ကောင်းကင်နဂါးကိုယ်တော် (၂)
Vol. 21 Ch. 313
“မိသားစုအမွေအနှစ်အစစ်တွေပဲ”
ရုတ်တရက် တွေ့ကြုံရသည့် ကံကြမ္မာကြောင့် ဖုန်ချင်အန်း စိတ်မထိန်းနိုင်ဖြစ်လာသည်။ နှစ်တစ်ထောင်ရတနာတိုက်ကို အပိုင်သိမ်းချင်စိတ် ပေါက်လာသည်။
“အထဲဝင်ပြီး သွားကြည့်လို့ရမလား”
“ရပါတယ်၊ ဒါပေမယ့် မလုပ်သင့်ဘူး”
ဂူဝိညာဉ်က ကန့်ကွက်သည်။
“ရှောင်မိသားစုဟာ ပါရမီနည်းကောင်းနည်းလိမ့်မယ်။ ဒါပေမယ့် အရူးတွေမဟုတ်ဘူး။ ရတနာတစ်ခုနှစ်ခုပျောက်တာကို သတိထားမိချင်မှ ထားမိမယ်။ သူတို့လျှို့ဝှက်ရတနာတိုက်တစ်ခုလုံးကို ယူမယ်ဆိုရင် သူတို့ကို တပ်လှန့်သလိုဖြစ်သွားမယ်။ အပြင်ကရလာတဲ့ ရတနာတွေကို ကောင်းကင်ဂူထဲမှာ ထားကြတော့မှာမဟုတ်ဘူး”
“ရှောင်မိသားဝင်တွေက မင်းအတွက် ဘယ်လိုမျိုးလဲ”
ဂူဝိညာဉ်၏ အစီအစဉ်ကို သိလိုက်ရသဖြင့် ဖုန်ချင်အန်း မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ ထိုဝိညာဉ်သည ရှောင်မိသားစုရတနာတိုက်ကို တိတ်တဆိတ် ခိုးယူနေသည်မှာ ထင်ရှားနေသည်။ အတော်လေး သိမ်သိမ်မွေ့မွေ့ လှုပ်ရှားခြင်းဖြစ်သည်။
“ငါမတရားလုပ်တာမဟုတ်ပါဘူး။ ဟိုတစ်ချိန်ကသာ သူတို့ဘိုးဘေးတွေကို ဂူထဲဝင်ခွင့်မပေးခဲ့ရင် သူတို့ဒီအခြေအနေထိ ဘယ်ရောက်လာမှာလဲ”
“ကြည့်ရုံပဲကြည့်ပြီး မယူရဘူးဆိုရင်တော့ ငါမဝင်တော့ပါဘူး”
အလွှာသုံးလေးခုမှ ရတနာတိုက်ဆယ့်ရှစ်ခုကို ဖုန်ချင်အန်း နှမျောတသစွာ တစ်ချက်ကြည့်သည်။ တကယ်တော့ သူထူးထူးခြားခြားလိုချင်တာလည်း မရှိ။ လက်ရှိတွင် သူ့ပိုင်ဆိုင်မှုကလည်း ရှားပါးနေသည်မဟုတ်။ သူသဘောကျသည့်အရာများကလည်း ပိုအဆင့်မြင့်လာသည်။ သာမန်မှော်ရတနာ ဝိညာဉ်ရတနာများကို သူစိတ်မဝင်စားတော့။
ငါးခုမြောက်အလွှာသည် တောင်ကုန်းထူထပ်၍ မိုင်တစ်ရာကျယ်သည့် ကွင်းပြင်ကြီးသာဖြစ်သည်။ ထူးထူးခြားခြားမရှိ။ ခြောက်ခုမြောက်အလွှာကိုတော့ သူအံ့ဩမိသည်။ သူ့သိစိတ်အာရုံ ရောက်သွားချိန်တွင် အသက်ရှိသယောင်ထင်ရသည့် လိပ်တောင်တန်းကြီးတစ်ခုကို အမှတ်မထင်မြင်လိုက်ရသည်။
လိပ်ခုံးသဏ္ဌာန်တောင်တန်းမဟုတ်။ လိပ်အစစ်တစ်ကောင် မြေပြင်တွင် ဝပ်နေသည့် တောင်တန်းကြီးဖြစ်သည်။ လိပ်တစ်ကောင်တွင်ရှိသင့်သည့် ဦးခေါင်း၊ ခြေလက်၊ လိပ်ကျောကုန်းကွက်နှင့် အမြီးများ အားလုံးရှိနေသည်။
လိပ်ကျောကုန်းအကွက်များ ရှိသည်။ ခြေလက်တို့တွင် ကြေးခွံများပါသည်။ ဦးခေါင်းတွင် ဦးချိုများပင် ရှိနေသေးသည်။ အားလုံး အပြည့်အစုံရှိသည်။ ခမ်းနားသည့် လိပ်ခုံးတောင်တန်းအသွင်က ရင်သပ်ရှုမောဖွယ်ကောင်းသည်။
“သခင်၊ ဒီလိပ်ကို အသက်ပြန်သွင်းနိုင်မယ်ထင်လား။ သူက ကောင်းကင်နတ်ဆိုးတစ်ကောင်ရဲ့ ကလေးပါ။ သူ့ပါရမီက သူ့မိဘတွေထက်တောင်သာတယ်။ ဒါကိုသာ အသက်ပြန်သွင်းနိုင်ရင်...”
