← Chapters

နတ်ဆိုးမွေးခြင်းဟူသည် (၂)

Vol. 21 Ch. 305

နတ်ဆိုးမွေးခြင်းဟူသည် (၂)

Vol. 21 Ch. 305

အဆင့်မြင့်နတ်ဆိုးတစ်ကောင်ကို သိမ်းသွင်း၍မရလျှင် သတ်ပစ်ရသည်။ စွမ်းအင်သန္ဓေကိုထုတ်ယူ၍ ဆေးဖော်သည်။ ဖုန်သခင်လေး၏ ပါရမီနှင့်သာ ပေါင်းစပ်လိုက်လျှင် တာ့ကျင်းအပေါ် အပြည့်အဝသစ္စာရှိသည့် အဆင့်မြင့်နတ်ဆိုးတစ်ကောင် မွေးမြူနိုင်ပေလိမ့်မည်။

ထိုအတွေးများသည် ရှောင်ယိ၏ မှန်းဆချက်သက်သက်သာ ဖြစ်သော်လည်း အမှန်တရားနှင့် များများစားစားမကွာခြားနိုင်ပါ။ ထိုပါရမီရှင်မျိုးကို အသုံးမချလိုသူ ရှိမည်မဟုတ်။

သို့သော် အသုံးချလိုလျှင်လည်း သင့်တင့်မျှတသည့် အကြောင်းပြချက်ရှိရဦးမည်။ ထိုသခင်လေး၏ စိတ်ဓာတ်စရိုက်အရ အလိုက်သင့်သွားရမည်။ ဖုန်သခင် တော်ဝင်စာမေးပွဲဖြေဖို့ ဆန္ဒရှိနေသည်ဆိုလျှင် ဂုဏ်သရေနှင့်ကျော်ဇောမှုကို ချီးမြှင့်ပေးရမည်။

တာ့ကျင်းရုံးတော်စနစ်ထဲသို့ သူဝင်လိုစိတ်ရှိနေလျှင် သူလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးကြရမည်။ တာ့ကျင်းကလည်း တတ်နိုင်သမျှ ဖြည့်ဆည်းနေလိမ့်မည်။

“သခင်ဖုန် ဆန္ဒရှိရင် ဝင်ဖြေတဲ့ နန်းတွင်းစာမေးပွဲတိုင်းမှာ ပထမရနိုင်ပါတယ်။ အဖြေလွှာထဲမှာ ဘာပဲရေးခဲ့ရေးခဲ့ပါ”

ရှောင်ယိက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ သတင်းတစ်ချို့သာ သူကြားထားသော်လည်း နည်းနည်းတွန်းအားပေးလိုက်သည်နှင့် အဖြစ်အပျက်များက သိသာထင်ရှားလာသည်။

“ဖုန်ထန်ကိုကျုပ်စရောက်တော့ ကျုပ်ရဲ့အိမ်ထိန်းကလည်း အဲလိုပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့သတင်းအမှန်ဟုန်မဟုတ် သူအတည်မပြုနိုင်ခဲ့ဘူး။ ခင်ဗျားလို ရှောင်မိသားစုဝင်ကတော့ ကျုပ်အိမ်ထိန်းထက် သတင်းရင်းမြစ်တွေကို ပိုတီးခေါက်မိမှာပါ။ ဒီတော့ ဒီသတင်းက တကယ်အမှန်ပဲထင်ပါရဲ့”

ဖုန်ချင်အန်း အတွေးနက်သွားသည်။

တာ့ကျင်းက သူ့ကိုတန်ဖိုးထား၍ စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးသော်လည်း သူ့စိတ်ထဲ အလိုမကျ။ စာ‌မေးပွဲမဖြေမီကပင် သူ့အဆင့်ကို သတ်မှတ်ပြီးဖြစ်နေသည်။

သူ့စာပေပါရမီနှင့် ကျွမ်းကျင်မှုအတိုင်းအတာကို သူ့ကိုယ်သူ သတိထားမိသည်။ မူလအခြေအနေအတိုင်းဆိုလျှင် ကလေးပညာရှင် သို့မဟုတ် စာသင်သားပညာရှင်ဖြစ်ဖို့ ရုန်းကန်ကြိုးစားရန်သာဖြစ်သည်။ ဆယ်နှစ်တာအပင်ပန်းခံခဲ့ပြီးဖြစ်၍ ထိုအဆင့်လောက်တော့ သူတကယ်ရနိုင်သည်။

