သခင်လို့ခေါ်ပါ
Vol. 21 Ch. 311
“ဖုန်ချင်အန်း၊ မင်းကငါ့ကို စဉ်းစားဖို့ပဲ တောင်းဆိုခဲ့တာမဟုတ်လား။ ငါက အခုချက်ချင်းဆုံးဖြတ်လိုက်ပြီလေ။ ဘဝကိုးပါးဂူနယ်မြေကို မူလအတိုင်းပြည့်စုံအောင် ပြန်ပြင်နိုင်ရင် မင်းဟာ လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ ငါ့သခင်အဖြစ် အသိအမှတ်ပြုပါ့မယ်”
ဂူဝိညာဉ်က ကတိပေးသည်။ သို့သော် ထိုကတိက ရေထဲတွင် အရုပ်ရေးသလိုသာရှိသည်။
ထိုဝိညာဉ်သည် လူသားမျိုးနွယ်ကို အထင်သေးပြီး နတ်ဆိုးမျိုးနွယ်ကို ပိုသဘောကျကြောင်း ထင်ရှားစွာ ပြသခဲ့ပြီးဖြစ်သည်။ ပိုသဘောကျသည်ဟုပြောသည်ကပင် သိပ်မတိကျလှပါ။
ဤကောင်းကင်ဂူသည် အစကတည်းက မဟာနတ်ဆိုးမျိုးနွယ်စွမ်းအားရှင်တစ်ယောက် ဖန်တီးခဲ့ခြင်းဖြစ်သည်။ အမွေဆက်ခံသူကို မျိုးနွယ်တူထဲမှ ရှာဖွေလိုသည်မှာ သဘာဝကျသည်။
ယခု ထိုဂူဝိညာဉ် လိုက်လျောနေသည်ကလည်း တစ်ခြားရွေးစရာမရှိသောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်နှင့် သွေးဆက်ညံ့သည့် နတ်ဆိုးမျိုးနွယ် နှစ်ခုလုံးကို သူအထင်မကြီး။
“ကောင်းကင်ဂူကိုသာ ငါပြန်ပြင်နိုင်ရင် မင်းငါ့ကိုသခင်လို့ အသိအမှတ်ပြုတာမပြုတာ ငါကဂရုစိုက်နေရဦးမှာလား”
ဖုန်ချင်အန်း မျက်ခွံလှန်ကြည့်၍ ပြောသည်။
“ဒီတော့မင်းက ငါ့မှော်ခါးပတ်လိုပစ္စည်းမျိုး ရှာနေတာလား။ ခုနက တမင်လုပ်ခဲ့တာမဟုတ်လား။ ငါ့ရတနာတွေက မင်းအတွက် အားဖြည့်လို့ရတဲ့အရာတွေပဲလေ။ အဲလိုမှော်ရတနာမျိုးတွေ မင်းငါ့ကို ရှာစေချင်တာမဟုတ်လား”
“တကယ် မတော်တဆ ဖြစ်ခဲ့တာပါ။ မင်းရတနာကို ပျက်စီးအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး”
ကောင်းကင်ဂူဝိညာဉ် ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲဖြစ်သည်။ တမင်လုပ်ခြင်းဟုတ်ဟုတ် မဟုတ်ဟုတ် မတော်တဆဖြစ်သည်ဟုသာ ပြောရမည်။
“မင်းဘယ်လိုပြောပြော ငါ့ရတနာကို မင်းဖျက်ဆီးပြီးပြီပဲ။ ဒါပေမယ့် ငါကြိုပြောထားမယ်။ မင်းငါ့ကို သခင်အဖြစ် တကယ်အသိအမှတ်မပြုသေးသရွေ့ ငါ့ရတနာတွေကို ထိဖို့မစဉ်းစားနဲ့”
ထိုဂူဝိညာဉ် စွမ်းအားကြီးမှန်းသိသ်ောလည်း အဆုံးသတ်ခါနီးအခြေအနေ ကြုံနေရမှန်းလည်း သိသည်။ သူ့ဘက်မှ အလေးသာသည်။ ခေါင်းမော့ထားရမည်။ ဦးညွှတ်အရိုအသေပြုသင့်သည်က သူမဟုတ်။
“ဘာဖြစ်လို့ ဒီနယ်မြေကို သုံးစားမရဘူးသလို ပြောနေတာလဲ။ ကောင်းကင်ဂူ အကောင်းအတိုင်းရှိခဲ့တုန်းက ဘယ်လောက်ခမ်းနားသလဲ မင်းသိလို့လား။ အခုလက်ရှိ မင်းထိန်းချုပ်နေတဲ့အလွှာက ကောင်းကင်နတ်ဆိုးတစ်ယောက်စာ အနားယူတဲ့နေရာလောက်ပဲ”
ဖုန်ချင်အန်းစကားကြောင့် ကျိုးလင်စိတ်ပူပန်လာဟန်ရှိသည်။ သူ့အသိစိတ်သည် ကောင်းကင်ဂူ ဆိုးဆိုးဝါးဝါးပျက်စီးချိန်တွင် မွေးဖွားခဲ့သော်လည်း တိုးတက်ခမ်းနားခဲ့ချိန်က မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည်။
“ကောင်းကင်နတ်ဆိုး အနားယူတဲ့နေရာ....”
