သခင်လို့ခေါ်ပါ
Vol. 21 Ch. 310
“ဒါ ကောင်းကင်ဂူကို ထိန်းချုပ်ခွင့်ပဲ”
ဘယ်လက်ကောက်ဝတ်ပတ်လည်သို့ စိမ့်ဝင်လာသည့် ထူးဆန်းသည့်အမှတ်အသားများကို ဖုန်ချင်အန်း ကြည့်လိုက်သည်။ အလွန်ထူးဆန်းသည့် စာလုံးများဖြစ်သည်။ အက္ခရာတစ်ခုချင်းစီက အသက်ဝင်နေသယောင်ရှိသည်။ နဂါးပုံစာလုံးများက ထိုးတက်တော့မည့်ဟန်၊ ဖီးနစ်ပုံစာလုံများက အတောင်ဖြန့်၍ပျံတက်တော့မည့်ဟန်၊ ကျားပုံစာလုံးများက ခုန်အုပ်တော့မည့်ဟန်မျိုးရှိသည်။ ရွှေရောင်အလင်းများ တောက်ပနေသည်။ သူ့လက်ကောက်ဝတ်မှ ခွဲထွက်၍ လွတ်လပ်စွာ အသွင်ပြောင်းတော့မလိုရှိသည်။
“ဒီနေ့ကစလို့ ဒီအလွှာကို မင်းထိန်းချုပ်နိုင်ပြီ။ ဒီနေရာကို မဖျက်ဆီးသရွေ့ မင်းဘာလုပ်လုပ် မင်းသဘောအတိုင်းပါပဲ”
“အင်း..”
ဖုန်ချင်အန်းမျက်နှာက အပြောင်းအလဲမရှိ။ လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည့် မှော်စာလုံးများမှ ရွှေရောင်အလင်းတစ်ခုထွက်၍အလင်းစက်ဝန်းတစ်ခု ဖြစ်နေသည်။
ကောင်းကင်ဂူဝိညာဉ်က ထိုအလွှာကို ရက်ရက်ရောရော ထိန်းချုပ်ခွင့်ပေးသည်။ ထိန်းချုပ်ခွင့်ရသည်နှင့် ထိုနေရာကို သီးခြားမြင်ကွင်းတစ်ခုဖြင့် ကြည့်ရှုနိုင်စွမ်းရှိလာသည်။ နေရာက သိပ်မကျယ်လှ။ အချင်းမိုင်တစ်ရာခန့်သာရှိမည်။
သို့သော် မှော်အိတ်အနေဖြင့် စဉ်းစားလျှင် နေရာအတော်ကျယ်သည်ဟု ဆိုနိုင်ပါသည်။ တုန်ဟွမ်းပေးသည့် ခါးပတ်က သုံးလေးမိုင်သာရှိသည်။ ဤနေရာက မိုင်တစ်ရာကျယ်ပြီး သက်ရှိသတ္တဝါများကိုလည်း ထည့်ထားနိုင်သည်။ မြွေစိမ်းတောင်တန်းမှ ဝံပုလွေအုပ်ကို ရွှေ့ပြောင်းလိုလျှင်လည်း ပြဿနာမရှိတော့။ ဤနေရာသည် နတ်ဆိုးသားရဲများ ကြီးထွားရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်။
ထိုအချက်များက အသေးအဖွဲကိစ္စများဖြစ်သည် ဖုန်ချင်အန်း တကယ်စိတ်ဝင်စားသည်က ထိန်းချုပ်ခွင့်ဖြင့် မြင်နေရသည့် ကောင်းကင်ဂူဝိညာဉ်၏ ပုံသဏ္ဌာန်အစစ်ဖြစ်သည်။
သန့်စင်ယန်ဗီဇကြောင့် ကောင်းကင်ဂူဝိညာဉ်ကို အာရုံခံနိုင်ခဲ့ပါသည်။ သို့သော် သူ့ခန္ဓာကိုယ်က သေးငယ်လွန်းသည်။ ဂူဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းသာ မြင်ခဲ့ရသည်။ ဦးခေါင်းကိုးခုအောက်တွင် မည်သည့်ပုံမျိုး ရှိနေသည်မသိ။
