← Chapters

ဆင်တူပန်းတစ်ပွင့်

Vol. 21 Ch. 314

ဆင်တူပန်းတစ်ပွင့်

Vol. 21 Ch. 314

စီနီယာအကို။

ထိုကိုယ်တော် ဘာတွေအော်နေသည်မသိ။

ဘုန်းကြီးငယ်က သူ့ကိုစိုက်ကြည့်၍ အော်ခေါ်လိုက်သဖြင့် ဖုန်ချင်အန်း မျက်မှောင်တစ်ချက်ကျုံ့သွားသည်။ သို့သာ် မကြာမီ ဘုန်းကြီးငယ်မျက်နှာတွင် ဇဝေဇဝါအရိပ်များ ပေါ်နေသည်။

ဘုန်းကြီးငယ်က သင်္ကန်းနက်ပြာရောင်ဝတ်ထားသည်။ လက်တစ်ဘက်တွင် ခရမ်းရွှေရောင်သပိတ်ကိုင်လျက် တစ်ခြားတစ်ဘက်တွင် သံကွင်းကိုးခုပါသည့်ကြေးဝါတုတ်ချောင်း ကိုင်ထားသည်။ အရပ်မြင့်၍ တောင့်တင်းသည့်ခန္ဓာကိုယ်ကို သူ့ဝတ်ရုံက ဖုံးကွယ်မထားနိုင်ပေ။ အဆင့်အတန်းမြင့်မားသည့်ဟန်ပန်က ပေါ်လွင်နေသည်။

ထိုဘုန်းကြီးငယ်ကိုယ်ထဲမှ ပူပြင်းသည့်သွေးစွမ်းအင်ကို ဖုန်ချင်အန်း အာရုံခံမိသည်။ ကြောက်စရာကောင်းသည့် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်။ မီးဖိုနှင့်တူသည် အသက်ဓာတ်ကို မည်သည့်နတ်ဆိုးမှ အထင်သေးရဲမည်မဟုတ်။ အဆင့်မြင့်ဘုန်းကြီးမဟုတ်ဟု ပြောရဲမည်မဟုတ်။

“အော်မီတော်ဖော်”

ဘုန်းကြီးငယ် ဖုန်ချင်အန်းကို စိုက်ကြည့်နေသည်။ ထိုမျက်နှာကို ရင်းနှီးနေသယောင်ရှိသည်။ သို့သော် နည်းနည်းထူးဆန်းသလို ခံစားရသဖြင့် ဘုန်းကြီးငယ် မျက်လုံးခဏမှိတ်လိုက်သည်။ စိတ်ငြိမ်အောင်ထိန်း၍ မျက်လုံးကို‌ဖြေးညှင်းစွာ ပြန်ဖွင့်သည်။ ဗုဒ္ဓနာမတော်ကို ရွတ်ဖတ်သည်။

“ကျုပ်အမြင်တွေ ညံ့ဖျင်းသွားတယ်။ ဒကာတော် ကျပ်ကိုခွင့်လွှတ်ပေးပါ”

ဖုန်ချင်အန်းမျက်နှာမျိုးကို သူတကယ်ရင်းနှီးနေသည်။ မိုင်ရှစ်သန်းကျယ်သည့် ပင်လယ်ကို သင်္ဘောဖြင့်ဖြတ်သန်း၍ နန်ဟွားတိုက်နယ်သို့ လာခဲ့သည်။ ကောင်းကင်နဂါးကျောင်းတော်မှ ထွက်လာခဲ့သည်။ စိတ်တွင်းနတ်ဆိုး ပေါ်လာလုနီးပါးဖြစ်ခဲ့သည်။ ယခု တိုက်တိုက်ဆိုင်ဆိုင် ရင်းနှီးနေသည့်မျက်နှာကို မြင်ရသည်။

မျက်နှာဆင်တူခြင်းသာဖြစ်သည်။ သူသိထားသည့်လူမဟုတ်။ ထိုလူက ပိုရင့်ကျက်သည်။ ယခုသူ့ရှေ့မှလူငယ်နှင့် ကွဲပြားသည်။ လောကထဲမှ လူသောင်းသန်းချီထဲတွင် မျက်နှာဆင်တူသူများရှိနေသည်မျာ မဆန်းလှ။

“ကျုပ်ကို တစ်ခြားတစ်ယောက်နဲ့ လူမှားတာလား။ ကိစ္စမရှိပါဘူး”

