← Chapters

ကောင်းကင်နဂါးကိုယ်တော်

Vol. 21 Ch. 312

ကောင်းကင်နဂါးကိုယ်တော်

Vol. 21 Ch. 312

မျိုးနွယ် - ရွှေတောင်ပံငှက်

ဗီဇ - နတ်ဆိုး၊ ငှက်၊ ‌ရွှေ

စွမ်းရည် - မိုနာ့၊ အခြေခံအဆင့်

တိုက်ခိုက်စွမ်းအား - မိုနာ့၊ အလတ်တန်းဆင့်

ကောင်းကင်ဂူ လေးခုမြောက်အလွှာ အလယ်ပိုင်းတွင် ရှည်လျားသည့် အနစ်ရောင်ဝိညာဉ်သစ်သားများ သတ္တုရောင်ပြောင်လက်လျက် ကြီးမားသည့်ငှက်သိုက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ဝိညာဉ်စွမ်းအင်များ လျှံထွက်နေသည်။

အမွှေးအတောင်ထိပ်တွင် ရွှေရောင်သန်းနေသည့် ငှက်ကြီးတစ်ကောင် အသိုက်ထဲတွင်ဝပ်လျက် အိပ်ပျော်နေသကဲ့သို့ မျက်လုံးမှိတ်ထားသည်။ သို့သော် ခန္ဓာကိုယ်မှထွက်သည့် လူသတ်အငွေ့အသက်များက ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဒါ လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်း ငါမွေးထားတဲ့ အထူးခြားဆုံးနတ်ဆိုးပဲ”

ကျိုးလင်က ဖုန်ချင်အန်း သိစိတ်အာရုံကိုခေါ်၍ လေးခုမြောက်အလွှာ ကောင်းကင်ပေါ်မှ ဝဲပျံလျက် လိုက်ပြသည်။

ကျိုးလင် ယနေ့ အလွယ်တကူ အညံ့ခံ၍ သူ့ဘက်မှ သတ်မှတ်ချက်များကို အထပ်ထပ်လျှော့ချခဲ့သည်။ သူ့ကိုယ်သူ နတ်ဆိုးမျိုးနွယ်အတွက်သာ ကန့်သတ်ချက်မထားတော့။ နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးနောက် သူကောက်ချက်ချနိုင်ခဲ့သည်။

သူအချိန်ဖြုန်း၍မရတော့။ ဖုန်ချင်အန်းကို လက်လွတ်သွားလျှင် ပျက်စီးမှုက သူ့ကိုစောင့်ကြိုနေသည်။ ထို့ကြောင့် အလားအလားနည်းနည်းရှိသည့် လူသားမျိုးနွယ်ကို သူအရှုံးပေးခဲ့ခြင်းဖြစ်သည်။

“ဒါမင်းမွေးထားတဲ့ အကောင်းဆုံးနတ်ဆိုးလား”

အောက်ဘက်အသိုက်ထဲမှ ရွှေရောင်ငှက်ကို ဖုန်ချင်အန်း ငုံ့ကြည့်သည်။ အနက်ရောင်အမွှေး တစ်စွန်းတစ်စကို မြင်နေရသေးသည်။ အသွင်အပြင်၊ စွမ်းရည်နှင့် တိုက်ခိုက်စွမ်းအားများ အတော်အထင်ကြီးစရာကောင်းသည်ဟု တွေးမိသည်။

သို့သော် ထိုရွှေတောင်ပံငှက်သည် ဂူဝိညာဉ် နှစ်တစ်ထောင်ကြာအောင် မွေးမြူခဲ့သော်လည်း ယခုမှ နတ်ဆိုးဘုရင်အဆင့်သာရှိသေးသည်။ ရယ်စရာကောင်းလှသည်။

ထို့ကြောင့်လည်း ဂူဝိညာဉ် မျှော်လင့်ချက် မထားတော့ခြင်းဖြစ်မည်။ နတ်ဆိုးမျိုးနွယ်ကို သူမွေးမြူနိုင်သည့် အစွမ်းအစက အတော်အားနည်းသည်။

