနေသည့် ရှောင်ယိကို လှည့်ကြည့်လိုက်သည်။

“သူက ဘယ်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရမလဲ ရွေးချယ်နေတာပါ။ လူဆင်းရဲစာပေသမားလုပ်မလား၊ နတ်ဆိုးသတ် တာအိုဘုန်းကြီးလုပ်မလား၊ အကျင့်ပျက်ကိုယ်တော်လုပ်မလားပေါ့။ ယွန်လင် တစ်ခုရွေးလိမ့်မယ်။ ဇာတ်ရုပ်တူအောင် သရုပ်ဆောင်ပြီး အဲဒီမှာအကျဉ်းချထားတဲ့ သရဲသတို့သမီးနဲ့ ပျော်ပါးလိမ့်မယ်”

ရှောင်ယိ အသေးစိတ်ရှင်းပြသည်။ ဖုန်ချင်အန်း ချက်ချင်းနားလည်သွားသည်။ ဇာတ်ရုပ်အလိုက်ကစားခြင်းဖြစ်သည်။ တာ့ကျင်းသည် စည်းကမ်းတင်းကြပ်သည့် နိုင်ငံဖြစ်သော်လည်း လူ့အလွှာအတန်းအစားများအရ မျိုးရိုးမြင့်မိသားစုဝင်များသည် စိတ်ထင်ရာ ပျော်ပါးနိုင်ကြပေသည်။

“ခင်ဗျားတို့က တကယ့်နည်းလမ်းစုံနဲ့ ပျော်တတ်ကြတာပဲ”

သူတို့စကားပြောနေချိန်မှာပင် ယွန်လင်က ရွေးချယ်မှုလုပ်ပြီးဖြစ်သည်။ စာပေသမားဝတ်ရုံနှင့် ဗုဒ္ဓကိုယ်တော်ဝတ်ရုံကို ဘေးဖယ်လိုက်သည်။ ထို့နောက် သူ့အဝတ်များကိုချွတ်၍ တာအိုဝတ်ရုံကို အမြန်ဝတ်သည်။

ကြေးဝါခေါင်းလောင်းကို တစ်ဘက်ကကိုင်သည်။ မက်မွန်သစ်သားဓားကို တစ်ဘက်ကိုင်သည်။ သူ့ကိုယ်သူ နည်းနည်းထိန်းချုပ်၍ သရုပ်ဆောင်သည်။ နတ်ဆိုးများသတ်ဖြတ်ရန် တောင်တန်းပေါ်တက်လာသည့် တာအိုဘုန်းကြီးငယ်တစ်ယောက်နှင့် တကယ်တူသည်။

သို့သော် ရွာပျက်ကို လှမ်းကြည့်၍ ရယ်လိုက်ချိန်တွင် ပြောင်ချော်ချော်ဇာတိရုပ်က ရှင်းလင်းစွာပေါ်လာသည်။

“မိန်းကလေး၊ ငါရောက်လာပြီနော်။ လုံအောင်သာ ပုန်းနေပါ။ဖမ်းမိလို့ကတော့...ဟဲဟဲ”

“တာအိုဘုန်းကြီးလုပ်ဖို့ရွေးလိုက်လို့ တော်သေးတာပေါ့”

ရှောင်ယက် သက်ပြင်းချရင်းပြောသည်။ ဖုန်ချင်အန်း သူ့ကိုလှမ်းကြည့်ပြန်သည်။

“သူရွေးတဲ့ ဒီဇာတ်ရုပ်က အတော်ရိုးရှင်းတယ်။ နတ်ဆိုးသတ်တဲ့ စွမ်းရည်မြင့် တာအိုဘုန်းကြီးလို သရုပ်ဆောင်နေတာ။ အခု ပြင်ဆင်ထားတဲ့ ပတ်ဝန်းကျင်အပြင်အဆင်နဲ့ ကွက်တိပဲ။ ကြိုတင်ပြင်ဆင်ထားဖို့တော့ မလိုပါဘူး။သူက စာပေသမားလို သရုပ်ဆောင်ချင်ရင် ပတ်ဝန်းကျင်အခြေအနေကို ပြန်ပြင်ရတယ်။ သူနဲ့ သရဲသတို့သမီး မတွေ့တွေ့အောင် စီစဉ်တာမျိုးပါ။ ဒီသရဲက ဖမ်းထားတာမကြာသေးဘူး။ ယဉ်ကျေးအောင် မလေ့ကျင့်ရသေးဘူး။ ယွန်လင် သူ့နည်းသူ့ဟန်နဲ့ ပျော်လို့ရတာပေါ့။ သရဲသတို့သမီး ငြင်းဆန်လေ သူပိုပျော်ရလေပဲ”

