နတ်ရေစင် (၁)
Vol. 2 Ch. 90
ကောင်းကင်မှာတော့ နေလုံးကြီးက အနောက်ဘက် အရပ်ကို ဆက်တိုက်ရွေ့လျားနေပြီးတော့ အလင်းဓာတ် ပေးစွမ်းနေတဲ့ သူ့ရဲ့ချည်မျှင်တွေကို ပြန်သိမ်းသွားခဲ့ပြီ။
ကျွန်မကတော့ ခြံထဲမှာ လမ်းဆင်းလျှောက်နေရင်းနဲ့ ဥယျာဥ်ထဲက မြေလွတ်တစ်နေရာမှာ နက်ဆန်ရပ်နေတာ တွေ့လိုက်ရတဲ့အတွက် သူ့ကိုကြည့်လိုက်မိတယ်။
“အမယ်၊ မောင်မင်းကြီးသားက ဒီနေ့တော့ စောစောနိုးနေပါလား။”
အခုမှအချိန်က ခြောက်နာရီထိုးတယ်ဆိုရုံပဲ ရှိသေးတာ။ ခါတိုင်းဆိုရင် သူက ခုနစ်နာရီကျော်မှ ထနေကျလေ။ ပြီးတော့၊ အမယ်တစ်ယောက်တည်း စကားပြောနေတာလား။
နက်ဆန်ရဲ့ပါးစပ်က အနည်းငယ်လှုပ်သွားတဲ့အတွက် ကျွန်မ စိတ်ဝင်စားသွားပြီး သူ့အနားကို ကပ်ကြည့်လိုက်ပါတယ်။ သူ့အရိပ်က ပုံမှန်မဟုတ်စွာနဲ့ သူ့ခန္ဓာကိုယ်ကနေ ရှည်ထွက် နေပြီးတော့ ကျွန်မကို လှမ်းပြီးလက်ပြနေတယ်။ ဒါပေမဲ့ နက်ဆန်ကိုယ်တိုင်ကတော့ လက်တွေခြေတွေလှုပ်မနေဘူး။
“လေ့ကျင့်နေတာလား...” ကျွန်မက သူ့ဘေးကိုသွားပြီး မေးလိုက်တော့ သူက ကျွန်မကို စိတ်ရှုပ်ထွေးနေတဲ့ ပုံစံနဲ့ ပြန်ကြည့်ပြီးတော့ ပြောပါတယ်။
“ကိုယ်တော့ ကိုယ့်အရိပ်ကိုကိုယ် နားမလည်နိုင်တော့ဘူး ဆယ်ဗီ။”
ကျွန်မ သူ့အရိပ်ကိုကြည့်လိုက်တော့ အရိပ်က ကျွန်မကို ဖလိုင်းကစ်ပေးနေတာ မြင်လိုက်ရပြီး သေချင်စိတ် ပေါက်သွားတယ်။ နက်ဆန်လို ရေခဲတုံးလိုကောင်ရဲ့ အရိပ်က သူ့အလိုလိုလှုပ်ရှားနေပြီး လူပွေလူရှုပ်လိုမျိုး ပြုမူနေတာလား။
...
