နတ်ဆိုးမွေးခြင်းဟူသည်
Vol. 21 Ch. 304
“ဒီလောက်အစောကြီး ထွက်သွားတော့မှာလား။ နတ်ဆိုးတစ်ယောက်လောက် မရွေးတော့ဘူးလား။ အဆင့်မြင့်နတ်ဆိုးတစ်ယောက်နဲ့ ဆက်သွယ်ပေးမယ်လေ”
နတ်ဆိုးတစ်သောင်းနိုင်ငံ လှည့်ပတ်ပြပြီးနောက် ဖုန်ချင်အန်းက ပြန်တော့မည်ဟု ပြောသဖြင့် ရှောင်ယိ နည်းနည်းအံ့အားသင့်သွားသည်။ စိတ်သက်သာရာလည်း ရသွားသည်။
“ကျုပ်ဒီနေ့ အများကြီး အမြင်ကျယ်ခဲ့ပါပြီ။ နောင်တစ်ချိန် အားလပ်တဲ့အခါမှ ထပ်လာခဲ့ပါဦးမယ်”
နောက်တစ်ကြိမ်လာဦးမည့်အကြောင်း သူသေချာပြောသည်။
“နန်းတွင်းစာမေးပွဲက အရေးကြီးတယ်။ ကျုပ်သေချာအာရုံစိုက်ပြီး ကြိုတင်ပြင်ဆင်မှဖြစ်မယ်။ ဒီမှာ အချိန်ဖြုန်းနေလို့မရဘူး”
ဖုန်ချင်အန်း၏အကြောင်းပြချက်ကြောင့် ရှောင်ယိ ရယ်ချင်စိတ်ပေါက်သွားသည်။ နန်းမြို့တော်မှ သတင်းများက နေရာတိုင်းပျံ့နေပြီးဖြစ်သည်.
“အဲလောက်စိတ်ပူစရာမလိုပါဘူး။ သခင်ဖုန်က နန်းတွင်းစာမေးပွဲမှာ ပထမရဖို့ သတ်မှတ်ပြီးသားပါ။ ဖြေလွှာစာရွက်အလွတ်အတိုင်း တင်ခဲ့ရင်တောင် ပထမရမှာပါ”
“ဘယ်လို”
ဤနေရာသို့မလာမီ အိမ်ထိန်းကျောက်ပြောခဲ့သည့်သတင်းကို ဖုန်ချင်အန်း ပြန်သတိရလာသည်။
“ဒါဆို ဒီနှစ်ရဲ့ နန်းတွင်းစာမေးပွဲက ကျုပ်အတွက် သတ်မှတ်ထားတာပေ့ါ။ စာမေးပွဲရက်ရွှေ့တာလည်း ကျုပ်ကြောင့်ပဲလား”
“နန်းတွင်းစာမေးပွဲကို လူတစ်ယောက်အတွက်နဲ့တော့ ကျင်းပလို့မရဘူးပေါ့။ ဒါပေမယ့် ဖုန်သခင်တစ်ယောက်တည်းရဲ့ လွှမ်းမိုးမှုက တစ်ခြားစာဖြေသူတွေထက် သာလွန်ပါတယ်။ စာမေးပွဲရက် ရွှေ့ဆိုင်းခဲ့တာဟာ သခင်လေးကြောင့်ပါပဲ”
ရှောင်ယိ ရယ်မောနေသည်။ ဖုန်ချင်အန်းသည် တာ့ကျင်းတွင် မည်မျှလွှမ်းမိုးနိုင်စွမ်းရှိမှန်း ကိုယ့်ကိုယ်ကို သိပါလေစဟု သူတွေးမိနေသည်။
အကိုဖြစ်သူက ဓားတစ်လက်ဖြင့် လောကကို အုပ်စိုးနိုင်သည်။ ညီဖြစ်သူက ပြိုင်ဘက်ကင်းပါရမီမျိုးရှိသည်။ ပင်ပင်ပန်းပန်းမကြိုးစားရဘဲ ခရီးတလျှောက် အချိန်တိုအတွင်း ဩဇာကြီးလာခဲ့သည်။
ညီဖြစ်သူသည် အချိန်တိုအတွင်း နတ်ဆိုးများကို စွမ်းအားအဆင့်တိုးအောင် လုပ်နိုင်သည်။
ခြေရင်းတွင် လှဲနေသည့် ဝံပုလွေနက်ထံမှာ ပြင်းထန်သည့် နတ်ဆိုးစွမ်းအင်ရောင်ဖြစ်နေသည်က သက်သေခံနေသည်။ ရှောင်မိသားစုစုံစမ်းချက်အရ ထိုဝံပုလွေသည် အိမ်မွေးခွေးနှင့် တောရိုင်းဝံပုလွေတို့၏ သားပေါက်ဖြစ်သည်။ ဝံပုလွေအစစ်ပင်မဟုတ်။