ဂူဝိညာဉ်၏ အရှက်မရှိ ကပ်ဖားနေသည့်လေသံက ဖုန်ချင်အန်းစိတ်အာရုံသို့ ဝင်လာသည်။ ရည်ရွယ်ချက်ကလည်း ထင်ရှားလွန်းနေသည်။
အသက်မဲ့သည့် အရိုးစုကြီးအား အသက်ပြန်သွင်းထားသည်ကို သူမြင်သည်။ နေမီးတောက်သစ်ပင်ကိုလည်း သူမြင်သည်။ ဘာမှပြောစရာမလို။ သေဆုံးသွားသည့် အထင်ကရစွမ်းအားရှင်၏ ရုပ်ကြွင်းများဖြစ်မှန်း သူနားလည်သည်။
“တော်စမ်းပါ”
ဖုန်ချင်အန်း လိပ်ခုံးတောင်ကို တစ်ချက်လှမ်းကြည့်၍ အပြတ်ငြင်းလိုက်သည်။ တောင်းတန်းအဖြစ်အသွင်ပြောင်းသွားသော်လည်း အချိန်ကာလ မည်မျှတိုက်စားခဲ့မှန်း သိသာသည်။
ရှေးခေတ်ကတည်းက အသွင်ပြောင်းခဲ့သည့် နတ်ဆိုးရုပ်ကြွင်းကြီးဖြစ်သည်။ အလွန်တရာ ကြီးမားလွန်းသည်။ ဖုန်ချင်အန်း အသက်ပြန်သွင်းဖို့ လုံးဝစိတ်ကူးမရှိ။
သူဝိညာဉ်စွမ်းအား သွင်းပေးထားသည့် အရိုးစုကြီးသည် လိပ်တောင်တန်းဦးခေါင်းလောက်ပင် မကြီး။ အဆင့်တူမဟုတ်သည်မှာ ထင်ရှားသည်။ နှစ်ခုလုံး သေဆုံးရုပ်ကြွင်းများ ဖြစ်နေသည့်အချက်သာ တူညီသည်။
“အလျင်စလို လုပ်စရာမလိုပါဘူး သခင်။ သခင် နောင်တစ်ချိန် စွမ်းအားပိုတိုးလာတဲ့အခါကျမှ...”