ကျွန်မကိုယ်တိုင် အရပ်ကိုစူးစမ်းလေ့လာပြီးတဲ့နောက် အရိပ်ဟာ ပုံမှန့်မဟုတ်ဘဲ ထူးဆန်းနေတယ်လို့ ယူဆပြီး ပိုအတွေ့အကြုံရှိမယ်လို့ထင်ရတဲ့ နာတာရှာနဲ့ အိုလီရာနာ တို့ကို ဆင့်ခေါ်လိုက်တယ်။
နာတာရှာက အခုမျက်လုံးကို အနက်ရောင်ပဝါနဲ့ စည်းထားတယ်။ အစကတော့ အကြောင်းမဲ့စတိုင်ထုတ် နေတာဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ တကယ်က အဲဒီလိုမဟုတ်ဘူး။ သူ့မျက်လုံးကနေပြီး အတားအဆီးမဲ့ မျက်ရည်တွေစီးကျနေခဲ့လို့ပါ။ အခုလိုမျိုး မျက်နှာကို ပဝါအုပ်ထားမှ နည်းနည်းသက်သာသွားတာ။ သိပ္ပံနည်းကျ ပြောရရင်တော့ မသေခင်မှာငိုနေခဲ့လို့ သေပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က မျက်ရည်ဂရင်းတွေကို ထိန်းချုပ်လို့မရဘဲ ဆက်တိုက်ငိုနေရတော့တာပဲ။
ပဝါက အနက်ရောင်ကြီးဆိုပေမဲ့ နာတာရှာက အဲဒါကို ထွင်းဖောက်ပြီး မြင်နိုင်စွမ်းရှိတဲ့ပုံနဲ့ နက်ဆန်ရဲ့သူ့အလိုလို လှုပ်ရှားနေတဲ့ အရိပ်ကိုစမ်းစစ်ကြည့်တယ်။
“ဒီတော့ နက်ဆန်ရဲ့အရိပ်က အသက်ရှိလာတဲ့သဘောလား။ အရင်က နတ်ဘုရားခန္ဓာတွေ သူတို့သဘောနဲ့သူတို့ လှုပ်ရှားနိုင်တယ်ဆိုတဲ့အကြောင်း ဖတ်ဖူးပေမဲ့ အခုလို သေချာမြင်ရမယ် ထင်မထားခဲ့မိဘူး။”
နောက်တော့ နာတာရှာက နက်ဆန်ကို မော့ကြည့်လိုက်တယ်။ “တခြားထူးခြားချက်တွေကိုရော သိပြီးပြီလား။”
နက်ဆန်က ခေါင်းညိတ်လိုက်ပြီး “အရိပ်မြင်ရကြားရတာ မှန်သမျှ ငါကြားရတယ်။ အရိပ်ကို ငါနဲ့ခွဲပြီး အဝေးကြီးမှာ လှုပ်ရှားခိုင်းလို့ရတယ်။”
ကျွန်မလည်း နားထောင်ကြည့်ရင်းနဲ့ အနာဂတ်မှာ အတော် အသုံးဝင်မယ့်စွမ်းအားမျိုးလို့ တွေးမိလိုက်တယ်။ သူရလာတဲ့ စွမ်းအားအသစ်တွေက တိုက်ခိုက်ရေးစွမ်းအား မဟုတ်ပေမဲ့လို့ အထောက်အပံစွမ်းအားမျိုးပါ။
အိုလီရာနာကတော့ ကျွန်မကိုပဲလှမ်းလှမ်းပြီး မျက်နှာ ပြောင်ပြနေတဲ့ နက်ဆန်ရဲ့အရိပ်ကိုကြည့်ပြီး အခုလိုမျိုး တည့်တိုးပဲ မှတ်ချက်ချတယ်။
“သခင့်အရိပ်က သခင့်ရဲ့မသိစိတ်အတိုင်း လှုပ်ရှားနေတာ ဖြစ်နေမလား။”
“မင်း...” နက်ဆန်က အိုလီရာနာကို မျက်စောင်းထိုးလိုက်ပြီး နေရာကနေ ထွက်သွားတယ်။ ကြည့်ရတာ တော်တော်ကြီး စိတ်ဆိုးနေတဲ့ပုံပါပဲ။
နာတာရှာကတော့ ထွက်ခွာသွားတဲ့ နက်ဆန်ရဲ့ကျောပြင်ကို ကြည့်ရင်းနဲ့ တခစ်ခစ်ရယ်နေတယ်။ နက်ဆန်မှာ ဖုတ်ကောင် အစေခံနှစ်ယောက်ရှိပေမဲ့ နာတာရှာက ပိုပြီးတော့ သက်ဝင် လှုပ်ရှားတယ်လို့ ကျွန်မခံစားရတယ်။ မော်လီက သခင်လိုပဲ ခပ်တည်တည်အေးစက်စက်နဲ့ ခင်ဖို့မကောင်းဘူးရယ်။
“ဒါပေမဲ့ သူဘယ်လိုလုပ်ပြီး စွမ်းအားအသစ်တွေ ရသွားတာပါလိမ့်မယ်။” ကျွန်မက တွေးတောရင်းနဲ့ ပြောလိုက်တော့ နာတာရှာက...
