ထိန်းချုပ်ခွင့်
Vol. 21 Ch. 308
“ဒါဆို အစောပိုင်းကပြောသလို ငါသာ နတ်ဆိုးမျိုးနွယ်ဆိုရင် မင်းက သခင်အဖြစ် အသိအမှတ်ပြုမယ်ပေါ့။ ဒီတော့ ငါ့မှာ မဟာသူတောင်စင်ဖြစ်နိုင်တဲ့ အလားအလားမျိုးရှိတယ်လို့ မင်းယူဆတဲ့သဘောလား”
ဖုန်ချင်အန်း မျက်နှာပြောင်တိုက်၍ မေးသည်။ ကိုယ့်ဘာသာ ကြံဖန်ပြောခြင်းမဟုတ်။ ဂူဝိညာဉ်က ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
လူသားမဟုတ်ခဲ့လျှင် သခင်အဖြစ် လက်ခံမည်ဟုဆိုသည်။ ထိုသို့ပြောခဲ့သည်မှာ တစ်ကြိမ်မက။ လိုအပ်ချက်ကလည်း အတော်ရှင်းလင်းသည်။ အနည်းဆုံး မဟာသူတော်စင်ဖြစ်နိင်သည့် အလားအလာ ရှိရမည်။
“မဟုတ်ဘူး။ မင်းမှာ မရှိပါဘူး”
သို့သော် ဤတစ်ကြိမ် ကံမကောင်း။ ဂူဝိညာဉ်က လုံးဝလိုက်လျောညီထွေမရှိ။ ဖုန်ချင်အန်းအမေးကို ချက်ချင်းငြင်းပယ်သည်။
“မင်းက သန့်စင်ယန်မသေမျိုးဝင်စားတဲ့ လူသားမျိုးနွယ်ပါ။ တစ်ချိန်က မင်းစွမ်းအားကြီးခဲ့ပေမယ့် မဟာသူတော်စင်နတ်ဆိုးတွေနဲ့ယှဉ်ရင် အများကြီးလိုပါသေးတယ်”
မြွေခေါင်းက ဖုန်ချင်အန်းကိုကြည့်၍ ခေါင်းခါသည်။ သွေးဆက်အသိအရ အတော်များများသိထားသော်လည်း တစ်ချို့အရာများကို နားလည်ဟန်မတူ။ ဖုန်ချင်အန်း၏ အခြေခံသဘာဝကို သူခွဲခြားသိသည်။ သို့သော် ဆုံးဖြတ်ချက်ချရာတွင် လွဲမှားနေသည်။
“ဒါပေမယ့် မင်းဟာ အတိတ်ဘဝက သက်ရှည်တာအိုသစ်သီးကို ချန်ထားခဲ့ပြီး ပြန်မွေးဖွားနိုင်တယ်။ ဒီလို စိတ်စွမ်းအားမျိုးရှိလို့ ငါမင်းကို ခွဲခြားသိနိုင်တာပါ။ မင်း လူသားမျိုးနွယ်ဖြစ်နေတာ ဆိုးတာပဲ”
“ဒါဆို ကျုပ်မှာ မဟာသူတော်စင်ဖြစ်နိုင်တဲ့ အလားအလာရှိလို့တော့မဟုတ်ဘူး။ ခင်ဗျားသတ်မှတ်ချက်ကို လျှော့ချထားလို့ လက်ခံနိုင်စရာရှိတာဆိုပါတော့”
ဖုန်ချင်အန်း မျက်နှာနည်းနည်းတင်းသါားသည်။
“ဟုတ်တယ်၊ ဒါပေမယ့် ကောင်းကင်ဂူထဲမှာပဲ ငါနေရတယ်။သူတော်စင်ဖြစ်နိုင်တဲ့ နတ်ဆိုးတစ်ယောက် ဒီကိုရောက်လာဖို့လည်း မျှော်လင့်စရာမရှိပါဘူး။ ဒါကြောင့် ငါ့မျှော်လင့်ချက်တွေကို ပြန်ပြောင်းလိုက်တာ။ အပြင်လောကနယ်မြေတွေကို မင်းတို့လူသားတွေ ကြီးစိုးထားပြီးဖြစ်မယ်။ နတ်ဆိုးမျိုးနွယ်က အတော်ရှားပါးနေမှာပဲ။ ပါရမီရှိတဲ့နတ်ဆိုးဆိုတာ ထွက်ပေါ်ဖို့မလွယ်ဘူး။ အခုထိ ငါကြုံခဲ့တဲ့ နတ်ဆိုးမျိုးနွယ်တွေကလည်း ငါမကြည့်ချင်လောက်အောင်ကို သွေးဆက်ညံ့တယ်။ နှစ်တွေအကြာကြီးငါစောင့်ကြည့်ခဲ့တယ်။ နည်းနည်းအဆင်ပြေလောက်တဲ့ နတ်ဆိုးတစ်ကောင်ပဲ ငါမွေးမြူနိုင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိငါ့လိုအပ်ချက်နဲ့ယှဉ်ရင် သူလည်း အများကြီးလိုသေးတယ်”
