ထိန်းချုပ်ခွင့်
Vol. 21 Ch. 309
“မဟုတ်ဘူး။ ဒါ မင်းရဲ့စွမ်းအားမဟုတ်ဘူး”
ဂူဝိညာဉ်အနေဖြင့် ကောင်းကင်ဂူအပြင်ဘက်တွင် ဘာမှမလုပ်နိုင်သော်လည်း ဂူအတွင်းထဲတွင်မူ အကြွင်းမဲ့အုပ်စိုးသူဖြစ်သည်။ ဖုန်ချင်အန်းကိုယ်မှ နတ်ဆိုးချီရင်းမြစ်ကို ချက်ချင်းအာရုံခံမိသည်။
ထို့ကြောင့် ချက်ချင်းဆိုသလို တောင်နက်နှင့်ပိုင်ယော်တို့ ဖုန်ချင်အန်းဘေးတွင် ပေါ်လာသည်။ သို့သော် သူတို့လည်း အလင်းနဂါးသံချပ်ကာလိုပင် သူတို့အထက်၌ ဝဲပျံလျက် ငုံ့ကြည့်နေကြသည့် မြွေခေါင်းကြီးကိုးခုကို မမြင်ကြ။
“ဂါး...”
မျက်လုံးဖြင့်မမြင်ရသောလည်း အတွေ့အကြုံရင့်နေသည့်နတ်ဆိုးဖြစ်၍ ထိုနေရာ တစ်စုံတစ်ခုမူမမှန်ကြောင်း တောင်နက်ရိပ်စားမိသည်။
တိမ်တိုက်များ လျှပ်စီးရောင်များက ကောင်းကင်တွင် လှုပ်ရှားနေသည့် သတ္တဝါတစ်ကောင်ရှိကြောင်း သက်သေပြနေသလိုရှိသည်။ ဘာမှစဉ်းစားမနေတော့ဘဲ တောင်နက်က မူလအသွင်သို့ပြောင်း၍ ဖုန်ချင်အန်းကို ခန္ဓာကိုယ်အောက်တွင်ထားပြီး ကာကွယ်ထားသည်။ လေပြင်းလျှပ်စီးများ တိုက်ခတ်နေသည့်ကောင်းကင်ကို သတိဖြင့်ကြည့်နေသည်။
“မင်းစွမ်းအားက ဒီဝံပုလွေလေးဆီက လာတာပဲ။ တကယ်မယုံနိုင်စရာပါလား။ မင်းနဲ့သူ့ကြားမှာ ဆက်သွယ်မှုတစ်ခုခုတည်ဆောက်ထားတာဖြစ်မယ်။ ဒါကြောင့် သူ့စွမ်းအားကို မင်းငှားသုံးလို့ရတာ။ လူသားမျိုးနွယ်က နတ်ဆိုးစွမ်းအားကို ထိန်းချုပ်မယ်ပေါ့။ မင်းအစီအစဉ်က တကယ်ကောင်းတာပဲ။ ဒါကို အတိတ်ဘဝကတည်းက မင်းစီစဉ်ထားတာလား”
ဂူဝိညာဉ် ကောက်ချက်တန်းချနေသည်။ ဖုန်ချင်အန်းကို သန့်စင်ယန်မသေမျိုးလူဝင်စားဟု ယူဆသည်။ ယခုအခြေအနေသည် အတိတ်ဘဝက အစီအစဉ်များဟု ယူဆသည်။ ထိုသို့မဟုတ်လျှင် သာမန်အတွေးဖြင့် လိုက်မမီနိုင်သည့် အခြေအနေမျိုး ဖြစ်နိုင်စရာအကြောင်းမရှိ။
“ဟဲဟဲ”
ဖုန်ချင်အန်း ဘာမှမပြောဘဲ ရယ်လိုက်သည်။ ထိုကိစ္စများကို ဂူဝိညာဉ် ဖြေးဖြေးချင်းစဉ်းစားသုံးသပ်လိမ့်မည်။ ယုတ္တိကြောင်းကျိုးဆီလော်သည့် ရှင်းလင်းချက်များ သူ့ဘာသာတွေးလိမ့်မည်။
“ကျိုးလင်၊ မင်းငါ့ကိုဘယ်လိုထင်လဲ။ လောလောဆယ် ငါဟာ အနည်းဆုံးတော့ နတ်ဆိုးမျိုးနွယ်တစ်ဝက်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား။ ငါ့ကို သခင်တင်ဖို့ စဉ်းစားကြည့်ပါ။ ဒီထက်မြင့်တဲ့အဆင့်တစ်ခုကို ရောက်လို့ စွမ်းရည်တိုးလာရင် ဒီကောင်းကင်ဂူကို အရင်အတိုင်းဖြစ်အောင် ပြန်ပြင်ပေးမယ်လေ”
“ဒါက...”