“နတ်တစ်ပိုင်းတွေက သူတို့ကိုယ်သူတို့ဖိအားပေးမိရင် ပိုသန်မာလာတတ်ကြတယ်။ ဥပမာအနေနဲ့ သူတို့မရှုံးချင်တဲ့ တိုက်ပွဲမျိုးကို တိုက်ခိုက်ရတဲ့အခါမျိုးမှာ ပိုပြီးတော့ အစွမ်းထက်လာတတ်တယ်။”
ဒီတော့မှ ကျွန်မလည်း ဘုရားကျောင်းထဲက တိုက်ပွဲကို ပြန်ပြီးတော့ စဥ်းစားကြည့်မိတယ်။ အဲဒီတုန်းက နာတာရှာ ကိုယ်တိုင်လည်း ပိုပြီးတော့ စွမ်းအားကြီးသွားခဲ့တယ် မဟုတ်ပါလား။
“ပြောခါမှ နက်ဆန်က သူ့အရိပ်သူ အနာတရဖြစ်ခံပြီး ရှင့်ကို ကူညီပေးခဲ့တာပဲ။”
နာတာရှာက အလိုလိုပြုံးလိုက်ရင်း “အင်း၊ သူက ငါ့ကို မရှုံးစေချင်ခဲ့တာ။ အဲဒီအတွက် ငါက သူ့အပေါ်မှာ အများကြီး အကြွေးတင်သွားခဲ့ပြီ။”
“ဒါတော့ဒါဆိုပေမဲ့ အစ်မကြီးနာတာရှာက EUOCမှာ အလုပ်လုပ်နေတာ မဟုတ်လား။ ရှင်အခုလိုမျိုး သခင့်နောက်ကို ဆက်လက်နေမယ်ဆိုရင် ရှင့်အလုပ်ကို ဘယ်လိုလုပ်မှာလဲ။”
ကျွန်မက အခုလိုမျိုးပြောလိုက်တော့ နာတာရှာက ပခုံးကို တွန့်ပြလိုက်ပြီး “အေးဂျင့်နာတာရှာက သေပြီးပြီလေ။ ဒီတော့ အလုပ်ထွက်စာတောင် တင်စရာမလိုတော့ဘူး။ အခုအချိန်ကစပြီး ငါက နတ်ဆန်ရဲ့စောင့်ရှောက်သူ အမှောင်အိန်ဂျယ်ပဲ။”
“အဲဒီလိုလည်း ရတာပဲလား။” ကျွန်မတော့ မအံ့ဩဘဲကို မနေနိုင်ဘူး။ နောက်တော့ နာတာရှာက ကျွန်မလက်ကို ဆွဲပြီး
“ဒါနဲ့ဒီနေ့က ငါတို့အိမ်တော်မှာ အမှောင်ကျောင်းတော်က အဖွဲ့ဝင်တွေ လာရောက်စုဝေးမှာနော်။ ဒီအတွက် နင်ဟိုဟိုဒီဒီ လျှောက်သွားနေလို့မဖြစ်ဘူး။”
“ အမှောင်ကျောင်းတော်ကလူတွေလာမယ်။ ဘာလို့လဲ...”