မင်းသမီးက သရဲဝံပုလွေဆေးလုံးပေးခဲ့သဖြင့် အကူအညီနည်းနည်းရခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် သာမန်သွေးဆက်ဗီဇရှိသည့် ခွေးဝံပုလွေတစ်ကောင်သည် ဆေးလုံးကိုစုပ်ယူ၍ စွမ်းအားတက်လာရန် အနည်းဆုံး နှစ်တစ်ရာတော့ ကြာမည်။
သရဲဝံပုလွေသန္ဓေကို ဆေးဖော်ခဲ့သည့် သမားတော်ကိုယ်တိုင်ကပင် သာမန်နတ်ဆိုးတစ်ကောင် ထိုဆေးအာနိသင်ကို စုပ်ယူသန့်စင်ဖို့ နှစ်ပေါင်းခြောက်ဆယ်တော့ကြာမည်ဟု အတည်ပြုခဲ့သည်။
သို့သော် လူတိုင်းအထင်မကြီးကြသည့် ခွေးဝံပုလွေက သုံးလေးနှစ်အတွင်း သဘာဝကိုဆန့်ကျင့်၍ မဟာနတ်ဆိုးဖြစ်လာသည်။
ထိုအမှန်တရားက လျစ်လျူရှုရန် ခဲယဉ်းသည်။ သုံးသပ်ချက်အမျိုးမျိုး မှန်းဆချက်အမျိုးမျိုး ထုတ်လာကြသည်။
မဟာနတ်ဆိုးများ ရှားပါးသည်တော့မဟုတ်။ ကျယ်ပြန့်သည့်တောင်တန်းတောနက်များအတွင်း ဇွဲရှိရှိ ရှာဖွေလျှင် တွေ့နိုင်ပေလိမ့်မည်။
သို့သော် လူသားမျိုးနွယ်တို့ လွှမ်းမိုးထားသည့် တာ့ကျင်းသည် မဟာနတ်ဆိုးများနှင့် ဘာမှဆက်စပ်မှုမရှိ။ လူသားများနှင့် ရင်းနှီးမှုကို ထိန်းသိမ်းထားသည်ဆိုစေ ထိုမဟာနတ်ဆိုးများသည် လူသားများနှင့် တစ်ဘက်တည်းရပ်တည်ကြမည်မဟုတ်။
နတ်ဆိုးအများစုက လူသားများကို မုန်းတီးကြသည်သာဖြစ်သည်။ လက်ရှိတာ့ကျင်းသည် ဖွံ့ဖြိုးစည်ပင်နေသည်။ နတ်မင်းများစွာ ကောင်းချီးပေးထားသည်။ ထို့ကြောင့် အင်အားလည်း ထိပ်ဆုံးသို့ရောက်နေသည်။
ထို့ကြောင့် တောနက်ထဲမှ ကြမ်းတမ်းသည့်နတ်ဆိုးများ ထိန်းထိန်းသိမ်းသိမ်းနေကြရသည်။ ပြဿနာမရှာရဲ။ သို့သော် နိုင်ငံ့အင်အား လျော့ကျသွားသည်နှင့် ထိနတ်ဆိုးများသည် လူသားတို့အတွက် ကပ်ဆိုးအန္တရာယ်များ ဖြစ်လာပေလိမ့်မည်။
မဟာနတ်ဆိုး အတော်များများရှိနိုင်ပါသည်။ တာ့ကျင်းတွင် အနည်းဆုံး ငါးဆယ်ဝန်းကျင်ရှိသည်။ သို့သော် လူသားများကို သစ္စာရှိရှိ အမှုထမ်း၍ ကူညီသည့်နတ်ဆိုးအရေအတွက်က လက်တစ်ဆုပ်စာသာရှိသည်။
ထိုသစ္စာရှိနတ်ဆိုးများကို လူသားများက မွေးမြူကြသည်။ လူသားများ၏ ပျိုးထောင်မှုဖြင့် အောင်မြင်တိုးတက်လာကြခြင်းဖြစ်သည်။
ရှောင်မိသားစုမှာပင် နတ်ဆိုးတစ်ချို့ရှိသည်။ စွမ်းအားကြီးနတ်ဆိုးတစ်ကောင်ပင် ရှိသေးသည်။ သို့သော် လူသားများနှင့်ယှဉ်လျှင် နတ်ဆိုးတို့၏ကြီးထွားတိုးတက်နှုန်းက အလွန်တရာနှေးကွေးသည်။