ဖုန်ချင်အန်းကိုယ်မှထွက်နေသည့် နတ်ဆိုးစွမ်းအင်များကိုကြည့်၍ ကျိုးလင် ချီတုံချတုံဖြစ်နေသည်။ သူ့ရှေ့မှလူသား၏ အလားအလာက တကယ်ကောင်းသည်။
သန့်စင်ယန်ဗီဇသဘာဝပါလာသည်မှာ မှားစရာမရှိ။ လူသားမျိုးနွယ် သန့်စင်ယန်မသေမျိုးသည်။ ကောင်းကင်ဂူတည်ဆောက်နိုင်သည့် အရည်အသွေးမျိုးရှိသည်။ ထိုလူသား အတိတ်ဘဝက စွမ်းအားများ ပြန်ရလာသည်နှင့် ပြိုပျက်ခါနီးဖြစ်နေသည့် ဘဝကိုးပါးကောင်းကင်ဂူကို ပြန်ပြုပြင်နိုင်ပေလိမ့်မည်။
ယခုဘဝ ကျင့်ကြံသည့်လမ်းကြောင်းကလည်း ထူးခြားနေသည်။ ထိုအတိုင်းဆက်သွားလျှင် နတ်ဆိုးမျိုးနွယ်၏စွမ်းအားကို ထိန်းချုပ်နိုင်မည်။ ကောင်းကင်နတ်ဆိုးတစ်ယောက်နှင့် တန်းတူအဆင့်မျိုး ဖြစ်လာနိုင်သည်။ ကောင်းကင်ဂူပြန်ပြုပြင်မည်ဆိုသည့်ကတိမှာ အပြောသက်သက်မဟုတ်နိုင်။
“ငါစဉ်းစားလိုက်ပါဦးမယ်”
ခေါင်းကိုးလုံး ကောင်းကင်သို့တက်သွားသည်။ ထိုကိစ္စကို စဉ်းစားနေခြင်းဖြစ်မည်။ လေထဲရောက်သည်နှင့် ဦးခေါင်းများ ပိုကြီးလာသည်။ ထို့နောက် တောင်ကုန်းကြီးများကဲ့သို့ အချင်းချင်းခေါင်းချင်းဆိုင်၍ လေထဲတွင် ဆွေးနွေးနေကြလေသည်။
“ဒီခေါင်းကိုးလုံးက သီးခြားစိတ်ကိုးခုရှိတာလား”
ဖုန်ချင်အန်း စဉ်းစားနေသည်။ ထူးဆန်းသည့် ခေါင်းကိုးလုံးနတ်ဆိုးများကို နည်းနည်းစိတ်ဝင်စားမိသည်။
ခေါင်းကိုးလုံးရှိ၍ သိစိတ်အတူပေါင်းစည်းပြီး သဟဇာတဖြစ်နေလျှင် ကိစ္စမရှိ။ ခေါင်းတစ်လုံးက စိတ်ကူးတစ်မျိုးရှိနေလျှင် ဆုံးဖြတ်ချက်ချသည့်အချိန် အချင်းချင်းတိုက်ခိုက်ကြရနိုင်သည်။
“မင်းဆုံးဖြတ်ပြီးပြီလား။ ချက်ချင်းမဆုံးဖြတ်နိုင်ရင်လည်း သုံးလေးရက်လောက် စဉ်းစားလိုက်ဦးပေါ့။ ဒါပေမယ့် အရင်ဆုံး ငါ့ကိုအပြင်ထုတ်ပေးပါ။ ငါ့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်။ နောက်ရက်တွေကျမှ ပြန်လာမယ်”
ဆယ့်ငါးမိနစ်ခန့်စောာင့်ပြီးနောက် ဖုန်ချင်အန်း စိတ်မရှည်တော့။ ကောင်းကင်ကို အော်ပြောလိုက်သည်။ တောင်နက်နှင့် ပိုင်ယော်တို့လည်း သတိအနေအထားဖြင့် ကောင်းကင်ကို မော့ကြည့်၍ စိတ်လှုပ်ရှားလာကြသည်။
“ကောင်းကင်မှာ ဘာရှိလို့လဲ သခင်”