ကျွန်မ နားမလည်နိုင်ဘူး။ နာတာရှာကတော့ အခုလိုမျိုး ရှင်းပြတယ်။ “နက်ဆန်က ဆုံးသွားတဲ့ ဆီနိတ်တာ မာရီယာ နေရာမှာ တစ်စုံတစ်ယောက်ကို အစားထိုးဖို့အတွက် စီစဥ်နေတာ။”
“အဲဒီလို ရလို့လား။” ကျွန်မသိသလောက် အမှောင် ကျောင်းတော်မှာက ဆီနိတ်တာခုနစ်ယောက် ရှိခဲ့တာ။ အခုနှစ်ယောက်ပဲ ရှိတော့တယ်။
“ပုံမှန်ဆိုရင်တော့ ဆီနိတ်တာတွေကို အဲလ်ဒါတွေက ခန့်အပ်ကြတာ။ လောလောဆယ် နက်ဆန်က အဲလ်ဒါ မဟုတ်ဘူး။ ဒီတော့ သူက ဒုတိယနည်းဖြစ်တဲ့ အဖွဲ့ဝင် အားလုံးကို ဆင့်ခေါ်ပြီးတော့ သူထောက်ခံထားတဲ့လူကို မဲပေးခိုင်းမှာ။”
ခဏနေတော့ တကယ်ပဲ အနက်ရောင်ဝတ်ရုံကြီးတွေ ခြုံထားတဲ့ လူတွေအများကြီး မာရီယာရဲ့အိမ်တော်ထဲ ရောက်လာတာ ကျွန်မမြင်တယ်။ အနည်းဆုံး လူတစ်ရာ နီးပါးလောက်ရှိတယ်။ ကျွန်မတို့ အိမ်ထဲဝင်လိုက်တော့ နက်ဆန်က ခန်းမကျယ်ကြီးရဲ့ထိပ်ဆုံးက ပလ္လင်လိုမျိုး ခုံပေါ်မှာ ထိုင်နေပြီ။
နာတာရှာကတော့ ကျွန်မလက်ကိုဆွဲပြီး သူ့ဘေးနားမှာ သွားရပ်နေတယ်။ အဖွဲ့ဝင်တွေကတော့ ခန်းမထဲမှာပဲ မတ်တပ်ရပ်ပြီးတော့ အခြေအနေကို စောင့်ကြည့်နေတယ်။
“အရှင့်သား၊ ဆီနိတ်တာမာရီယာ သေသွားပြီဆိုတာ ဘာသဘောလဲ။ ကျုပ်တို့ သတင်းပေးတွေအဆိုအရ အရှင့်သားရဲ့လူတွေက သတ်လိုက်တာတဲ့။”
ဝတ်ရုံနက်တွေထဲက နည်းနည်းအသက်ကြီးပုံပေါ်တဲ့ လူတစ်ယောက်က ရှေ့ထွက်လာပြီး အော်ဟစ်ပြောဆို ပါတယ်။ ကျန်တဲ့သူတွေကလည်း တစ်ပြိုင်နက်တည်း ဖြေရှင်းချက် တောင်းကြတယ်။
“တိတ်ကြစမ်း....” နက်ဆန်က သူ့လက်ကို မြှောက်လိုက်တယ်။ အမိုက်မှောင်ကြီးတစ်ခုက ခန်းမကျယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားတဲ့အတွက် အားလုံးနှုတ်ဆိတ် ကုန်ကြလေရဲ့။
“ဆီနိတ်တာမာရီယာက ငါကိုယ်တော်ကို လုပ်ကြံဖို့ ကြိုးစားခဲ့လို့ ငါ့ရဲ့ကိုယ်ရံတော်က သတ်လိုက်တာပဲ။”
နက်ဆန်ရဲ့စကားတွေက ဒီလူတွေမငြင်းဆန်နိုင်တဲ့ အမှန်တရားတစ်ခုလိုပဲ။ သူတို့ထဲက လူနည်းစုသာ အဆင့်မြင့် မှော်ပညာရှင်တွေဖြစ်ပြီးတော့ မာစတာဆိုလို့ လက်ချိုးရေနိုင်တဲ့ ပမာဏမှာသာ ရှိပါတယ်။ အများစုက သာမန်ဒေသခံ အဖွဲ့ဝင်တွေဖြစ်ပြီးတော့ မာရီယာရှိတုန်းက ကပ်ဖားလျက်ဖားလုပ်ခဲ့ကြသူတွေပါ။