ယခု သူမြင်ရသည်။ ခေါင်းကိုးလုံးအောက်တွင် ဘာမှမရှိ။ ခေါင်းကိုးလုံးသက်သက်သာ ဖြစ်သည်။ သို့သော် ထိုဦးခေါင်းများကြားတွင် ထူးဆန်းသည့်ဆက်သွယ်မှုတစ်ခုရှိသည်။ ခန္ဓာကိုယ်တစ်ခုတည်း အတူပိုင်ဆိုင်ထားပုံမျိုးဖြစ်သည်။
ဖုန်ချင်အန်းစိတ်ဝင်စားနေသည်ကို ဂူဝိညာဉ်က သဘောပေါက်သည်။
“ဖုန်ချင်အန်း၊ ငါက မင်းတွေ့ဖူးတဲ့ ဘယ်သက်ရှိသတ္တဝါနဲ့မှမတူဘူး။ ကောင်းကင်ဂူရဲ့ နေရာတိုင်းမှာ ငါရှိနေတယ်။ လိုအပ်လာရင်လည်း ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာတစ်ခု တည်ဆောက်နိုင်တယ်”
ပြောနေရင်းမှ သူ့စကားကို လက်တွေ့ကြွားဝါလိုဟန်ဖြင့် လက်တွေ့ပြသည်။ လေထဲမှ ခေါင်းကိုးလုံးအောက်ဘက်တွင် လူ့ကိုယ်လုံးထက်ကြီးမားသည့် ကြေးခွံများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ညီညာသေသပ်သည့် ကြေးခွံများအောက်တွင် အသားစိုင်၊ သွေးကြောနဲ့ အရိုးများ တဖြေးဖြေးဖြစ်ပေါ်လာသည်။
ဖုန်ချင်အန်း တအံ့တဩကြည့်နေစဉ်မှာပင် တောင်တန်းသဏ္ဌာန် ခေါင်းကိုးလုံးမြွေခန္ဓာကြီးပေါ်လာသည်။ သို့သော် ခန္ဓာကိုယ်အသွင်းပြောင်းမှုက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ ပေါက်ကွဲထွက်၍ ပျောက်ကွယ်သွားသည်။
“သုံးရတဲ့စွမ်းအင်က များလွန်းတယ်။ ဒီကောင်းကင်ဂူကလည်း ပျက်စီးနေတော့ ငါ့သရုပ်မှန်အစစ်ကို ထောက်ပံ့ဖို့ စွမ်းအားမလုံလောက်ဘူး”
နည်းနည်းရှက်နေသည့်လေသံဖြင့် ဂူဝိညာဉ်က ရှင်းပြသည်။ သူမလုပ်နိုင်ခြင်းမဟုတ်။ ကောင်းကင်ဂူက ပျက်စီးလွန်းနေခြင်းဖြစ်သည်။
“နားလည်ပါပြီ”
ဂူဝိညာဉ် ခေါင်းကိုးလုံးအဖြစ် ပြန်ရောက်သွားသည်။ တိမ်မြူများကြားတွင်သာ ဟန်လုပ်၍ နေနိုင်တော့သည်။
ဖုန်ချင်အန်းစိတ်ထဲ လှောင်ပြုံးပြုံးမိသည်။ ထိုဂူဝိညာဉ်သည် စွမ်းအားကြီးသယောင်ရှိသော်လည်း သူထင်ထားသည်ထက် လှည့်စားမှုပိုများသည်။ အပြသက်သက်ဖြစ်ပြီး အသုံးမဝင်သည့် အဆင်တန်ဆာတစ်ခုလို ပုံစံပေါက်နေသည်။ သို့သော် တကယ်တမ်း အဆင်တန်ဆာသက်သက်တာ့မဟုတ်။ ထိုဂူဝိညာဉ် တိုက်ခိုက်ပြီဆိုလျှင် တုန်ဟွမ်းပင် အခက်တွေ့ပေလိမ့်မည်။ သို့သော် ဤကောင်းကင်ဂူပျက်ထဲတွင်သာ လွှမ်းမိုးနိုင်စွမ်းရှိသည်။