“မင်းဘာတွေးနေလဲ ငါသိပါတယ်။ ဒါပေမယ့် သူ့သွေးဆက်ကိုက ညံ့လွန်းနေတာလေ။ မင်းစဝင်လာတုန်းက မြင်ခဲ့တဲ့ သိမ်းငှက်နက်တွေဟာ သူ့မူလဇာတိအမှန်ပဲ။ ငါသူ့ကို လမ်းညွှန်ပေးတယ်။ သွေးစွမ်းအင် တစ်ဆင့်ချင်းပြောင်းလဲအောင် လုပ်တယ်။ ရွှေတောင်ပံဂဠုန်ငှက်အဖြစ် အသွင်ပြောင်းနိုင်မယ့် အခွင့်အရေးကိုတောင် ငါပေးခဲ့တာပါ”

ဂူဝိညာဉ်က စိတ်ပျက်နေသည့်လေသံဖြင့် ရှင်းပြသည်။

သူဘာမှမတတ်နိုင်။ သူတွေ့ရသည့် နတ်ဆိုးများက စွမ်းရည်နိမ့်လွန်းနေသည်။ သူလေ့ကျင့်ပေးလိုသော်လည်း လေ့ကျင့်ပေး၍မရ။

ထိုနတ်ဆိုးများ ဘာကြောင့်ထိုမျှ အားနည်းရသည်ကို အစက သူနားမလည်ခဲ့။ ကောင်းကင်ဂူ၏ အစောင့်အကြပ်လုပ်ဖို့ပင် အရည်အချင်းမမီ။

သို့သော် နောက်ပိုင်းတွင် သူနားလည်လာသည်။ အပြင်လောကသည် လူသားတို့အုပ်စိုးရာနယ်မြေ ဖြစ်လာသောကြောင့်ဖြစ်သည်။ ပါရမီရှိသည့် အလားအလာရှိသည့်နတ်ဆိုးများ ဤနေရာတွင် နေကြမည်မဟုတ်။

လူသားနယ်မြေတွင် နတ်ဆိုးတို့အတွက် အနာဂတ်မရှိနိုင်။ အသတ်မခံရလျှင်ပင် တော်သေးသည်ဟု ယူဆရမည်။ ထို့ကြောင့် သူတွေ့ရသည့် နတ်ဆိုးများမှာ လူသားများ အချိန်ကြာမြင့်စွာ ထိန်းချုပ်ခံခဲ့ရသဖြင့် စိတ်ပျက်စရာကောင်းနေခြင်းဖြစ်သည်။

သွေးဆက်အမွေအကြောင်းလည်း သူဆက်မပြောချင်တော့။ နှစ်တစ်ထောင်အတွင်း ကောင်းကင်ဂူတွင် သိမ်းငှက်နက်ပေါင်းထောင်ချီ၍ မွေးဖွားခဲ့သည်။ သို့သ်ော သူဖြေးဖြေးချင်း ပြုစုပျိုးထောင်ခဲ့သည့် ရွှေတောင်ပံငှက်ကို တစ်ကောင်မှမမီ။

ထိုရွှေတောင်ပံငှက်ကိုပင် သူသဘောမကျ။ လက်ရှိအနေအထား ရောက်လာသော်လည်း သူ့ဖြစ်တည်မှုကိုပင် အာရုံမခံနိုင်။

အမှန်တော့ တစ်ချိန်ကသာ သူမထောက်ပံ့ခဲ့လျှင် ထိုရွှေတောင်ပံငှက် ယခုအချိန် အရိုးဆွေးနေလောက်သည်။ ကောင်းကင်ဂူထဲတွင် ဝင့်ဝင့်ထည်ထည် အသိုက်ဆောက်၍ နေနိုင်မည်မဟုတ်။ တစ်ချိန်ကဆိုလျှင် ထိုငှက်မျိုး တံခါးစောင့်အဖြစ်သာ ထားသည်။

“မင်းတကယ်ကြိုးစားခဲ့တာပဲ။ ဒါနဲ့..ဒီကောင် ဥမဥဘူးလား”

ကောင်းကင်ဂူဝိညာဉ်၏ စိတ်ခံစားချက်ကို ဖုန်ချင်အန်း စာနာနားလည်နိုင်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရှည် နားထောင်နေပြီးမှ သူဆက်မေးသည်။