ဒါပေမဲ့... အခုတော့... အဲလ်ဒါရာထူးကိုရယူဖို့ ကြိုးစားနေတဲ့ သူတို့တော်ဝင်မင်းသားရှေ့မှာ သူတို့တွေဟာ သာမန်နယ်ရုပ် တွေထက်မပိုပါဘူး။
“ကောင်းပြီ၊ သေတဲ့သူက သေပြီးပြီ။ ငါတို့ကျောင်းတော်မှာ ဆီနိတ်တာနှစ်ယောက်ပဲ ရှိတော့တယ်။ ဒီအခြေအနေက အခုလိုမျိုး လွှတ်ထားလို့ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ငါတွေးမိလို့ ဆဲလ်ဆာဘုတ်ကို ငါဆင့်ခေါ်ခဲ့တာပဲ။ ဒီနေ့ ဆီနိတ်တာအသစ်တစ်ယောက်ကို မင်းတို့တင်မြှောက်ရမယ်။”
အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြန်တယ်။ သူတို့ထဲက ဩဇာအနည်းငယ်ရှိပြီး စွမ်းအားကြီးတဲ့ အဖွဲ့ဝင်တချို့က တစ်ယောက်ကိုတစ်ယောက် မလိုတမာမျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။ သူတို့တွေအားလုံးက တင်မြှောက်ခံဖို့ ဝင်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ဘက်တွေလို တစ်ယောက်ကို တစ်ယောက် သဘောထားလိုက်ကြတာပါ။
“စည်းမျဥ်းတွေကတော့ မင်းတို့သိတဲ့အတိုင်းပဲ။ နံပါတ်တစ်၊ အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်ဖြစ်ရမယ်။ နံပါတ်နှစ် မာစတာအဆင့်ကို ရောက်ပြီးတဲ့သူဖြစ်ရမယ်။ နံပါတ်သုံး တော်ဝင်မိသားစုအပေါ် သစ္စာခံသူဖြစ်ရမယ်။ ဒီအချက်နဲ့ ကိုက်ညီသူတွေ ရှေ့ထွက်ခဲ့ကြ။”
လူအုပ်ထဲကနေ မာစတာအဆင့်သုံးယောက်က ရှေ့ကို ထွက်လာကြတယ်။ ကျွန်မဘေးမှာ ရပ်နေတဲ့ အိုလီရာနာက အဲဒီလူတွေကိုကြည့်ရင်း ခေါင်းကိုခါယမ်းလိုက်ကြတယ်။
“မာရီယာနဲ့ယှဥ်ရင် တော်တော်အားနည်းတာပဲ။” လို့ သူက မှတ်ချက်ကြတယ်။ တကယ်ပဲ၊ သူတို့ဆီက မာရီယာနဲ့ ရော့ဝဲလ်တို့မှာရှိတဲ့ ကြီးမားတဲ့ ဖိအားမျိုးရှိမနေတာကို ကျွန်မ သတိထားမိတယ်။ ကြည့်ရတာ ဆီနိတ်တာဆိုတာက မာစတာအဆင့်ဖြစ်နေတိုင်း ယူလို့ရတဲ့ရာထူးမျိုး မဟုတ်ဘူးထင်တယ်။