မိုင်တစ်ရာအချင်းရှိသည့်နေရာက ကောင်းကင်နတ်ဆိုးအနားယူသည့်နေရာဟု ပြောနေသည်။ ဖုန်ချင်အန်း အံ့ဩစိတ်ကို ထိန်းမထားနိုင်တော့။ ဝိညာဉ်ပိုစွမ်းအားမြင့်လေ အရွယ်အစား ပိုကြီးလေဖြစ်သည်။ ထိုဆက်သွယ်ချက်က အမြဲတမ်းမတိကျသော်လည်း ပုံမှန်သတ်မှတ်ချက်ဖြစ်သည်။
“ဒီကောင်းကင်ဂူ အကောင်းအတိုင်းရှိတုန်းက ရုပ်ခန္ဓာအစစ်နဲ့ ကောင်းကင်နတ်ဆိုးဆယ်ယောက် လွတ်လွတ်လပ်လပ် နေနိုင်လောက်အောင် ကျယ်ဝန်းတယ်။ ဒီနေရာဘယ်လောက်ခမ်းနားသလဲ မင်းမသိပါဘူး”
“ဒါပေမယ့် အခုကျန်ခဲ့တာက ဂူပျက်တစ်ခုပဲလေ။ ပြီးတော့ အတိတ်က ဘယ်လောက်ခမ်းနားခမ်းနား ငါနဲ့ဘာဆိုင်လဲ။ ပြန်ပြင်ဖို့လည်း ငါ့မှာတာဝန်ရှိတာမှမဟုတ်တာ။ မင်းပဲပြောတယ်လေ။ ငါက လူသားပါ။ နတ်ဆိုးမျိုးနွယ်မဟုတ်ဘူး။ မင်းက ငါ့ကိုလိုအပ်တာတောင် ကောင်းကင်ဂူကို ထိန်းချုပ်ခွင့်မပေးဘူး။ ဒါကိုငါက ဘာလို့ပြန်ပြင်ဖို့ အားစိုက်ရမှာလ။ နောက်ဆုံးကျရင် နတ်ဆိုးမျိုးနွယ်တွေပဲ အကျိုးခံစားရမှာ။ ငါအဲလိုလုပ်ပေးမယ် ထင်နေတာလား”
ဖုန်ချင်အန်း အလျှော့မပေး။ အတိတ်က ဘယ်လောက်ခမ်းနားသည်ဖြစ်စေ ယခုမရှိတော့။ အတိတ်ကလို ပြန်ဖြစ်ဖို့ သူ့လုပ်အားလိုသည်။ သိုသော် ကောင်းကင်ဂူကို သူမပိုင်။ ဘာကြောင့် ဒုက္ခခံနေမည်နည်း။
မြွေခေါင်းကိုးခု ခဏရပ်သွားသည်။ ဖုန်ချင်အန်းစကားက ကျိုးကြောင်းဆီလျော်သောကြောင့်ဖြစ်သည်။
“ဘယ်အရူးက ကိုယ်မပိုင်တဲ့အရာကို စိတ်နှစ်ကိုယ်နှစ် ပြန်ပြင်ပေးနေမှာလဲ”
ဖုန်ချင်အန်း ဆက်မေးသည်။
“ဒါပေမယ့် မင်းက ဒီအလွှာကို ထိန်းချုပ်ခွင့်ရပြီပဲ”
“ဒါပေမယ့် အဲဒီထိန်းချုပ်ခွင့်ကို မင်းက အချိန်မရွေး ပြန်ယူနိုင်တယ်လေ။ ဘယ်သောက်ကောင်မှ မလွှမ်းမိုးနိုင်တဲ့အရာမျိုး ကျုပ်လက်ထဲ ခိုင်ခိုင်မာမာဆုပ်ကိုင်ထားနိုင်တဲ့အရာမျိုးပဲ ကျုပ်လိုချင်တယ်”
ဖုန်ချင်အန်း ဂူဝိညာဉ်ကို စိုက်ကြည့်နေသည်။ အကြောက်အလန့် လုံးဝမရှိတော့။
ဂူဝိညာဉ်သည် စွမ်းအားအတော်ကြီးသည်။ သို့သော် ကောင်းကင်ဂူကို အတိုင်းအတာတစ်ခု ထိန်းချုပ်ခွင့်ရပြီးနောက် ဂူဝိညာဉ်၏ အားနည်းချက်ကိုလည်း သိလာသည်။ သိပ်မကြာမီ လုံလောက်သည့်အကူအညီမရလျှင် ကျိုးလင်လည်း ကောင်းကင်ဂူနှင့်အတူ ပျောက်ကွယ်သွားရမည်ဖြစ်သည်။
“ငါကောင်းကင်ဂူကို ထိန်းချုပ်ခွင့်ရပြီး သခင်အစစ်ဖြစ်လာရင် ပြန်ပြုပြင်ဖို့ နည်းလမ်းရှာမယ်။ ဘယ်သူမှ ပျက်စီးနေတဲ့ရတနာကို လက်ထဲမှာကိုင်မထားပါဘူး”