ဖုန်ချင်အန်းလည်း စဉ်းစားမရ။ သူ့အကိုနှင့် လူမှားခြင်းလား။ သို့မဟုတ် သူနှင့်ရုပ်ချင်းဆင်သူတစ်ယောက် ဘုန်းကြီးဖြစ်နေခြင်းလားမသိ။

“နားလည်ပေးတာ ကျေးဇူးတင်ပါတယ်ဒကာ”

ထိုစဉ် မျက်ရည်နှင့်နှပ်အချွဲများ ပြည့်နက်နေသည့်လူတစ်ယောက် ဒယိမ်းဒယိုင်ထွက်လာပြီး ဘုန်းကြီးငယ်၏ခြေထောက်ကိုဖက်၍ ငိုယိုတောင်းပန်နေသည်။

“ဆရာတော်၊ ကျုပ်မိန်းမကို ချမ်းသာပေးပါ။ သူ့ဘဝတလျှောက် ဘာမကောင်းမှုမှ မလုပ်ခဲ့ဖူးပါဘူး။ သူ့ကိုလွှတ်ပေးပါ”

သူ့နောက်မှ ကလေးနှစ်ယောက်လည်း ထွက်ပေါ်လာသည်။ အခြေအနေကို နားမလည်ကြသော်လည်း တစ်စုံတစ်ခု ဆုံးရှုံးသွားမှန်းသိသဖြင့် အော်ဟစ်ငိုယိုနေသည်။ ငိုသံကြောင့် လမ်းသွားလမ်းလာများ လှည့်ကြည့်လာကြသည်။

“ဘာဖြစ်တာလဲ။ ဘာလို့တစ်မိသားစုလုံး ငိုနေကြတာလဲ”

“သူတို့မိသားစုက အိမ်ရှင်မရော ဘယ်မှာလဲ။ သူ့ကိုမတွေ့ပါလား”

“ဒီလူရဲ့မိန်းမက လူယောင်ဆောင်ထားတဲ့ နတ်ဆိုးမတဲ့။ ဒါကို ကိုယ်တော်လေးကသိလို့ ဖမ်းခေါ်သွားတာ”

အခြေအနေကိုသိသည့် အိမ်နီးချင်းတစ်ယောက်က ရှင်းပြသည်။ ထိုလူ့မိသားစုကိုသိသည် အနီးအနားမှလူများလည်း သံယောင်လိုက်၍ တစ်ယောက်တစ်ခွန်းဝင်ပြောကြသည်။

“ဒီဟူမျိုးရိုးဟာ သူ့အတွက်အကောင်းအဆိုးကို တကယ်မသိတာပဲ။ ကိုယ်တော်လေးက နတ်ဆိုးမလူယောင်ဆောင်ထားတာမြင်လို့ ဖမ်းခေါ်သွားတာလေ။ ဒါကိုသူက ကျေးဇူးမတင်တဲ့အပြင် ကိုယ်တော်လေးကို တားဆီးနေသေးတယ်”

“မိန်းကလေးယွီက နတ်ဆိုးတဲ့လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက အတော်သဘောကောင်းတဲ့မိန်းမပါ”

“နတ်ဆိုးဆိုတာ ပေါ်လာပြီပဲ။ ငါတို့လိုသာမန်လူတွေက နတ်ဆိုးရဲ့လှည့်စားမှုတွေကို ဘယ်လိုမြင်နိုင်မှာလဲ”

“ဟူမျိုးရိုးကိုလည်းကြည့်ပါဦး။ သူပြုစားခံလိုက်ရတာဖြစ်မယ်။ ဒါကြောင့် လူနဲ့နတ်ဆိုးမခွဲခြားနိုင်တာ။ မင်းတို့လည်း မိန်းကလေးယွီ လှည့်စားတာကို ခံခဲ့ရတာ ဖြစ်နိုင်တယ်”

“ဘာရယ်၊ ဒါဆိုရင်တော့ မနက်ဖြန် ဘုံကျောင်းကိုသွားပြီး ဆုတောင်းဦးမှပဲ။ ဒီကိုယ်တော်က ဘယ်ကျောင်းကပါလိမ့်။ စရောက်ရောက်ချင်းတောင် နတ်ဆိုးကို ခွဲခြားမြင်တယ်။ နောက်ဆို သူ့ဘုံကျောင်းကိုသွားပြီး ဆုတောင်းမယ်။ ဒုက္ခကပ်ဆိုးတွေ ကျမလာအောင် မွှေးတိုင်လှူမှ ဖြစ်မယ်”

“ငါလည်းသွားမယ်ကွာ”

“ငါလည်းလိုက်မယ်ဟေ့”