ကျင့်ကြံမှုလုပ်ပြီးနောက် အကြားအာရုံထက်မြက်လာသည်။ အမြင်အာရုံနှင့်မှတ်ဉာဏ် ပိုကောင်းလာသည်။ ထို့ကြောင့် အဆင့်မြင့်ပညာရှင်ဖြစ်လာဖို့ပင် သိပ်မခက်ဟုယူဆသည်။ သို့သော် သူ့အကိုလို ပါရမီနှင့်လေ့လာမှုသက်သက်ဖြင့် အဆင့်တစ်ပညာရှင်ဖြစ်လာဖို့ဆိုသည်မှာ သူ့အတွက် လုံးဝဖြစ်နိုင်ခြေမရှိ။

အမှန်အတိုင်းပြောရလျှင် သူ့စိတ်ထဲ သိပ်မပျော်။ ငြီးငွေ့စရာကောင်းသည်ဟု ထင်မိသည်။ အစက ပြီးခဲ့သည့်နှစ်များအတွင်းက သူလေ့လာခဲ့သည့် အသိပညာကို စမ်းသပ်ရန်အတွက်သာ နန်းတွင်းစာမေးပွဲကို ဖြေလိုခဲ့ခြင်းဖြစ်သည်။

ယခု သူ့အဆင့်ကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ ဘာမှစိတ်လှုပ်ရှားစရာမရှိ။ ငြီးငွေ့စရာသာဖြစ်သည်။

“ဒါကြောင့်မို့ စာမေးပွဲကိစ္စ သခင်လေး စိတ်မပူပါနဲ့။ စာမေးပွဲမစခင် ဖုန်ထန်မြို့တော်က နေရာစုံကို လျှောက်လည်လို့ရပါတယ်။ ယွန်မိသားစု ဆေးဘုရင်လေသာဆောင်၊ ရှီမိသားစုရဲ့ လက်နက်ရုံ၊ စွန်းမိသားစုရဲ့ ယန္တရားမျှော်စင်၊ ကျန်းမိသားစုရဲ့ စာကြည့်တိုက်တွေကို သွားလည်ကြည့်လို့ရပါတယ်။ အံ့ဩစရာတစ်ချို့ တွေ့ပါလိမ့်မယ်”

ရှောင်ယိ မျက်တောင်ပင်မခတ်။ နာမည်များကို လက်တန်းရွတ်ပြသည်။

ခွေးသူတောင်းစားယွန်လင်က ရှောင်မိသားစုပင်မလုပ်ငန်းနေရာသို့ ဖုန်ချင်အန်းအား ခေါ်လာသည်။ နတ်ဆိုးတစ်သောင်းနိုင်ငံထဲ လှည့်လည်ပြသည်။ တစ်ခြားမိသားစုများကိုလည်း ရှောင်ယိ အလွတ်မပေး။ အောက်သို့ကျလျှင် အားလုံးအတူတူကျရမည်။

“ရှီ၊ စွန်း၊ ကျန်း၊ ဒါတွေက ဖုန်ထန်မြို့တော်က တစ်ခြားနာမည်ကြီးမိသားစုတွေလား”

ရှောင်ယိ၏ရည်ရွယ်ချက်ကို ဖုန်ချင်အန်း တန်းသိသည်။ သို့သော် သူအတော်စိတ်ဝင်စားမိသည်။

ထိုမိသားစုများသည်လည်း ပြိုင်ဘက်ကင်းစွမ်းရည်ကိုယ်စီရှိ၍ ဖုန်ထန်မြို့တော်တွင် နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်ပါတယ်။ အဲဒီ့မိသားစုတွေနဲ့ ရှောင်မိသားစု ယွန်မိသားစုတွေကို ဖုန်ထန်ထိပ်တန်းမိသားစုငါးခုလို့ လူတွေက ရည်ညွှန်းတတ်ကြပါတယ်”

“စိတ်ဝင်စားစရာပါပဲ။ ခင်ဗျားပြောတဲ့နေရာတွေကို နောက်ထပ်ရက်ပိုင်းအတွင်း ကျုပ်သွားလည်ကြည့်ပါ့မယ်။ တစ်ခြားစိတ်ဝင်စားစရာနေရာတွေ ဖုန်ထန်မှာရှိသေးလား”

“လုန်ယင်အကယ်ဒမီကျောင်းဆိုတာ ဖုန်ထန်မြို့ပြင်မှာရှိပါသေးတယ်။ သိပ်မကြာသေးခင်က ဆရာအသစ်တစ်ချို့ ငှားထားတယ်လို့ကြားတယ်။ သခင်ဖုန် စိတ်ဝင်စားမလားတော့ မပြောတတ်ဘူး”

“ဆရာသစ်...”