ပိုယော်၏အမွှေးများ ထောင်ထလာပြီး စိုးရိမ်တကြီးမေးသည်။ ဝိညာဉ်သားရဲဖြစ်၍ မူမမှန်မှုကို သူပိုခံစားမိသည်။ သို့သော် သူ့ဘေးပတ်လည်မှ လေပြင်းများကို သူထိန်းချုပ်မရ။
“စိတ်မပူပါနဲ့။ ဘာမှမဖြစ်ပါဘူး။ ခဏနေရင် ငါတို့အပြင်ထွက်နိုင်တော့မှာပါ”
ဖုန်ချင်အန်း ပုန်း၍နှစ်သိမ့်လိုက်သည်။
မြွေခေါင်းတစ်လုံး ကောင်းကင်မှ အမြန်ဆင်းလာပြီး ဖုန်ချင်အန်းရှေ့မှ ပိတ်ထားသည်။ သူ့ရှေ့တွင်ရှိနေသည့်တောင်နက် လေပြင်းတစ်ချက်ကြောင့် ဘေးသို့ ရုတ်တရက် လွင့်ထွက်သွားသည်။ တောင်နက်အမြင်က ထိုသို့ဖြစ်သည်။ အမှန်အားဖြင့် မြွေပါးစပ်မှ မှုတ်ထုတ်လိုက်သည့်လေကြောင့် လွင့်ထွက်သွားခြင်းဖြစ်သည်။
မြွေခေါင်းက ဖုန်ချင်အန်းနားသို့ ကပ်လာပြီး တစ်စုံတစ်ခုပြောရန်ပြင်သည်။ သို့သော် ထူးခြားမှုတစ်ခုကို အာရုံခံမိပုံရသည်။
“ဟ...မင်းကိုယ်ပေါ်က ဘာလဲ”
“ဘာကိုလဲ”
"ဖျောင်း ဖျောင်း ဖျောင်း"”
ပြန်မတုံ့ပြန်နိုင်မီ ခါးဆီမှ အက်ကွဲသံတစ်ခု ပေါ်လာသည်။
ယင်ချီများ ပေါက်ကွဲထွက်လာသည်။ သူ့ခြေရင်းမှ မရင်းနှီးသည့် ကျောက်သားမြေပြင်က ရင်းနှီးသည့်မြေပြင်ဖြစ်လာသည်။
နေမီးတောက်သစ်ပင်မှ ရွှေရောင်နှင့် အဖြူရောင်အလင်းများ ထုတ်လွှတ်နေသည်။ အရိုးစုကြီးလည်း သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက်မှ ဖုန်ချင်အန်း အသိပြန်ဝင်လာသည်။ သူ့ခါးကို စမ်းကြည့်သည်။ ကျောက်စိမ်းခါးပတ် ပြတ်ထွက်သွားပြီဖြစ်သည်။ သူ့မျက်နှာ ချက်ချင်းတင်းသွားသည်။
“မင်းဘာလုပ်တာလဲ ကျိုးလင်။ ဘာလို့ငါ့မှော်အိတ်ကို ဖျက်ဆီးလိုက်တာလဲ”
“အဲ...ငါက အထဲမှာ ဘာရှိလဲဆိုတာ ကြည့်ချင်ရုံပါ။ မင်းပစ္စည်းက အဲလောက်ပျက်စီးလွယ်မယ် မထင်ဘူးလေ”
လေထဲမှ မြွေဦးခေါင်း နည်းနည်းနောက်ဆုတ်သွားသည်။ အားနာသည့်လေသံဖြင့် ပြန်ပြောသည်။
“အခု မင်းသေချာမြင်ပြီလား။ ငါ့မှော်အိတ် ပျက်စီးသွားပြီလေ။ မင်းအခု ကျေနပ်သွားပြီလား”
“ငါက ကြည့်ချင်ရုံပါ။ မင်းရတနာကို ဖျက်ဆီးဖို့ မရည်ရွယ်ပါဘူး”
“ဒါဆို မင်းအခု သေချာကြည့်။ ကြည့်ပြီးတာနဲ့ ငါ့ကို ဘယ်လိုအလျောပေးမလဲ စဉ်းစားပါ”
ဖုန်ချင်အန်း ခပ်တင်းတင်းပြောသည်။ သူ့လေသံက အစောပိုင်းကလို မငြင်သာတော့။
“ဒါက....”