အခြေအနေသိရပြီးနောက် အိမ်နီးချင်းများကြား ပြောဆိုဆွေးနွေးသံ ဆူညံသွားသည်။

ပုံမှန်ကြည့်လျှင် သာမန်လင်မယားဟုသာ မြင်ကြသည်။ ဟူမျိုးရိုးက ရိုးသားပြီးအလုပ်ကြိုးစားသည်။ မိန်းမဖြစ်သူက ခြိုးခြံချွေတာပြီး အနေအထိုင်မြင့်မြတ်သည်။ စံပြလင်မယားဟု အိမ်နီးချင်းများ ချီးကျူးရသည်။

သို့သော် ဘုန်းကြီးငယ်ဖြတ်သွားချိန်တွင် ထိုမိန်းမ၏ သရုပ်မှန် ရုတ်တရက် ပေါ်လာသည်။ အသိစိတ်နိုးထပြီးသည့် ငါးနတ်ဆိုးက လူအသွင်ပြောင်းထားခြင်းဖြစ်သည်။ သာမန်လူများနှင့် တိတ်တဆိတ်ရောနှောနေထိုင်သည်။ ဟူမျိုးနှင့်အိမ်‌ထောင်ပြုပြီး သားသမီးများမွေးသည်”

“ခွေးသူတောင်းစားတွေ၊ ငါ့မိန်းမက နတ်ဆိုးဆိုရင်တောင် သဘောကောင်းတဲ့နတ်ဆိုးကွ။ မင်းတို့ဒုက္ခရောက်တဲ့အချိန် ငါ့မိန်းမက မကူညီဘဲ နေခဲ့ဖူးလို့လား။ ကိုယ်ပိုင်အသိစိတ်လေးနဲ့ တွေးကြပါဦး။ ငါတို့မိသားစုက မင်းတို့ကို ဘယ်တုန်းကများ ဒုက္ခပေးခဲ့ဖူးလဲ။ အခုကျမှ မင်းတို့က မကူညီတဲ့အပြင် ရေနစ်သူဝါးကူထိုးနေတာကွ”

သဘောထားရုတ်တရက်ပြောင်းသွားသည့် အိမ်နီးချင်းများစကားကြောင့် ဟူမျိုးရိုး မယုံနိုင်အောင်ဖြစ်နေသည်။ ခေါင်းမော့ကြည့်၍ မကျေမနပ် အော်ဟစ်ဆဲဆိုသည်။

“မင်းတို့ကူညီတယ်ဆိုတာ ဘယ်လိုစိတ်မျိုးရှိသလဲ ဘယ်သူသိနိုင်မှာလဲကွ”

“ဟုတ်တယ်၊ ငါကလေးဆိုရင် မင်းမိန်းမကျွေးတဲ့ စွန်ပလွံမုန့် စားဖူးတယ်။ မနက်ဖြန်ကျရင် မြို့တော်နတ်ဘုရားဘုံကျောင်းကိုသွားပြီး ဆုတောင်းမယ်။ ငါ့ကလေး တစ်ခုခုဖြစ်လို့ကတော့ ဒီအတိုင်းကြည့်မနေဘူးမှတ်ပါ”

“ဆရာတော်၊ ဒီလူလည်း နတ်ဆိုးအသွင်ပြောင်းထားတာဟုတ်မဟုတ် စစ်ဆေးပေးပါ။ အကဲဖြတ်မမှားပါစေနဲ့။ သူလည်းနတ်ဆိုးဖြစ်နေရင် သူ့ကိုပါ ခေါ်သွားပေးပါ”

ဟူမျိုးရိုးက အော်ဟစ်ဆဲဆိုနေသည့်အပြင် နတ်ဆိုးများရောနှောနေထိုင်နေမှန်းသိသွားကြသဖြင့် နယ်ခံများ စိုးရိမ်ပူပန်လာကြသည်။

“အော်မီတော်ဖော်”

ဗုဒ္ဓနာမတော်ရေရွတ်သံက ခေါင်းလောင်းသံကဲ့သို့ ထွက်ပေါ်လာသည်။ ကျယ်လောင်ခြင်းမရှိသော်လည်း ဆူညံနေသည့်လူအုပ်ကြီး ချက်ချင်းငြိမ်ကျသွားသည်။

“ဒီဒကာတော်ဟာ လူသားအစစ်ပါ။ ကျုပ်ရဲ့ ဓမ္မမျက်လုံးနဲ့ စစ်ဆေးပြီးပါပြီ။ အမုန်းမပွားကြပါနဲ့ ဒကာတို့”

****************************************

All Chapters