“...ဟုတ်ပါပြီ ဆက်ပြောစရာမလိုတော့ပါဘူး။ ကျုပ်သဘောပေါက်ပြီ”

ဖုန်ချင်အန်း နားလည်သွားသည်။ အပျော်ရှာသည့်အလုပ်မှာပင် အဆင့်ဆင့်ခွဲထားသေးသည်။

ဖုန်ထန်မြို့၏ ဖန်ယွဲ့လမ်းတွင် နတ်ဆိုးတစ်သောင်းမျှော်စင်သည် အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ ထိုနေရာတွင် နတ်ဆိုးများ၏ ဝန်ဆောင်မှုကိုရ။ သို့သော် ဖောက်သည်များအတွက် အဆင့်အတန်းအမျိုးမျိုးခွဲထားသည်။

အနိမ့်ဆုံးအဆင့်များက ရှေ့တံခါးကိုပင် ဖြတ်ကျော်ခွင့်မရ။ တံခါးအပြင်ဘက်တွင်သာ လောင်းကစားခွင့်ရသည်။ အသွင်ပြောင်းနတ်ဆိုးမများက အဖော်ပြုပေးသည်သာရှိသည်။

အလတ်တန်းစားများက နတ်ဆိုးနိုင်ငံသို့ ဝင်ခွင့်ရသည်။ သို့သော် ဝင်ပေါက်အနီးတစ်ဝိုက်တွင်သာ ပျော်ခွင့်ရသည်။ နတ်ဆိုးနိုင်ငံ၏ ဝန်ဆောင်မှုအစစ်ကို ထိတွေ့ခွင့်မရ။

ယွန်လင်လို ဩဇာနောက်ခံမြင့်မားသည့် အဆင့်မြင့်ဆုံး လူတန်းစားများက နတ်ဆိုးနိုင်ငံ၏ ထိပ်တန်းဝန်ဆောင်မှုများကို သာယာခွင့်ရသည်။ နေရာပတ်ဝန်းကျင် လွတ်လပ်စွာရွေးနိုင်သည်။ ဒဏ္ဍာရီပုံပြင်ဇာတ်လမ်းထဲတွင်သာ ဖြစ်ပေါ်နိုင်သည့် ဇာတ်လမ်းဇာတ်ကွက်များ ရွေးချယ်နိုင်သည်။ အဆင့်မြင့်နတ်ဆိုးမများနှင့် ကစားခွင့်ရသည်။ နောက်ဆုံးအပိုင်းက သိပ်အရေးမကြီးလှပါ။

သို့သော် ယွန်လင် သွားရှုပ်၍မရသည့် ဖြစ်တည်မှုများရှိသည်။ နတ်ဆိုးအကျဉ်းထောင်ထဲမှ နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဉ်းသားများဖြစ်သည်။ သူကြည့်ရုံသာကြည့်နိုင်သည်။ ထိခွင့်မရ။

“သခင်ဖုန် ကျုပ်တို့နတ်ဆိုးနိုင်ငံအကြောင်း အတော်နားလည်သွားပြီလို့ ကျုပ်ယူဆပါတယ်။ သခင်ဖုန် ဆန္ဒတစ်ခုခုရှိရင် ပြောပါ။ ကျုပ်တို့ အကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းပေးပါ့မယ်”

ဖုန်ချင်အန်း မြန်မြန်သ‌ဘောပေါက်သွားသဖြင့် ရှောင်ယိ စိတ်သက်သာရာရသွားသည်။ လူသစ်များသည် နတ်ဆိုးနိုင်ငံအကြောင်း နားလည်ရန် အတော်အချိန်ယူရသည်။

အပြင်လောကတွင် ဒဏ္ဍာရီသာကြားဖူးသည့် ဇာတ်လမ်းများကို ဤနေရာတွင် ဇာတ်လိုက်မင်းသားအဖြစ် ကိုယ်တိုင်တွေ့ကြုံခံစားနိုင်သည်။ လူသစ်တစ်ယောက်အတွက် ထိုအဖြစ်က အံ့ဩဘနန်းဖြစ်သွားနိုင်သည်။