ဒါပေမဲ့ တစ်ပြိုင်နက်တည်းဆိုသလိုပဲ နာတာရှာက ရှေ့ကို လျှောက်လာပြီး အဲဒီလူသုံးယောက်နဲ့အတူ သွားရပ်နေ လိုက်ပါတယ်။ အဲဒါကြောင့် လူအုပ်ကြီးက ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။ ဝင်ပြိုင်တဲ့အထဲက မာစတာတစ်ယောက်က ဒေါသတကြီးနဲ့ လက်ညိုးထောင်ပြီး ကန့်ကွက်တယ်။
“အရှင့်သား၊ ကျွန်တော်မျိုးမိုက်ကယ် ကန့်ကွက်ပါတယ်။ သမိုင်း အစဥ်အဆက် ဖုတ်ကောင်တစ်ကောင်က ဆီနိတ်တာ အဖြစ် ဝင်ရောက်ရွေးချယ်တယ်လို့ တစ်ခါမှမရှိဖူးပါဘူး။”
နက်ဆန်က မေးကိုထောက်လိုက်ပြီး အဲဒီလူကို ပြန်ကြည့် လိုက်ပါတယ်။ “အို... မင်းက ငါ့ထက် အမှောင်ကျောင်းရဲ့ ဖွဲ့စည်းပုံဥပဒေကို ပိုသိတယ်လို့ ပြောချင်တာလား။ ခုနက ငါပြောလိုက်တဲ့ သုံးချက်ထဲမှာ ဖုတ်ကောင်ဝင်မပြိုင်ရလို့ ပါလို့လား။”
ဒီစကားကြောင့် အဲဒီလူက နင်သွားပြီး နောက်ကိုပြန်ပြီး ဆုတ်လိုက်တယ်။ ဒါပေမဲ့ ကျန်နှစ်ယောက်ကလည်းပဲ သိပ်ပြီး သဘောကျပုံမပေါ်ဘူး။ သူတို့ထဲက တစ်ယောက်က နက်ဆန်ကို တလေးတစားဦးညွှတ်ပြီး...
“အရှင့်သား၊ ကျွန်တော်မျိုးက အရှင့်ကို မလေးစားတာ မဟုတ်ပေမဲ့ ဒီမိန်းကလေးက လေနတ်ဘုရားကျောင်းက ဆင်းသက်လာသူပါ။ အမှောင်ကျောင်းတော်အဖွဲ့ဝင် မဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအချက်နဲ့ ညိစွန်းနေပါတယ်။”
နက်ဆန်က ခေါင်းခါလိုက်တယ်။ “မာစတာမက်ဆီမက်၊ ခင်ဗျားစိုးရိမ်နေတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ ဟောဒီက မစ်နာတာရှာဟာ ကျုပ်ရဲ့ကိုယ်ရံတော်ပါ။ ကိုယ်ရံတော်ပါ ဆိုမှ တခြားကျောင်းတော်ကနေ ဆင်းသက်လာရင်တောင် အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင် ဖြစ်နေပြီပဲမဟုတ်လား။”
မာစတာမက်ဆီမက်က ငြင်းစရာမရှိတဲ့အတွက် နောက်ကို ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ နောက်ဆုံးမာစတာကတော့ ရှေ့ကိုထပ်တက်လာပြန်ပြီး စောဒကတတ်ပြန်တယ်။
“အရှင့်သား၊ မစ်နာတာရှာက အဆင့်မြင့်မှော်ဆရာ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ကြားဖူးတယ်။ ဒါက တတိယအချက်ကို ဆန့်ကျင်သလိုဖြစ်မနေဘူးလား။”
နက်ဆန်က ခေါင်းညိတ်လိုက်ပြီး “မာစတာဩတေဗီယန်၊ ခင်ဗျား သူ့ကို စမ်းသပ် ကြည့်နိုင်တယ်။”လို့ ခွင့်ပြုပေးလိုက်တယ်။ ကျန်တဲ့လူတွေက သူတို့တွေတိုက်ခိုက်ဖို့်တွက် လမ်းဖယ်ပေးလိုက်ကြပါတယ်။