“ဒါနဲ့စကားမစပ်...အခုမင်းထိန်းချုပ်နေတဲ့အလွှာဟာ မင်းတို့လူသားတွေအခေါ်အရ ငါးလွှာမြောက်ပါ။ ဒါပေမယ့် ဒီအလွှာရှိနေတာကို ရှောင်မိသားစုက မသိဘူး။ ပထမအလွှာလေးခုကိုပဲ သူတို့ထိန်းချုပ်ကြတာ။ ငါးလွှာဖြစ်လို့ နည်းနည်းကျဉ်းတယ်။ မင်းအားမရဘူးဆိုရင် မိုးမြေကြားက မှော်ရတနာတွေရှာပြီး ဒီအလွှာကို အားဖြည့်လို့ရတယ်။ နေရာကို ပိုကြီးအောင် ချဲ့ထွင်လို့ရပါတယ်”
“မလိုပါဘူး။ ဒါလောက်နဲ့တင် အတော်အဆင်ပြေပါပြီ”
ဖုန်ချင်အန်း ရယ်လိုက်သည်။ ဂူဝိညာဉ်၏ရဉ်ရွယ်ချက်များက ဆင်သွားသလို ထင်ရှားနေသည်။ သူကောင်းကောင်းရိပ်မိသည်။ တစ်ဘက်တွင် ဂူဝိညာဉ်က သူ့အလားအလာကို မျက်စိကျသည်။ တစ်ဘက်တွင်လည်း လူသားဖြစ်နေသဖြင့် သတိထားနေသည်။ ကောင်းကင်ဂူထိန်းချုပ်ခွင့်အားလုံး သူ့ဆီလွှဲပေးဖို့ ဆန္ဒမရှိ။
ဘာမှမပေးဘဲ နေလို့လည်းမရ။ ဖုန်ချင်အန်းလို အသက်ကယ်နိုင်သည့် ကောက်ရိုးတစ်မျှင်ကို လက်လွတ်မခံနိုင်။ ထို့ကြောင့် ထိန်းချုပ်ခွင့်တစ်ချို့ပေး၍ ကောင်းကင်ဂူကို ပြန်ပြင်ရာတွင် ကူညီစေလိုခြင်းဖြစ်သည်။ သို့သော် ဖုန်ချင်အန်းသည် အရူးမဟုတ်ပါ။
ထိုဂူဝိညာဉ် သူနှင့်စာချုပ်မချုပ်သရွေ့ သူအားစိုက်ထုတ်မည်မဟုတ်။ အကျိုးမရှိသည့်အလုပ်မျိုး သူမလုပ်။
ကောင်းကင်ဂူပြန်ပြင်နိုင်သည့် မိုးမြေရတနာများကို သူကြိုးစားစုစည်းပြီး အောင်မြင်စွာပြုပြင်နိုင်ခဲ့သည် ဆိုပါစို့။ ကောင်းကင်နတ်ဆိုး၊ သို့မဟုတ် မဟာသူတော်စင်ဖြစ်နိုင်ခြေရှိသည့် သာမန်နတ်ဆိုးတစ်ယောက် ပေါ်လာပြီး သူပင်ပန်းစွာ ပြုပြင်ထားသည့် ကောင်းကင်ဂူကို လုယူသွားနိုင်သည်။ ထိုသို့ဆိုလျှင် သူမည်သူ့ကို သွားပြောရမည်နည်း။
ယခုလက်ရှိ ဤအလွှာကိုသာ ထိန်းချုပ်ခွင့်ပေးထားသည်။ ထိန်းချုပ်ခွင့်ကို ပြန်သိမ်းသွားနိုင်သည်။ အပြည့်အဝ ထိန်းချုပ်ခွင့်မရမချင်း သူမကူညီနိုင်ပေ။ သူ့အားထုတ်မှုကို တစ်ပါးသူယူသွားခြင်းမျိုး လက်မခံ။
********************************************