ဖုန်ချင်အန်း မျက်ခုံးနှစ်ဘက် နည်းနည်းမြင့်တက်သွားသည်။ ရှောင်သခင်လေး စိတ်ဝင်စားသည့် ဆရာများသည် ထူးခြား၍သာဖြစ်ရမည်။ စာပေထူးချွန်ရုံတော့ မဖြစ်နိုင်။

“ဘယ်အချိန်က စငှားထားလဲ”

“ဒီနှစ်အစပိုင်းမှာပါပဲ။ အတော်ဗဟုသုတပြည့်စုံတဲ့ စာပေသူတော်စင်တွေပါ။ ကျောင်းကို မဝင်ခင်ကတော့ ခရီးလှည့်လည်နေတဲ့ တာအိုဘုန်းကြီးတွေပေါ့။ နန်ဟွားတိုက်နယ်မြောက်ဘက်ကနေ ဝမ်လီကိုဖြတ်ပြီး လာခဲ့တဲ့လူတွေလို့ ကောလဟာလကြားတယ်”

“နန်ဟွားတိုက်နယ်တဲ့လား။ ဝမ်လီကိုဖြတ်လာတယ်ပေါ့”

ဖုန်ချင်အန်း နားလည်သွားသည်။

ထိုရှောင်သခင်လေးသည် လမ်းကြောင်းတစ်ခုဆီ သူ့ကိုတွန်းပို့နေသော်လည်း မကောင်းကြံလိုသည့်ရည်ရွယ်ချက်မရှိ။ ဒုက္ခရောက်စေလိုသည့်စိတ်မျိုးလည်း မရှိ။ ရှောင်ယိလုပ်ရပ်က ရှင်းလင်းသည်။ သူအေးဆေးစွာမနေရလျှင် ကျန်သည့်လူများကိုလည်း နေခွင့်မပေးဟူသည့် သဘောမျိုးသာဖြစ်သည်။

“နန်ဟွားတိုက်နယ်က ကျုပ်တို့ခြေထောက်အောက်က မြေပါပဲ။ အဆုံးစမဲ့ပင်လယ်ရဲ့ တစ်ဘက်မှာ နန်ဟွားလိုပဲ ထင်ရှားတဲ့နယ်မြေတွေ အများကြီးရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ တိုက်နယ်ဘယ်နှစ်ခုရှိတယ်ဆိုတာတော့ အဲဒီ့သူတော်စင်တွေတောင် မသိပါဘူး”

ရှောင်ယိ သက်ပြင်းချ၍ပြောသည်။

“ဒီလောကဟာ အံ့ဩစရာကောင်းလောက်အောင် ကျယ်လွန်းနေလို့ ကိုယ့်ကိုယ်ကို အမှုန်အမွှားတစ်ခုလို ခံစးရတယ်”

“နန်ဟွားတိုက်နယ်က ဘယ်လောက်ကျယ်သလဲ”

ဖုန်ချင်အန်း ဆက်မေးသည်။

ယခုချိန်ထိ တာ့ကျင်းဒေသတစ်ချို့ကိုသာ သူဖြတ်သန်းခဲ့ဖူးသည်။ တာ့ကျင်းနိုင်ငံဘေးပတ်လည်မှ တိုင်းပြည်တစ်ချို့၏နာမည်လောက်သာ သူကြားဖူးသည်။ ထိုတိုင်းပြည်များလွန်သွားလျှင် ဘာရှိနေသည်ကို သူမသိ။ ထိုထက်ဝေးကွာသည့်နယ်မြေများအကြောင်း သူတစ်ခါမှမကြားဖူး။

“ဒီမေးခွန်းကိုကျုပ်လည်း မေးခဲ့ဖူးတယ်။ ပညာရှင်တစ်ယောက်ကပဲ ပြန်ဖြေတယ်။ ကျုပ်တို့နိုင်ဟွားတိုက်နယ်ဟာ တောင်နဲ့မြောက် လိဂ်ငါးဆယ်ကျော်ရှည်တယ်လို့ သူပြောတယ်။ အရှေ့အနောက် ဘယ်လောက်ကျယ်သလဲဆိုတာတော့ သူတောင်မသိဘူး”

ဖုန်ချင်အန်းစိတ်ထဲ အံ့ဩရိပ်များသာ ပြည့်နေသည်။ လောကကြီးသည် ကျယ်သည်ဟု သူခန့်မှန်းခဲ့ဖူးပါသည်။ မြေအောက်ကမ္ဘာကိုလည်း သူမြင်ဖူးသည်။ သို့သော် လူသားလောကကျယ်ဝန်းမှုက သူစိတ်ကူးထားသည်ထက်ပင် ပိုနေသည်။