“ပါးစပ်ပိတ်ထားစမ်း”
“ကောင်းပါပြီလေ”
ဖုန်ချင်အန်း အခိုင်အမာငြင်းနေသဖြင့် ဂူဝိညာဉ် မကျေမနပ် လက်လျှော့လိုက်သည်။ ခုနစ်ခုမြောက်အလွှာသို့ ခေါ်သွားပေးသည်။ ကြီးမားသည့်တိုင်လုံးကြီးများ ထိုးထိုးထောင်ထောင်ရှိနေသည်။ တစ်ချိန်က အဆင်တန်ဆာအဖြစ် သုံးခဲ့သည့် ရွှေနှင့်ကျောက်မျက်ရတနာများရှိသည်။ ဝိညာဉ်ဓာတ်များစွာ ဆုံးရှုံးသွားသော်လည်း ခမ်းနားခဲ့သည့် တစ်ချိန်က ဂုဏ်သရေကို လှစ်ဟပြနေသေးသည်။
“ဒါဟာ အရင်က ကောင်းကင်နတ်ဆိုးတွေရဲ့ စားသောက်ပွဲခန်းမပါ။ အခုတော့ တစ်စိတ်တစ်ပိုင်းပဲ ကျန်တော့တယ်”
“စိတ်မကောင်းစရာပဲ”
အဆင်တန်ဆာအဖြစ် သုံးခဲ့သည့် ပစ္စည်းမျိုးစုံကို ဖုန်ချင်အန်း အကဲခတ်သည်။ နောက်ဆုံးတွင် ခေါင်းကိုသာ ခါယမ်းမိသည်။ အချိန်ကာလအောက်တွင် မပျက်မစီး ထာဝရတည်တံ့သည့်အရာဟူ၍ ရှိမည်မထင်။
“ပြည့်စုံတဲ့အနေအထားမှာ ရှိနေရင်တောင် ဒါတွေကို သခင်သဘောကျမှာမဟုတ်ပါဘူး”
“အဲလိုဘယ်ဟုတ်ပါ့မလဲ။ ငါဒီလောက် ဂျေးမများပါဘူး”
“ကောင်းကင်ဂူက ဒီလိုပျက်စီးနေတော့ ဘာရတနာမှ ထပ်ပြီးမွေးမထုတ်နိုင်တော့ဘူး။ သခင်သာ မြန်မြန်ပြုပြင်နိုင်ရင် အံ့ဩစရာတစ်ချို့ ပေးနိုင်ပါတယ်”
“အံ့ဩစရာတဲ့လား။ အခုတောင် မင်းငါ့ကို အတော်အံ့ဩအောင် လုပ်နိုင်နေပါပြီ။ ဒီနေရာမှာ အင်ပါယာမိုးရေရှိတယ်လို့ ငါကြားမိတယ်”
“သခင်က အင်ပါယာမိုးရေ လိုချင်လို့လား”
“ငါက မလိုပါဘူး။ ဒါပေမယ့် သူတို့ကလိုတယ်လေ”
“သဘောပေါက်ပါပြီ”
“ဟပ်ချိုး...”
အထက်အလွှာများကို သိစိတ်အာရုံလှည့်ပတ်ကြည့်ပြီးနောက် ဖုန်ချင်အန်း၏သိစိတ်က ကောင်းကင်ဂူငါးလွှာမြောက်မှ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။ သူ့ဦးခေါင်းထက်တွင် မြွေဦးခေါင်းရှိနေသည်။ ချောက်နက်နှင့်တူသည့် ပါးစပ်ကိုဟ၍ ရုတ်တရက် နှာချေလိုက်သည်။ ထို့နောက် မရေမတွက်နိုင်သည့်နတ်ဆိုးများ တောင့်တကြသည့် မြင်ကွင်းတစ်ခု သူမြင်ရသည်။
အင်ပါယာမိုးရေ။
ရှေးမှတ်တမ်းထဲတွင် ဖော်ပြထားသလို အသွင်က စိမ်းဝါရောင်ရှိသည်။ ထောင်ချီသည့် ရွှေရောင်အမျှင်များ ပေါင်းစပ်ထားသည်။ ကောင်းကင်မှ ဖြေးညှင်းစွာ ကျဆင်းလာသည်။
တောင်နက်နှင့်ပိုင်ယော်တို့ ကျလာသည့်ရွှေရောင်အမျှင်များကို အံ့ဩပျော်ရွှင်စွာ ကြည့်နေကြသည်။ ဖုန်ချင်အန်းအမိန့်ကိုပင်မစောင့်ကြတော့။ နည်းလမ်းကိုယ်စီဖြင့် မိုးမြေလက်ဆောင် နေလသန္ဓေ ရွှေမျှင်များကို စုပ်ယူကြလေသည်။