“ဆန္ဒရယ်လို့ ထူးထူးခြားခြားမရှိပါဘူး”

ဖုန်ချင်အန်း ခေါင်းခါပြလိုက်သည်။ မည်မျှကောင်းသည့် ဖျော်ဖြေမှုဖြစ်စေ သူစိတ်မဝင်စား။ စိတ်လည်းမပါ။

“နတ်ဆိုးနိုင်ငံကို ပထမဆုံးရောက်လာတဲ့လူတွေက ဘယ်လိုဇာတ်ကွက်မျိုး ရွေးပြီးပျော်ပါးကြသလဲ”

“မြေခွေးဝိညာဉ် ကျေးဇူးပြန်ဆပ်တာမျိုးပေါ့”

ရှောင်ယိအဖြေက ဖုန်ချင်အန်း ကြိုတွက်ထားသည့်အတိုင်း ဖြစ်နေသည်။ လူသားနှင့် ထိတွေ့မှုအများဆုံး နတ်ဆိုးမှာ မြေခွေးနတ်ဆိုးများသာဖြစ်သည်။ မြေခွေးမရှိသည့်ရွာဟူ၍ မရှိ။

“ဒုတိယအများဆုံးက မြွေပါဇာတ်လမ်းတွေနဲ့ နဂါးနန်းတော်က လက်ထပ်ပွဲလိုမျိုးတွေပေါ့”

ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ သာမန်လူများကြား နှစ်ရာချီလက်ဆင့်ကမ်းလာသည့် ဂန္တဝင်ပုံပြင်များဖြစ်သည်။ ထိုဇာတ်လမ်းမျိုး လက်တွေ့သရုပ်ဆောင်ချင်ကြသည်မှာ မဆန်းလှ။

မြေခွေးနှင့်မြွေပါဇာတ်လမ်းများက မဆန်းလှ။ ထိုနတ်ဆိုးများက အသွင်မပြောင်းလျှင်ပင် အတော်ချစ်စရာကောင်းသည်။ နဂါးနန်းတော်လက်ထပ်ပွဲဆိုသည်က အတော်ခက်သည်။

“ခင်ဗျားတို့ဆီမှာ နဂါးမျိုးနွယ်တွေလည်းရှိတယ်ပေါ့”

“ရှိပါတယ်။ ဒါပေမယ့် နဂါးသွေးအတော်နည်းတဲ့ မျိုးစိတ်တွေပါ။ သခင်ဖုန်မြင်ဖူးတဲ့ နဂါးတွေနဲ့တော့ နှိုင်းယှဉ်စရာတောင်မရှိပါဘူး။ အရမ်းကြီး မျှော်လင့်မထားပါနဲ့”

ရှောင်ယိ အနည်းငယ်ဦးညွှတ် တောင်းပန်စကားဆိုသည်။

နဂါးနန်းတ်ောလက်ထပ်ပွဲ ဇာတ်လမ်းရှိသော်လည်း တကယ်ထိတွေ့ရသည့် နတ်ဆိုးများက နဂါးသွေးဆက် အတော်နည်းပါးသူများသာဖြစ်သည်။ တစ်နည်းအားဖြင့် ဖောက်သည်များကို လှည့်စားထားခြင်းသာဖြစ်သည်။ အကယ်၍ နဂါးအစစ်သာရှိနေလျှင် ရှောင်မိသားစုက ထိုနိမ့်ကျသည့်အလုပ်မျိုး လုပ်ခွင့်ပေးလိမ့်မည်မဟုတ်။

ထိုအချက်သည် နဂါးမျိုးနွယ်တွင် တားမြစ်ချက်ဖြစ်သည်။ အရိုင်းနဂါးမျိုးစိတ်ဖြစ်စေ မြင့်မြတ်သည့်နဂါးမျိုးဆက်ဖြစ်စေ နဂါးတစ်ကောင်ကို ယုတ်နိမ့်သည့်အလုပ်များ လုပ်ခိုင်းထားလျှင် နဂါးမျိုးနွယ်တို့၏ဒေါသဒဏ်ကို ခံရမည်။ မည်မျှသက်တမ်းရှည်သည့် အမွေအနှစ်ဖွံ့ဖြိုးသည့် မိသားစုဖြစ်စေ ထိုဒေါသဒဏ်ကို ခံနိုင်မည်မဟုတ်။

************************************************

All Chapters