← Chapters

အလဲအလှယ်

Vol. 21 Ch. 306

အလဲအလှယ်

Vol. 21 Ch. 306

“ဪ...ဒါကြောင့်ကိုး။ မင်းငါ့ကိုမြင်နိုင်တာ မဆန်းတော့ပါဘူး”

ဖုန်ချင်အန်း ဘာမှပြန်မပြောနိုင်မီ စကားသံ ထပ်ပေါ်လာပြန်သည်။ သူ့အမေးသူပြန်ဖြေသည်။

“မင်းက ဘယ်လိုလူဝင်စားမျိုးလဲ။ ထားပါတော့လေ။ မင်းငါ့ကို ပြောစရာမလိုပါဘူး။ ပြောရင်လည်း ငါမှတ်မိချင်မှ မှတ်မိမှာပါ။ ငါက ဒီနေရာမှာ ပိတ်မိနေခဲ့တာ ကြာပြီလေ။ အပြင်လောက ဘယ်လိုရှိလဲဆိုတာ ငါဘာမှမသိတော့ဘူး”

စကားသံက အားကောင်းသော်လည်း တစ်ခြားလူနှင့် စကားမပြောခဲ့ရသည်မှာ အတော်ကြာခဲ့ပုံပေါ်သည်။ ဖုန်ချင်အန်းကို စကားပြောခွင့်မပေး။သူ့ဘက်ကသာ ဆက်တိုက်ပြောသည်။ စိတ်ပျက်ဝမ်းနည်းနေသည့် လေသံမျိုးပေါက်သည်။

အတင်းဆွဲခေါ်လာခံရသဖြင့် ဖုန်ချင်အန်း နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ မြူကြားထဲတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့်သဏ္ဌာန်ကို ငေးစိုက်ကြည့်နေသည်။ စိတ်ထဲတွင် သတိအပြည့်ရှိသော်လည်း မျက်နှာက တည်ငြိမ်နေသည်။

အန္တရာယ်အငွေ့အသက်ကို မခံစားရသောကြောင့်ဖြစ်သည်။ ထိုသဏ္ဌာန်သည် သူ့ကိုအန္တရာယ်ပေးလိုဟန်မရှိ။ မျိုသိပ်ထားရသည့် ခံစားချက်ကို ဖွင့်ထုတ်လိုခြင်းသာဖြစ်မည်။

အမျိုးအစား - ကောင်းကင်ဂူဝိညာဉ်

ဗီဇ - ကောင်းကင်၊ မြေ၊ ဝိညာဉ်

စွမ်းရည် - လွှမ်းမိုးသူ၊ အခြေခံအဆင့်

တိုက်ခိုက်စွမ်းအား - အင်ပါယာ၊ အလတ်တန်း

ယခုအထိ တွေ့ဖူးသမျှထဲတွင် စွမ်းအားအကြီးဆုံးဝိညာဉ်ဖြစ်သည်။ အတော်လည်း ထူးဆန်းသည်။ ရှေ့တွင်ရှိနေသော်လည်း အသွင်သဏ္ဌာန်ကို သေချာမမြင်ရ။ ခန္ဓာကိုယ်အစစ် ရှိပုံရသည်။ သူခန့်မှန်းခဲ့သလို နေရာတိုင်းရှိနေခြင်းမဟုတ်နိုင်။

“ဒီလောက်နှစ်တွေကြာပြီးမှ ငါ့ကိုမြင်နိုင်တဲ့သူတစ်ယောက် တွေ့ရပြီ။ ကံမကောင်းတာက မင်းဟာ လူသားမျိုးနွယ်ဖြစ်နေတယ်။ နတ်ဆိုးမျိုးနွယ်သာဆိုရင် မင်းကိုငါ့သခင်အဖြစ် ချက်ချင်းလက်ခံလိုက်မှာ”

အသံရှင် သက်ပြင်းချသည်။ သူ့စကားကြောင့် ဖုန်ချင်အန်းရင်ထဲ ဒိန်းခနဲမြည်သွားသည်။ သို့သော် လှုပ်ရှားသွားသည့်စိတ်ကို အမြန်ထိန်းချုပ်လိုက်သည်။

သူသည် လူသားတစ်ယောက်ဖြစ်သည်မှာ မှန်သည်။ နတ်ဆိုးမျိုးနွယ်နှင့် အဆက်အစပ်မရှိ။ သို့သော် နတ်ဆိုးစွမ်းအား အသုံးပြုရာတွင် အတော်ကျင်လည်သည်။

သားရဲထိန်းသခင်ဖြစ်၍ စာချုပ်ချုပ်ထားသည့်ဝိညာဉ်များအပေါ် ထိန်းချုပ်နိုင်မှုက အချိန်နှင့်အမျှ နက်ရှိုင်းလာပေလိမ့်မည်။ ယခုသူ လူတစ်ဝက်နတ်ဆိုးတစ်ဝက်အနေဖြင့် ဟန်ဆောင်နိုင်သည်။

“မင်းကဘာလဲ”

ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ သူ့ရှေ့မှသဏ္ဌာန် ဘာမှန်း အကြမ်းဖျင်းနားလည်သည်။ သို့သော် ထိုအချက်မှလွဲ၍ ဘာမှရေရေရာရာမသိ။

ကောင်းကင်ဂူပျက်စီးခါနီးတွင် ဂူအတွင်းမွေးဖွားခဲ့သည့် ဝိညာဉ်တစ်ခုဖြစ်သည်။ ထိုမျှသာသိသည်။ ထိုသဏ္ဌာန်ပိုင်ဆိုင်သည့် စွမ်းအားကလည်း သူသိထားသမျှအရာအားလုံးကို ကြိတ်ချေနိုင်စွမ်းရှိသည်။ သူ့အကိုကိုတော့ ထည့်တွက်မရ။ တုန်ဟွမ်းကိုလည်း အနိုင်ယူချင်မှယူနိုင်သည်။ ဝှက်ဖဲစွမ်းအားတစ်ခုခု ရှိနိုင်သည်။