ဥပမာ ရှောင်မိသားစု အလေးထားသည့် နတ်ဆိုးဘိုးဘေးကိုကြည့်ပါ။ ထိုနတ်ဆိုးသည် ငယ်ရွယ်စဉ်က ရှောင်မိသားစုတည်ထောင်သူနောက်သို့ အတူလိုက်ပါစွန့်စားခဲ့သည်။ သို့သော် ထိုနတ်ဆိုး အရွယ်မရောက်သေးမီမှာပင် မိသားစုတည်ထောင်သူ သေဆုံးသွားသည်။
ငါးဆက်မြောက်မိသားစုခေါင်းဆောင် သေဆုံးပြီးမှ ထိုနတ်ဆိုး အဆင့်တက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ပထမတည်ထောင်သူ၏အုတ်ဂူက ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်နေသည်။
ထို့ကြောင့် သက်တမ်းတိုသည့်လူသားများအတွက် အဆင့်မြင့်နတ်ဆိုးတစ်ကောင်မွေးမြူနိုင်ဖို့ မျိုးရိုးစဉ်ဆက် ကြိုးစားအားထုတ်ပြင်ဆင်ခဲ့ရသည်။ ထိုသို့မွေးမြူဖို့ကလည်း ရှောင်မိသားစုလို ကျင့်ကြံသူမိသားစုများသာ လုပ်ဆောင်နိုင်ကြသည်။
သာမန်မိသားစုများ အိပ်မက်ပင်မမက်သင့်။ နတ်ဆိုးမွေးရာမှ စွမ်းအားမညီမျှမှုဖြစ်လာတတ်သည်။ နတ်ဆိုးက သခင်ကို လွှမ်းမိုးသွားတတ်သည်။ မိသားစု အဆုံးသတ်သွားတတ်သည်။
ထိုအဖြစ်မျိုးကလည်း မရှားလှ။ သခင်အပေါ် သစ္စမာမဖောက်သည့် နတ်ဆိုးမျာလးည်းရှိပါသည်။ သို့သော် မိသားစုအတွက် စဉ်းစားရာတွင် အဆိုးဆုံးအခြေအနေကို ကြိုတွေးထားရမည်။ စိတ်ကူးယဉ်အိပ်မက်မက်နေ၍မရ။
သစ္စာရှိသည့်မဟာနတ်ဆိုးမျိုးမွေးမြူရန် ခက်ခဲလွန်းသဖြင့် သာမန်မိသားစုများ စိတ်ကူးမယဉ်နိုင်ကြခြင်းဖြစ်သည်။
နတ်ဆိုးမွေးရန် ရင်းနှီးမြှုပ်နှံမည့်အစား ကိုယ့်မိသားစုဝင်များအပေါ် ရှင်းနှီးမြှုပ်နှံသည်က ပိုကောင်းသည်။ လူအများစုက ဘိုးဘေးများစိုက်ခဲ့သည့် သစ်ပင်ရိပ်ကို အေးချမ်းစွာ နားခိုလေ့ရှိသည်။ ကိုယ်တိုင် သစ်ပင်စိုက်လေ့မရှိကြ။
ထို့ကြောင့် နတ်ဆိုးများကို အချိန်တိုအတွင်း လျင်မြန်စွာ ကြီးထွားအောင် မွေးမြူနိုင်သည့် ဖုန်ချင်အန်းပေါ်လာသည့်အချိန်တွင် တာ့ကျင်းနန်းတော်က အစီအစဉ်တစ်ချို့ချလိုက်သည်မှာ မဆန်းလှပါ။
ထိုပါရမီမျိုးသည် မယုံနိုင်စရာကောင်းသည်ဟု ထင်စရာရှိသည်။ သို့သော် ကောင်းကင်မသေမျိုးလူဝင်စားတစ်ယောက်ဖြစ်လျှင် မဖြစ်နိုင်စရာမရှိတော့။ ထိုကဲ့သို့လူမျိုးအတွက် မဟာနတ်ဆိုးများအချိန်တိုအတွင်း မွေးထုတ်နိုင်သည်မှာ မဆန်းလှ။
*******************************************