“ခင်ဗျားရဲ့လက်ရှိလိုအပ်ချက်က ဘာလဲ”
“ကောင်းကင်နတ်ဆိုးဖြစ်ဖို့ အလားအလာရှိရင် လုံလောက်ပါပြီ။ ဒါ အနိမ့်ဆုံးသတ်မှတ်ချက်ပါ။ ဒီထက်နိမ့်ရင် ဒီကောင်းကင်ဂူကို ပြန်ပြင်နိုင်မှာမဟုတ်ဘူး”
ကောင်းကင်ဂူဝိညာဉ်က စိတ်ဓာတ်ကျနေသည့်လေသံဖြင့်ဖြေသည်။ သူ့လိုအပ်ချက်ကို အလေးအနက်ပြောသည်။
“မင်းနဲ့ဆက်ဆံခဲ့တဲ့ အပြင်ကလူတွေလိုမျိုးပေါ့။ သူတို့ကိုယ်သူတို့ နှစ်တစ်ထောင်မိသားစုလို့ ပြောကြတယ်။ သူတို့က ကောင်းကင်ဂူကို နောက်ထပ်မပျက်စီးအောင် ထိန်းဖို့လောက်ပဲ တတ်နိုင်ကြတာပါ။ သူတို့ကို ငါကျေးဇူးတင်ပေမယ့် ကောင်းကင်ဂူကို ပြန်ပြုပြင်ဖို့ သူတို့မစွမ်းဆောင်နိုင်ဘူး။ မျိုးဆက်တွေအများကြီး ဖြတ်ကျော်ခဲ့တယ်။ ထူးချွန်တဲ့လူ တစ်ယောက်မှ ထွက်မလာဘူး။ ဒီတော့ ငါလျှို့ဝှက်မွေးထားတဲ့ကောင်လေးကို အားကိုးပြီး သူတို့အခြေခံမပျက်အောင် ထိန်းထားရတယ်”
“ရှောင်မိသားစုက မင်းဖြစ်တည်မှုကိုမသိတာ အံ့ဩစရာမရှိတော့ပါဘူး”
ကောင်းကင်ဂူဝိညာဉ်မျက်လုံးထဲမှ ရှောင်မိသားစုအဆင့်အတန်းကို ဖုန်ချင်အန်း နားလည်လာသည်။ သန့်စင်ယန်မသေမျိုးသည် နတ်ဆိုးမျိုးနွယ်မှ ကောင်းကင်နတ်ဆိုးနှင့် အဆင့်တူရှိကြောင်းလည်း သိလိုက်ရသည်။
“သူတို့က အားနည်းလွန်းတယ်။ မျှော်လင့်စရာမရှိဘူး။ သူတို့ကိုအားကိုးနေရင် ငါသေချာပေါက် ပျက်စီးရလိမ့်မယ်”
ဂူဝိညာဉ် ရှောင်မိသားစုကို လုံးဝအကောင်းမပြော။ နှစ်တစ်ထောင်မိသားစုသည် ယခင်ကြိုးစားမှုတစ်ခုကြောင့် တိုးတက်ဖွံ့ဖြိုးလာခဲ့သော်လည်း ဂူဝိညာဉ်က အရည်အသွေးမမီဟုသာ မြင်သည်။သို့သော် အကျိုးကျေးဇူးတစ်ချို့ ရခဲ့သည်။ အနည်းဆုံး ကောင်းကင်ဂူပျက်စီးမည့်အချိန်ကို ဆွဲဆန့်ထားနိုင်ခဲ့သည်။ သို့သော် ရှောင်မိသားစုကိုသာ အားကိုးနေလျှင် အဆုံးသတ်ရလာဒ်က ပြောင်းလဲမည်မဟုတ်။
“ဒါဆို ငါက မင်းရဲ့အနိမ့်ဆုံးလိုအပ်ချက်နဲ့ပဲ ကိုက်ညီတယ်ပေါ့”
ဖုန်ချင်အန်းမျက်နှာ နည်းနည်းအရောင်ဖျော့သွားသည်။ ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား မသိတော့။