ဖုန်ချင်အန်း ကစားပွဲကို ပြောင်းပြန်လှန်၍ ဂူဝိညာဉ်ကို ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်က အပြောသက်သက်မဟုတ်။ ထိုအတိုင်းဖြစ်လာလျှင် သူတကယ် နည်းလမ်းရှာ၍ ကောင်းကင်ဂူကို ပြန်ပြင်မည်။
“မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် မင်းက အားနည်းလွန်းသေးတယ်”
ဂူဝိညာဉ် ခဏငြိမ်သွားပြီးနောင် ဖုန်ချင်အန်းအရှိုက်ထိမည့်စကားတစ်ခွန်း ပြောလာသည်။
ဖုန်ချင်အန်း ခဏမှင်သက်မိသွားသည်။
“ငါမင်းကို သခင်အဖြစ်သတ်မှတ်ရင်တောင် ဒီကောင်းကင်ဂူပျက်ရဲ့ဖိအားကို မင်းခံနိုင်ရည်မရှိသေးဘူး။ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားလိမ့်မယ်။ မင်းရဲ့လက်ရှိစွမ်းအားနဲ့ ပထမအလွှာလောက်ကိုပဲ ထိန်းချုပ်နိုင်ဦးမှာ။ ကောင်းကင်ဂူကို တကယ်ထိန်းချုပ်ချင်ရင် မင်းဒီထက် စွမ်းအားပိုကြီးဖို့လိုတယ်”
“သောက်ရေးထဲကွာ”
ဂူဝိညာဉ်ကို အချိန်အတော်ကြာ ဖျောင်းဖျခဲ့ပြီး နောက်ဆုံးတွင် ကိုယ့်စွမ်းအားက နိမ့်နေသဖြင့် ကိုယ့်ဘာသာအခက်တွေ့ရသည်။ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသည်။
ဘာဆက်လုပ်ရမည်မသိ။ ကျင့်စဉ်လမ်းသည် အလျင်လို၍မရ။ ဝိညာဉ်စွမ်းအားကို သူအဆက်မပြတ်လေ့ကျင့်ခဲ့သည်။ ရှစ်ခုမြောက် ဝိညာဉ်စာချုပ် မကြာခင်ပြည့်စုံတော့မည်။
သို့သော် ကောင်းကင်သားရဲထိန်းသခင်အဆင့် ပြီးမြောက်ပြီးလျှင်ပင် ဂူဝိညာဉ်နှင့် သူစာချုပ်ချုပ်နိုင်စွမ်းရှိဦးမည်မထင်။ ထိုထက် တစ်ဆင့်မြင့်ဖိုလိုသည်။ မဟုတ်လျှင် တန်ပြန်စွမ်းအားကြောင့် ခန္ဓာကိုယ်ပေါက်ကွဲသွားမည်။
သားရဲထိန်းသခင်တစ်ယောက် ကိုယ့်ထက်အဆင့်နှစ်ဆင့် ကွာခြားသည့်ဝိညာဉ်နှင့် စာချုပ်ချုပ်လျှင် သေကြောင်းကြံခြင်းသာဖြစ်မည်။
တုန်ဟွမ်းက သူ့စွမ်းအားသူ တစ်စမကျန်ထိန်းချုပ်နိုင်စွမ်းရှိသည်။ ပြိုင်ဘက်ကင်း ရတနာမျိုးဖြစ်သည်။ တစ်ယောက်တွေ့သည်ကပင် ကံထူးလှသည်။ နောက်တစ်ယောက် တွေ့ဖို့မလွဘ်။
“ထားလိုက်ပါ။ အစစ်အမှန် မထိန်းချုပ်နိုင်သေးရင်တောင် အမည်ခံထိန်းချုပ်သူဖြစ်ရင် လုံလောက်ပါပြီ”
“အမည်ခံထိန်းချုပ်သူဆိုတာ ဘာလဲ”
ကျိုးလင် နားရှုပ်သွားဟန်ရှီသည်။
“မင်းငါ့ကို “သခင်”လို့ ခေါ်နိုင်မလား”
ဂူဝိညာည် နားမလည်ဟန်ဖြင့် စိုက်ကြည့်နေသည်။
“မင်းငါ့ကို အဲလိုမခေါ်ချင်ဘူးပေါ့။ ဒါဆိုလည်း ထားလိုက်ပါတော့”
“နေပါဦး”
“အင်း..”