သူစီးဖို့ နတ်ဆိုးငှက်တစ်ကောင် သူမွေးချင်သေးသည်။ တောင်နက်နှင့်စန်းမြောင်လည်း ပျံသန်းနိုင်စွမ်းရှိကြပါသည်။ သို့သော် အဆင့်တူနတ်ဆိုးငှက်နှင့်ယှဉ်လျှင် အမြန်နှုန်းတူမည်မဟုတ်။

ကျိုးလင်က ရွှေရောင်ငှက်ကို အထင်သေးသော်လည်း ဖုန်ချင်အန်း အထင်မသေး။ ရွှေရောင်အမွှေးများကို ကြည့်ရုံဖြင့် ထိုငှက်၏ကိုယ်ထဲတွင် နိုးထလာမည့် သွေးဆက်များရှိကြောင်း သိနိုင်သည်။ တောင်ပံများက လက္ခဏာပြနေပြီဖြစ်သည်။

“ဥလား..ဒီကောင့်ကို သိန်းငှက်မတွေရှာပြီး ဥတွေပိုဥစေချင်တာပေါ့။ ဒါပေမယ့် အဆင့်တက်ပြီးကတည်းက ဒီကောင်အတော်မာန်တက်လာတယ်။ အရင်က သူ့မျိုးရိုးတူတွေကို အထင်သေးလာတယ်လေ”

ဂူဝိညာဉ်လေသံက ထိုမကျေနပ်ချက်ကို အချိန်အတော်ကြာ မျိုသိပ်ထားခဲ့ရဟန်ရှိသည်။ ရွှေတောင်ပံနတ်ဆိုးကို နည်းလမ်းစုံရှုတ်ချနေသည်။

ထိုငှက်သည် ငှက်ဂဠုန်သွေးဆက် နည်းနည်းနိုးထလာရုံသာ ရှိသေးသည်။ သို့သော် အတော်ဘဝင်မြင့်လာသည်။ မောက်မာသည်။ ဇီဇာကြောင်လာသည်။ မိတ်ဖက်ရှာ၍ ဥဥရန်ပင် စိတ်မကူးတော့။

သူသာ နည်းနည်းအရောတဝင်နေပြီး ဥသုံးလေးကြိမ်ဥလိုက်လျှင် ဂူဝိညာဉ်အနေဖြင့် ငှက်ပေါက်နည်းနည်းလောက် မွေးချင်မွေးနိုင်ပေလိမ့်မည်။ ထိုအုပ်စုထဲမှ ထူးချွန်သည့်ငှက်မျိုး ပါလာနိုင်သည်။ ငှက်ဂဠုန်သွေးဆက် သို့မဟုတ် ထိုထက်မြင့်သည့််သွေးဆက်မျိုး ပေါ်လာနိုင်သည်။

ဖုန်ချင်အန်း ဘာမှဆက်မပြောတော့။ ဂူဝိညာဉ်စွမ်းအားဖြင့် ငှက်ဘုရင်ကို သေချာကြည့်သည်။

ကောင်းကင်ဂူထိန်းချုပ်ခွင့်ရသည်မှာ တကယ်အံ့ဩစရာကောင်းသည်။ ကောင်းကင်ဂူထဲမှ သက်ရှိအားလုံး သူ့စောင့်ကြည့်မှုအောက် ရောက်လာသည်။

အများကြောက်ရွံ့ကြသည့် လျှို့ဝှက် ရှောင်မိသားစုလည်း သူ့မျက်လုံးအောက်သို့ ရောက်လာသည်။ ရှောင်မျိုးနွယ်၏ အခြေခံအုတ်မြစ်နှင့် အားထားသည့်အရာကို ဖုန်ချင်အန်း ကောင်းကောင်းနားလည်လာသည်။

ရှောင်မိသားစု၏ အဓိကအားကိုးရာသည် လေးလွှာမှ ရွှေတောင်ပံ နတ်ဆိုးဘုရင်ဖြစ်သည်။ ထိုငှက်သိုက်အောက်တွင် သီးသန့်လျှို့ဝှက်ထားသည့် ရတနာတိုက်ရှိသည်။ ထိုထဲမှ ထိုးထွက်လာသည့် ဝိညာဉ်စွမ်းအင်များကိုကြည့်၍ ဖုန်ချင်အန်းမျက်လုံးများ အရောင်တောက်လာသည်။

************************************

All Chapters