“အခွင့်ကြုံရင် ကျုပ်လည်း သူတို့ကို သွားမေးမြန်းကြည့်ရဦးမယ်”

ထိုပညာရှင်တို့၏နောက်ခံသည် လျှို့ဝှက်ချက်မဟုတ်။ သို့သော် သူတို့ရပ်နေသည့်တိုက်နယ်အကျယ်အဝန်းကို သူတို့ပင်မသိဟုဆိုသည်။ နည်းနည်းတော့ မဖြစ်သင့်ဟု ထင်ရသည်။ သို့သော် ကျယ်ပြန့်လွန်းသည့် လောကကြီးအကြောင်းသိရသဖြင့် ဖုန်ချင်အန်း အံ့ဩဘနန်းဖြစ်ရသည်။

“ဒီပညာရှင်တွေက အကယ်ဒမီကျောင်းမှာနေပြီး သူတို့အာရုံကျတဲ့အခါမှသာ အပြင်ထွက်လာပြီး သင်ပြပေးလေ့ရှိတယ်။ ဒါပေမယ့် ဖုန်သခင်ရဲ့အဆင့်အတန်းနဲ့ဆိုရင်တော့ လုန်ယင်အကယ်ဒမီကိုသွားလည်ရင် အလွယ်တကူတွေ့ဆုံလို့ရမှာပါ”

ရှောင်ယိက ပြုံး၍ပြောသည်။

ထိုတာအိုဘုန်းကြီးများ ဖုန်ထန်သို့ရောက်လာချိန်တွင် ထိပ်တန်းမိသားစုအတော်များများ မိတ်ဖွဲ့ရန် ကြိုးစားကြသည်။ သို့သော် ထိုတာအိုရှင်များက သူတို့ကိုအရေးမစိုက်။ လမ်းကြောင်းကို ကွေ့ပတ်ပြီး လုန်ယင်ကျောင်းထဲသို့သာ ဝင်သွားကြသည်။ မိသားစုများကို အနားကပ်ခွင့်မပေး။

“ဘာအဆင့်အတန်းတွေပြောနေတာလဲ။ ကျုပ်က အခုမှ စာသင်သားစာဖြေသူတစ်ယောက်အဆင့်ပါပဲ”

“သခင်ဖုန်က အတော်နောက်တတ်တာပဲ”

နောက်ထပ်စကားပြောစရာအကြောင်းအရာ မရှိတော့သဖြင့် ဖုန်ချင်အန်း နတ်ဆိုးနိုင်ငံတွင် ဆက်မနေတော့။ တောင်နက်နှင့်ပိုင်ယော်ခြံရံလျက် လာခဲ့သည့်လမ်းအတိုင်း လှည့်ပြန်သည်။ မကြာမီ နတ်ဆိုးချုပ်မျှော်စင်နှင့် သစ်သားတံတားကို လှမ်းမြင်ရသည်။

“နှုတ်ဆက်ပါတယ် သခင်ဖုန်။ ပျင်းရိငြီးငွေ့လိလု့ လာလည်ချင်ရင် ကျုပ်တို့နတ်ဆိုးတစ်သောင်းနိုင်ငံက အမြဲတမ်း ကြိုဆိုနေပါတယ်”

လူသားကမ္ဘာသို့သွားသည့် သစ်သားကြိုးတံတားပေါ်တက်ရန် ပြင်နေချိန်တွင် ရှောင်ယိက လေးလေးစားစား နှုတ်ဆက်စကားဆိုသည်။ ဖုန်ချင်အန်း ထွက်သွားတော့မည်ဖြစ်၍ သူအတော်စိတ်သက်သာရာရနေသည်။

လော်(ဘုရင့်)မိသားစုက ဖုန်ချင်အန်းကို သိမ်းသွင်းရန် စိတ်ကူးရှိသော်လည်း ရှောင်မိသားစုက ထိုသို့မဟုတ်။ မိသားစုတွင်း‌ ဆွေးနွေးတိုင်ပင်ကြပြီးနောက် ထိုစိတ်ကူးကိုလက်လျှော့လိုက်ဖို့ ဆုံးဖြတ်ထားကြသည်။ ထိုမျှဩဇာကြီးသူကို သူတို့မိသားစု ထိန်းမထားနိုင်ကြောင်း သူတို့ကောင်းကောင်းနားလည်ကြသည်။

“ကောင်းပြီလေ၊ နောက်တစ်ခေါက် ကျုပ်လာလည်ပါဦးမယ်။ ဒါနဲ့ စကားမစပ်...နောက်တစ်ကြိမ်လာရင် ကျုပ်တိုက်ရိုက်ဝင်လို့ရလား။ တစ်ယောက်ယောက်လမ်းပြပါမှဖြစ်မှာလား။ ဒါမှမဟုတ် တံဆိပ်ပြားတို့ဘာတို့ရှိလား”

“အဲ...”