ခေါင်းပေါ်ကျလာသည့် ရွှေရောင်အမျှင်များကို ဖုန်ချင်အန်း အသာအယာ ဖယ်ရှားလိုက်သည်။ တောင်နက်နှင့်ပိုင်ယော်ကို လှမ်းကြည့်၍ စကားပြောရန်ပြင်လိုသော်လည်း နည်းနည်းတုံ့ဆိုင်းနေသည်။ အင်ပါယာမိုးရေကြောင့် သူတို့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ချက်ချင်းတိုးတက်လာသည်။
“လုံလောက်ပြီလား”
ဂူဝိညာဉ်စကားသံ ဖုန်ချင်အန်းနားထဲတွင် ပေါ်လာသည်။ အင်ပါယာမိုးရေ မည်သို့ဖြစ်ပေါ်လာမှန်း နားလည်ပြီဖြစ်၍ ဖုန်ချင်အန်း တားဆီးလိုက်သည်။
“လုံလောက်ပါပြီ”
“ဟုတ်ပါပြီ”
အင်ပါယာမိုးရေမြင်ကွင်းက ခဏအကြာတွင် ရပ်တန့်သွားသည်။ တောင်နက်နှင့်ပိုင်ယော်တို့ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သူတို့မျိုးဆက်အမွေခံအသိနှင့် လုံးဝမတူသောကြောင့်ဖြစ်သည်။
ခြေထောက်အောက်မှ ကျောက်သားမြေပြင်ကို ကြည့်ကြသည်။ ခုနက မိုးရေအတော်များများ သူတို့စုပ်ယူခဲ့သည်။ ရွှေမျှင်များက မြေပေါ်သို့လည်း ကျသွားသည်။
ထိုသို့ဆိုလျှင် ကျောက်သားမြေပြင်တွင် စွမ်းအင်သန္ဓေကြောင့် နတ်ဆိုးတစ်ချို့ မွေးဖွားလာသင့်သည်။ ယခု ထိုမိုးရေများက မြေပြင်တွင် လုံးဝမကျန်ခဲ့။ သူတို့ကိုယ်တွင်းမှ စွမ်းအင်များသာ တိုးလာသည်။
“အာဝူး....”
တောင်နက် ဖုန်ချင်အန်းကို နားမလည်ဟန်ဖြင့် လှမ်းကြည့်သည်။ ထိုအဖြစ်အပျက်သည် နယ်မြေသခင်နှင့် ပတ်သက်နေရမည်ဟု ပြောပြခြင်းဖြစ်သည်။ ကျလာသည့် အင်ပါယာမိုးရေက လုံးဝပုံမှန်မဟုတ်။ မျိုးဆက်အသိနှင့် ဆန့်ကျင်နေသည်။
“ငါဒီကနေ ဘယ်လိုထွက်ရမလဲ”
ဖုန်ချင်အန်း ဂူဝိညာဉ်ကိုမေးသည်။ ယနေ့မြင်ခဲ့ရသည့်အရာများက အံ့ဩစရာကောင်းလွန်းသည်။ သူသေချာပြန်စဉ်းစားသုံးသပ်ဖို့လိုသည်။
“သခင်ဘယ်ကိုသွားချင်လဲ။ ကောင်းကင်ဂူမှာ ထွက်ပေါ်သုံးဆယ့်ခြောက်ခုရှိတယ်။ အားလုံး သခင်တို့လူသားမျိုးနွယ်က တည်ဆောက်ထားကြတာပါ”
“ငါဝင်လာခဲ့တဲ့ တံခါးပေါက်ကပဲပေါ့”
“သခင် အာရုံခံနိုင်ပါပြီ။ အခု ကောင်းကင်ဂူတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားတာပဲလေ။ အခုချိန်ကစလို အလိုရှိသလို ဝင်နိုင်ထွက်နိုင်ပါတယ်”
ဂူဝိညာဉ်လမ်းညွှန်မှုဖြင့် တံခါးဝင်ထွက်နည်းကို ဖုန်ချင်အန်း ချက်ချင်းသဘောပေါက်သည်။
“သွားလို့ရပါပြီ သခင်လေး”
ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်သွားသည်။ ဖုန်ချင်အန်းက ဝံပုလွေနှစ်ကောင်နှင့်အတူ ရင်းနှီးနေသည့် သစ်သားကြိုးတံတားလမ်းပေါ် ရောက်လာသည်။ မလှမ်းမကမ်းမှ နတ်ဆိုးမတို့၏ ကြိုဆိုနှုတ်ဆက်သံများ ခိုးခိုးခစ်ခစ်ရယ်သံများ၊ အပျော်လာရှာသူတို့၏ စကားသံများကို ကြားရသည်။