“ဒါပေမယ့် မင်းက လူသားတစ်ယောက်ဖြစ်နေတယ်”
“လူသားစစ်စစ်ရယ်လို့လည်း ပြောလို့မရဘူး”
ဂူဝိညာဉ် သခင်ရှာနေရသည့် အကြောင်းရင်းကို နားလည်ပြီးနောက် ဖုန်ချင်အန်း အတော်စိတ်သက်သာရာရသွားသည်။ ဂူဝိညာဉ်မွေးဖွားလာခြင်းသည် ကောင်းကင်ဂူပျက်စီးခြင်းနှင့် ဆက်စပ်နေသည်။ ထိုဝိညာဉ်သည် ကောင်းကင်းဂူ၏ ကိုယ့်ကိုယ်ကို ကာကွယ်လိုသည့် ဗီဇစိတ်တစ်မျိုးပင် ဖြစ်နိုင်သည်။
“ဘယ်လို..လူသားမဟုတ်ရင် မင်းကဘာလဲ”
မြွေခေါင်းကိုးခုက ဖုန်ချင်အန်းကို စိတ်ဝင်တစားကြည့်နေသည်။ ထိုစဉ် နတ်ဆိုးချီများ ဖုန်ချင်အန်း ကိုယ်ထဲမှ ထိုးထွက်လာသည်။ အလျင်အမြန် ပမာဏတိုးပွားလာသည်။ ထို့နောက် စိမ်းပြာရောင်မီးတောက်များအဖြစ် အသွင်ပြောင်း၍ သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။
“ငါက တကယ်တော့ လူသားတစ်ဝက်၊ နတ်ဆိုးတစ်ဝက်ပါ။ မင်းရဲ့သတ်မှတ်ချက်ကို နည်းနည်းထပ်လျှော့လိုက်ပါလား”
သရဲဝံပုလွေစွမ်းအားကို ထုတ်ပြ၍ ဖုန်ချင်အန်းက ပြုံး၍ပြောသည်။ တောင်နက်၏စွမ်းအားကြောင့် သူ့အသွင်အပြင်လည်း ပြောင်းသွားသည်။ အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်က ဆယ်ပေနီးပါးအထိ ရှည်ထွက်လာသည်။ လူသားအသွင်ပျောက်မသွားသေးသော်လည်း ဘယ်သူမဆို သူ့ကို လူသားဟု ယူဆကြမည်မဟုတ်တော့။
မျက်နှာတွင် အနက်ရောင်နတ်ဆိုးအမှတ်အသားများ ပေါ်လာသည်။ ဆံပင်နက်များလည်း ခါးလယ်အထိ ရှည်ထွက်လာသည်။ မျက်လုံးနက်များက အပြာရောင်ပြောင်းသွားသည်။ ဝိညာဉ်စားမီးတောက်အရောင် တလက်လက်တောက်ပနေသည်။
“နတ်ဆိုးတစ်ဝက်...”
ကောင်းကင်ဂူဝိညာဉ် အံ့အားသင့်သွားသည်။ သူ့သာမန်အသိထက် ကျော်လွန်နေသည့်အရာဖြစ်သည်။ ခေါင်းကိုးခုလုံးသုံး၍ သေချာအကဲခတ်နေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ မင်းက လူသားစစ်ပါ။ နတ်ဆိုးမျိုးနွယ်ရဲ့သွေး မရှိဘူး။ မယုံနိုင်စရာပါလား ဖုန်ချင်အန်း။ မင်းဘယ်လိုလုပ်လိုက်တာလဲ။ လူသားတစ်ယောက်က နတ်ဆိုးမျိုးနွယ်ရဲ့စွမ်းအားကို ဘယ်လိုလုပ်ထိန်းချုပ်နိုင်တာလဲ”
ခေါင်းကိုးလုံးနဲ့ အကဲခတ်သော်လည်း ဂူဝိညာဉ် နားမလည်နိုင်အောင်ဖြစ်နေသည်။ ယခုအခြေအနေမျိုးတွင် လူသားဆိုလျှင် ဝိညာဉ်စားမီးတောက်က ဝါးမျိုးသွားရမည်သာဖြစ်သည်။
*****************************************