ရှောင်ယိ ဖုန်ချင်အန်းကို တအံ့တဩ လှမ်းကြည့်သည်။ ဖုန်ချင်အန်းသည် နတ်ဆိုးနိုင်ငံတွင် ဘာကိုမှစိတ်ဝင်စားပုံမရ။ သို့သော်ယခု နောက်တစ်ကြိမ်လာလည်မည့်သဘော ရှိနေသည်။

“ဘာဖြစ်လို့လဲ။ ကျုပ်ကိုမလာစေချင်လို့လား”

“မဟုတ်ပါဘူးဗျာ”

ရှောင်ယိ မရယ်ချင့်ရယ်ချင်ရယ်၍ အိတ်ကပ်ထဲ အမြန်လက်နှိုက်ပြီး အနက်ရောင်တံဆိပ်တစ်ခု ဆွဲထုတ်လိုက်သည်။ တစ်ဘက်မျက်နှာတွင် နတ်ဆိုးများ၏ရုပ်ပုံများ ထွင်းထုထားသည်။ တစ်ခြားတစ်ဘက်တွင် “နတ်ဆိုးတစ်သောင်း”ဟူသည့် စာလုံးများပါသည်။ ထိုစာလုံးများတွင် ထူးဆန်းသည့်ဝိညာဉ်စွမ်းအင်မျိုး ရှိနေသည်။

“ဒါက နတ်ဆိုးတစ်သောင်းအမိန့်ပြားပါ။ သခင်ဖုန်ဝင်လာတဲ့အချိန် ဒီတံဆိပ်ကိုကိုင်ထားရင် အကောင်းဆုံးဝန်‌ဆောင်မှုရမှာပါ”

“အဲလိုလား”

ဖုန်ချင်အန်း တံဆိပ်ကို လက်ခံ၍ ရှောင်ယိကို သေချာအကဲခတ်၍ စိုက်ကြည့်သည်။ ရှောင်ယိ တစ်ချက်တွန့်သွားသည်။

“ဘာဖြစ်လို့လဲ သခင်ဖုန်”

ရှောင်ယိ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။ မည်သို့ဆိုစေ သူ့မျက်နှာသည် ထူးဆန်းသည့်အကြိုက်မျိုးရှိသူတစ်ချို့အတွက် စွဲမက်စရာဖြစ်နေမှန်း သူ့ဘာသာသိသည်။

“ဘာမှမဟုတ်ပါဘူး”

ဖုန်ချင်အန်း ရှောင်ယိကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်ပြီး‌နောက် သစ်သားတံတားပေါ်သို့ လှည့်တက်သွားသည်။ ခုနက ရှောင်ယိကိုယ်ပေါ်မှ ထူးဆန်းသည့်အလင်းတစ်မျိုး ထွက်နေခဲ့သည်။

ကောင်းကင်ဂူဝိညာဉ်။

သူပြန်တော့မည့်အချိန်တွင် ထပ်ပေါ်လာသည်။

သစ်သားတံတားပေါ်လျှောက်ရင်း သူတွေးရခက်နေသည်။ လေဟာနယ်စွမ်းအားလှုပ်ရှားမှုကို သူခံစားမိသည်။ မိုးမြေတစ်ခုလုံး ပြောင်းပြန်လှန်လိုက်သလိုထင်ရသည်။

သို့သော် လမ်းအဆုံးသို့ ရောက်သွားချိန်တွင် သူ့ခြေထောက်အောက်မှ သစ်သားခင်းက ကျောက်သားအဖြစ်ပြောင်းသွားသည်။ သူရောက်လာသည်မှာ လူသားလောကမဟုတ်။

ဖုန်ထန်မြို့တော်မဟုတ်။

သူ့မျက်စိရှေ့မှ အရာအားလုံး မြူငွေ့ပါးပါးဖုံးနေသည်။ နည်းနည်းထူးဆန်းသည့် စကားသံတစ်ခု သူ့နားထဲ ပဲ့တင်ထပ်၍ ပေါ်လာသည်။

“မင်းငါ့ကို မြင်နိုင်တယ်ပေါ့”

*******************************************

All Chapters