“သခင်”
ဂူဝိညာဉ်၏ခေါ်သံက လေသံမမှန်။ ဖုန်ချင်အန်း ထိုသို့တောင်းဆိုမည်ဟု သူထင်မထား”
“ဟေ့..ခေါင်းကိုးလုံးမြွေလေး”
ဖုန်ချင်အန်း ရယ်မောရင်း ပြန်အော်ခေါ်သည်။
“ကောင်းကင်ဂူမှာ အလွှာအထပ် ဘယ်နှစ်ခုရှလဲ”
“လက်ရှိမှာတော့ ခုနစ်ထပ်ပေ့ါ”
“လက်ရှိမှာ ခုနစ်ထပ်ဆိုတာ ဘာသဘောလဲ...”
“ခေတ်ကောင်းခဲ့တုန်းက ကိုးလွှာရှိတယ်။ တစ်လွှာနဲ့တစ်လွှာ ပုံစံမတူဘူး။ ကောင်းကင်နတ်ဆိုးတွေကို နေရာပေးနိုင်တယ်”
ထိုဂူဝိညာဉ်သည် ဖွံ့ဖြိုးတိုးတက်စဉ်ကအချိန်ကို မမြင်ဖူးသော်လည်း မှတ်ဉာဏ်ထဲတွင် စွဲထင်နေဟန်ရှိသည်။ မူလအခြေအနေဖြစ်အောင် ပြန်ပြုပြင်ချင်နေသည်။ ထိုတာဝန်သည် သူ့အတွက် မွေးရာပါတာဝန်လို ဖြစ်နေသည်။
“ငါ့ကို လိုက်ပြပါဦး”
“ကောင်းပါပြီ”
ဖုန်ချင်အန်းနှင့် သဘောတူညီမှုတစ်ချို့ ရထားပြီးဖြစ်၍ ကောင်းကင်ဂူဝိညာဉ်က နောက်ထပ်လိုက်လျောရန် တုံ့ဆိုင်းခြင်းမရှိ။ ဖုန်ချင်အန်းလည်း ဤကောင်းကင်ဂူအကြောင်း အကြမ်းဖျင်းသိလာသည်။
ပထမအလွှာသည် နတ်ဆိုးတစ်သောင်းနိုင်ငံဖြစ်သည်။ ဒုတိယအလွှာသည် နတ်ဆိုးတစ်သောင်းအကျဉ်းထောင်ဖြစ်သည်။ ရှောင်မိသားစုနှင့်တာ့ကျင်းအင်ပါယာတို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။ ထိုအလွှာသည် အကြီးဆုံးဖြစ်သည်။ တ်ဆိုးပတ်ဝန်းကျင်က အစစ်အမှန်တစ်ခုလို ဖြစ်တည်နေသည်။
တတိယအလွှာက မိုင်ငါးရာကျယ်ပြန့်သည်။ နှစ်ထောင်ရှည်သက်တမ်းရှိသည့် မိသားစုများ ရှင်သန်ပေါက်ဖွားသည့်နေရာဖြစ်သည်။ လူသားများ လွှမ်းမိုးထားသည်။ ရှောင်မိသားစု၏ နတ်ဆိုးသားရဲတပ်ဖွဲ့များလည်း ရှိသည်။
ထိုသုံးလွှာကို အပြင်လူများ သိထားသည်။ သို့သော် ရှောင်မိသားစုထိန်းချုပ်သည့် လေးခုမြောက်အလွှာကို အပြင်လောကသို့ ထုတ်မပြ။ နတ်ဆိုးမျိုးနွယ်များ လွှမ်းမိုးနေသည့်အလွှာဖြစ်သည်။
**********************************************