ကျိုးလင် တစ်စုံတစ်ခုဆက်ပြောရန် ပြင်နေစဉ် နေမီးတောက်သစ်ပင်နှင့် အရိုးစုဆီ အကြည့်ရောက်သွားသည်။
တစ်ခြားဦးခေါင်းရှစ်ခုလည်း ကောင်းကင်မှ ကျလာသည်။ ထူးဆန်းသည့် ပစ္စည်းကို ဝိုင်းကြည့်နေကြသည်။
“ဖုန်ချင်အန်း၊ မင်းက ဒါကြီးကို တကယ်သယ်လာတယ်ပေါ့”
ဂူဝိညာဉ်က အံ့ဩလေးစားသည့်လေသံဖြင့် မေးသည်။
“အဲဒါ မင်းနဲ့ဘာဆိုင်လဲ”
ရတနာတစ်ခု ဆုံးရှုံးသွားသည်။ ဘာမှအပြန်အလှန် အကျိုးအမြတ်မရ။ သူမျက်နှာသာ မပေးနိုင်။ သူဒေါသထွက်နေသည်မှာ သဘာဝကျသည်။
“ဒီနှစ်ခုကို မင်းအသက်ပြန်သွင်းချင်တာလား။ အရိုးစုကတော့ မဆိုးပါဘူး။ တစ်ဝက်လောက် အသက်ရှင်နေပြီပဲ။ ဒါပေမယ့် ဟိုသစ်ပင်ကျတော့ မင်းပြန်ယူသွားမှာလား”
ကျိုးလင်က ဖုန်ချင်အန်းမျက်နှာတင်းနေသည်ကို အရေးမစိုက်။ ပို၍စိတ်အားထက်သန်လာဟန်ရှိသည်။ ကယ်တင်ရှင်တွေ့ရသည့် ပုံစံမျိုးဖြစ်သည်။
“အဲဒါ မင်းအပူမပါပါဘူး”
“အင်း...တကယ်တော့ ငါလည်းဒီမှာ တစ်ခုရှိ....”