“ငါက ဘဝကိုးပါးကောင်းကင်ဂူကို အုပ်ချုပ်တဲ့ ဝိညာဉ်ပဲ”

ပြောဆိုဆက်သွယ်နိုင်သူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဂူဝိညာဉ် အတော်စိတ်လှုပ်ရှားလာဟန်ရှိသည်။ မြူကြားထဲမှ အလွန်တရာကြီးမားသည့် ဦးခေါင်းတစ်ခုပေါ်လာသည်။

ဦးခေါင်းခွံကပင် အတော်ကြီးသည်။ ဝိညာဉ်စွမ်းအင်ဖိအားမျိုး ထွက်ပေါ်မနေသော်လည်း အရွယ်အစားချင်း ကွာခြားလွန်းနေသဖြင့် ဖုန်ချင်အန်း အသက်ရှူကြပ်သလို ခံစားရသည်။

ကြီးလွန်းသည်။

ဦးခေါင်းကပင် တောင်နက်၏ သရုပ်မှန်အရွယ်အစားထက် ကြီးမားနေသည်။ ဖုန်ချင်အန်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ ခပ်ခွာခွာနေလိုက်သည်။

“ဘာလို့နောက်ဆုတ်သွားတာလဲ”

ရှိနေသည့်ဦးခေါင်းကြီးက နားမလည်နိုင်အောင် ဖြစ်သွားဟန်ရှိသည်။ ထို့နောက် ဒုတိယဦးခေါင်း...တတိယဦးခေါင်းများ ထပ်ပေါ်လာသည်။ ဦးခေါင်းကိုးခု မြင်လာရသည်။ သိပ်သည်းသည့် မြူခိုးများက ပင်လယ်လှိုင်းများပမာ ကောင်းကင်တွင် လူးလွန်းနေပြီး လေတိုးသန်မြည်နေသည်။

နဂါးခေါင်း သို့မဟုတ် မြွေဦးခေါင်းသဏ္ဌာန် ခေါင်းကိုးလုံး ဖုန်ချင်အန်းကို ပတ်လည်ဝိုင်း၍ ကြည့်နေသည်။ ကြီးမားသည့် မျက်လုံးများက လေးဘက်လေးတန်မှ ဝိုင်းကြည့်နေသဖြင့် ကြက်သီးမွှေးညှင်းများ ထလာသည်။

ဘဝကိုးပါး။ ကောင်းကင်ဂူဝိညာဉ်။

ကောင်းကင်ဂူပျက်ထဲတွင် ထိုမျှကြောက်စရာကောင်းသည့် ဖြစ်တည်မှုမျိုး ပုန်းကွယ်နေမည်ဟု သူမထင်ခဲ့။

ရှောင်မိသားစုကလည်း ဘာမှမပြော။ သို့မဟုတ် သူတို့ထိန်းချုပ်နယ်မြေတွင် ထိုသတ္တဝါရှိနေသည်ကို မသိခြင်းလည်းဖြစ်ကောင်းဖြစ်မည်။

ထိုဝိညာဉ်၏ စကားပြောပုံအရ ရှောင်မိသားဝင်တို့နှင့် လုံးဝဆက်သွယ်ခဲ့ဖူးဟန်မတူ။ သို့သော် အဘယ်ကြောင့် ထိုဝိညာဉ် သူ့ကိုစိတ်ဝင်စားလာသည်မသိ။

“မင်းငါ့ကိုကြောက်နေတာလား”

ဖုန်ချင်အန်း အပြုအမူက ထင်ရှားလွန်းနေသည်။ ဂူဝိညာဉ် မိုးခြုန်းသံပမာ ရယ်မော၍ ကြောက်လန့်နေသည့်သူ့ကို နှစ်သိမ့်နဲ့”

“ကြောက်စရာမလိုပါဘူး။ မင်းကလူသားဖြစ်ပေမယ့် ငါမင်းကိုဒုက္ခမပေးပါဘူး။ ငါနိုးထစတုန်းကဆိုရင်တော့ မင်းကိုစားချင်စားမိမှာပေါ့။ ဒါပေမယ့်အခု မင်းလည်းသတိထားမိမှာပါ။ မင်းကငါ့ရဲ့ တစ်ယောက်တည်းသောမိတ်ဆွေပဲလေ”

မိတ်ဆွေ။

ဖုန်ချင်အန်း မခိုးမခန့်ပြုံးလိုက်သည်။ သူဘာစကားမှ သိပ်ပြောရသေးသည်မဟုတ်။ ထိုဝိညာဉ်က မိတ်ဆွေဟု ကြေညာနေသည်။ သူသာနတ်ဆိုးဖြစ်လျှင် ဆရာတင်မိမည်ဟုလည်း ပြောခဲ့သည်။

“ငါကလွဲရင် မင်းရှိနေတာကို သတိထားမိတဲ့လူမျိုး နောက်ထပ်မတွေ့ခဲ့ဘူးလား”

ဖုန်ချင်အန်း အတွေးတစ်ချက်ပေါ်လာသည်။

ထိုသတ္တဝါ၏ဆရာ ဖြစ်ချင်လာသည်။ သူသည် လူသားစစ်ဖြစ်သည်။ သို့သော် နတ်ဆိုးတစ်ဝက်အဖြစ်ပြောင်းနိုင်သည်။ ယခုချက်ချင်း လက်တွေ့သရုပ်ပြနိုင်သည်။

***************************************

All Chapters