“ထွက်လာပြီလား သခင်လေး”
ဖုန်ချင်အန်း ပေါ်လာသည်နှင့် စိတ်ပူနေသည့်ရှောင်ယိက အမြန်လျှောက်လာသည်။ ဖုန်ထန်မြို့ထဲ ရောက်သွားပြီဟု ထင်နေသည့် ဖုန်ချင်အန်းက နတ်ဆိုးတစ်သောင်းနိုင်ငံမှထွက်လာပြီးနောက် လမ်းတစ်ဝက်တွင် ပျောက်သွားသည်။ ရှောင်ယိ နည်းနည်းလန့်သွားခဲ့သည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ရှောင်မိသားစုလုပ်ရပ်ဟု ထင်ကြလိမ့်မည်။ အမှန်တော့ သူတို့ဘာမှမသိလိုက်။
အချိန်အတော်ကြာ လှည့်ပတ်ပြသခဲ့သော်လည်း ဖုန်ချင်အန်းက စိတ်မဝင်စားသလိုသာ နေခဲ့သည်။ ရောက်လာချိန်နှင့် ထွက်သွားချိန်က လုံးဝမကိုက်ညီ။ ရှောင်ယိ နားမလည်အောင်ဖြစ်ရသည်။
ဖုန်ချင်အန်း ဘာမှမဖြစ်သဖြင့် ထိုကိစ္စကို သူမေ့ထားလိုက်သည်။ ဖုန်ချင်အန်းသည် သူတို့မေးခွန်းထုတ်ရဲသည့် လူစားမျိုးမဟုတ်။
နတ်ဆိုးတစ်သောင်းမျှော်စင်ကိုဖြတ်ပြီးနောက် အစစ်အမှန်လူသားကမ္ဘာသို့ ပြန်ရောက်လာသည်။ အနောက်ဘက်မှ ဝင်တော့မည့်နေလုံးကိုကြည့်၍ ဖုန်ချင်အန်း ခါးတစ်ချက်ဆန့်လိုက်သည်။ သူဆုံးရှုံးခဲ့သည်က မနည်းသော်လည်း အကျိုးရခဲ့သည်က ပိုများသည်။
“သွားစို့၊ အိမ်ပြန်ချိန်ရောက်ပြီ”
မြို့ထဲတွင် ဆက်လည်ပတ်ဖို့ သူစိတ်ကူးမရှိတော့။ သို့သော် ဝံပုလွနှစ်ကောင်နှင့်အတူ လူအုပ်ကိုဖြတ်၍ အိမ်ပြန်လာစဉ် အိမ်တစ်လုံးဆီမှ ငိုယိုအော်ဟစ်သံများ ကြားလိုက်ရသည်။
ဖုန်ချင်အန်း စိတ်ဝင်စားသွားသဖြင့် ခြေလှမ်းရပ်၍ လှမ်းကြည့်သည်။ အရပ်မြင့်မားသည့် ကင်းလှည့်နတ်မင်းနှစ်ယောက် ထိုအိမ်ဆီ အမြန်သွားကြသည်။
အိမ်တော်အထက်တွင် ထွက်ပေါ်နေသည့် ဗုဒ္ဓအလင်းက စူးရှတောက်ပသည်။ နတ်မင်းများ ချက်ချင်းသတိထားမိသည်။ နတ်မင်းများနှင့်ကျင့်ကြံသူများ သဘောတူထားသည့် အစဉ်အလာစည်းမျဉ်းတစ်ခုရှိသည်။ ကျင့်ကြံသူများသည် မြို့ထဲတွင် နတ်စွမ်းအားထုတ်သုံးခွင့်မရှိ။
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ အိမ်ထဲမှ ဗုဒ္ဓအလင်းကြောင့် ဘေးပတ်လည်မှ ကင်းလှည့်နတ်မင်းအားလုံး လွင့်ထွက်သွားသောကြောင့်ဖြစ်သည်။
“ဘယ်ကိုယ်တော်က ဒီလောက်အတင့်ရဲနေတာပါလိမ့်”
ဖုန်ချင်အန်း တွေးမရ။ လူအုပ်ကြီး ဘေးသို့အလိုလိုရှဲသွားသည်။ ချောမောခံ့ညားသည့် ဗုဒ္ဓကိုယ်တော်ငယ်တစ်ယောက် အိမ်ထဲမှထွက်လာသည်။ ဖုန်ချင်အန်းနှင့်အကြည့်ဆုံသွားပြီးနောက် ကိုယ်တော်လေးမျက်နှာ ကျောက်ရုပ်လိုဖြစ်သွားသည်။ ဖုန်ချင်အန်းကို လှမ်းခေါ်သည်။
“စီနီယာအကို”
********************************************