“မင်းငါနဲ့ ဘာပဲဆက်ဆွေးနွေးချင်သ်ညဖြစ်စေ အရင်ဆုံး ငါ့ရတနာအတွက် အလျော်ပေးပါ။ ပြီးမှ တစ်ခြားကိစ္စတွေ ဆက်ပြောပါ”
ဖုန်ချင်အန်း ခြေထောက်အောက်မှ အနက်ရောင်မြေသားကိုကြည့်သည်။ ယင်ချီတို့က မိုင်အတော်များများထိ ပျံ့နှံ့နေသည်။ ထိုဂူဝိညာဉ် တမင်သက်သက်လုပ်ခဲ့ခြင်းဖြစ်သည်။
မှော်ခါးပတ်ထဲမှ ထိုယင်ချီနယ်မြေကို အဟာရအဖြစ်ဝါးမျိုးလို၍ ထိုသို့လုပ်ခဲ့ခြင်းဖြစ်မည်။
“ကောင်းပြီလေ။ ဒီအလွှာကို မင်းကိုထိန်းချုပ်ခွင့်ပေးလိုက်မယ်။ ဘယ်လိုလဲ။ ဒီနေရာက မင်းမှော်အိတ်ထက် အများကြီးပိုကြီးပါတယ်”
ကျိုးလင်က ဖြေရှင်းပေးသည်။ သို့သော် အစောကတည်းကချထားသည့် ဆုံးဖြတ်ချက်မျိုးဖြစ်သည်။ လျော်ကြေးသဘောမျိုးမဟုတ်။
“အဲဒါက ဘာသုံးလို့ရမှာလဲ။ ငါဒါကြီးကို သယ်သွားလို့ရလား”
“ဒီအလွှာက ဘဝကိုးပါးကောင်းကင်ဂူရဲ့ အစိတ်အပိုင်းပဲ။ ဒီအလွှာကို ထိန်းချုပ်ခွင့်ရရင် ကောင်းကင်ဂူအစိတ်အပိုင်းကို ထိန်းချုပ်ရတဲ့သဘောပဲ။ မှော်အိတ်လိုမျိုး သုံးလို့ရပါတယ်။ မင်းထည့်ချင်တာမှန်သမျှ ထည့်လို့ရတယ်”
“မှော်အိတ်လို သုံးလို့ရတယ်တဲ့လား။ ငါရထားတဲ့ရတနာတွေနဲ့ ဝင်လာခဲ့တာ။ ပြန်ထွက်ချိန်ကျမှ ရှောင်မိသားစုကဖြစ်ဖြစ် နတ်ဆိုးတွေကဖြစ်ဖြစ် လုယူသွားရင် ဘယ်လိုလုပ်မလဲ”
“မဖြစ်နိုင်ပါဘူး။ ငါကလွဲရင် ဒီအလွှာအကြောင်း သိတဲ့လူ ဘယ်သူမှမရှိဘူး။ သက်ရှိဝိညာဉ်ဆိုလည်း ငါပဲရှိတယ်။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ မင်းထည့်ထားတဲ့ပစ္စည်းတွေကို ငါမနှောက်ယှက်ပါဘူး”
ကျိုးလင် အလေးအနက် အာမခံသည်။
“ဒီလိုလုပ်ဖို့ မင်းအစောကြီးကတည်းက ဆုံးဖြတ်ထားတာပါ။ ခုနက ငါ့မှော်အိတ် ပျက်စီးအောင် မင်းတမင်လုပ်လိုက်တာမဟုတ်လား”
ဖုန်ချင်အန်း မြွေခေါင်းကို မျက်လုံးမှေးစင်း၍ ကြည့်နေသည်။
ထိုဝိညာဉ်သည် သူ့ကိုမမြင်နိုင်သည့် လူသားများနတ်ဆိုးများနှင့် စကားမပြောနိုင်သော်လည်း သူတို့လုပ်သမျှ အရာအားလုံးကို မြင်နိုင်သည်။ ထိုမျှနှစ်ရှည်လများကြာအောင် ရှင်သန်ခဲ့သူသည် ထိုမျှတုံးမည်မဟုတ်။
“မတော်တဆ ဖြစ်သွားတာပါ။ မင်းရတနာ အဲလောက်အထိအရှမခံမှန်း ငါဘယ်လိုလုပ်သိမှာလဲ”
“ဪ...ဟုတ်လား”
ဖုန်ချင်အန်း နှာခေါင်းရှုံ့၍ လက်ဝါးကို မြွေခေါင်းရှေ့တွင် ထိုးဖြန့်လိုက်သည်။
“ဒါဆို ဒီအလွှာကို အခုချက်ချင်း ငါ့ကိုလျော်ကြေးပေးပါ”
“ကောင်းပါပြီ”
မြွေခေါင်းက တုံ့ဆိုင်းခြင်းမရှိ။ သူကြိုတင်စဉ်းစားဆုံးဖြတ်ခဲ့သည်မှာ သေချာနေသည်။
*****************************************