ဩတေဗီယန်က ညငှက်အကောင်တစ်ရာလောက်ကို တစ်ခါတည်းဆင့်ခေါ်ပြီး နာတာရှာကို တိုက်ခိုက်တယ်။ နာတာရှာက မှော်နှင်တံကိုတောင်မထုတ်ဘဲ အတောင်ပံ နှစ်စုံကိုသာ ဆင့်ခေါ်လိုက်ပြီး လေလှိုင်းတွေကိုဖန်တီး ငှက်တွေကို တစ်စစီလုပ်ပစ်တယ်။
ဒါကြောင့် ဩတေဗီယန်ဆိုတဲ့မာစတာရော တခြားလူတွေပါ ထိတ်လန့်ကုန်တယ်။ ဩတေဗီယန်က အားမနည်းပါဘူး။ ဒါပေမဲ့ နာတာရှာပြသလိုက်တဲ့ခွန်အားက သိပ်ကိုကြီးတယ်။
“အံ့ဩစရာကောင်းလိုက်တာ... ပထမတန်းစား မာစတာတစ်ယောက်ပဲ တခြားမာစတာတစ်ယောက်ရဲ့ တိုက်ကွက်ကို ဘာမှမဖြစ်သလိုမျိုး ခုခံနိုင်မှာ။ ဒါကြောင့်လည်း ဆီနိတ်တာမာရီယာက ခင်ဗျားလက်မှာ ရှုံးခဲ့တာကိုး။”
ဩတေဗီယန်က နာတာရှာကို လေးစားတဲ့အနေနဲ့ မှော်နှင်တံကိုပြန်သိမ်းပြီး ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် သူက ဝင်ပြိုင်ဖို့တောင် မစဥ်းစားတော့ဘဲ လူအုပ်ထဲကို ပြန်ဝင်သွားတယ်။
“ကောင်းပြီ၊ အချိန်မလင့်ခင် ကိုယ်စားလှယ်သုံးယောက်ဖို့ မဲပေးကြရအောင်။ မင်းတို့တွေ လူမှန်နေရာမှန်ရအောင် မဲပေးနိုင်ဖို့ မျှော်လင့်ကြပါတယ်။”
နာရီဝက်လောက်ကြာတော့ ဆဲလ်ဆာအဖွဲ့ဝင်အားလုံး မဲပေးပြီးပြီဖြစ်ပြီး နာတာရှာက အပြတ်အသတ်နိုင်သွား ခဲ့တယ်။ တခြားမာစတာနှစ်ယောက်က ကျော်ကြားတယ် ဆိုပေမဲ့ နာတာရှာပြသခဲ့တဲ့ခွန်အားက အဆင့်အတန်း မြင့်မားပါတယ်။ အမှောင်ကျောင်းတော်က မှော်ဆရာ အဖွဲ့အစည်းဖြစ်တဲ့အားလျော်စွာပဲ သန်မာတဲ့ မှော်ဆရာတွေကို လေးစားကြတယ်။
ပြီးတော့... ပြီးတော့ သူတို့မင်းသားကိုယ်တိုင်က ဒီမိန်းကလေးကို အလွန်အမင်းထောက်ခံနေခဲ့တယ် မဟုတ်ပါလား။ အမှောင်ကျောင်းတော်က ဆီးနိတ်နဲ့ လှုပ်ရှားတာဆိုပေမဲ့ ပဒေသရာဇ်တစ်ပိုင်းလည်း ဖြစ်နေသေးတယ်။
...
အားလုံးပြန်သွားကြတဲ့အချိန်မှာတော့ နာတာရှာနဲ့ ကျွန်မတို့ပဲ ခန်းမထဲမှာ ကျန်နေရစ်တော့တယ်။ နက်ဆန်က နာတာရှာကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး...
“ကောင်းပြီ၊ နာတာရှာ။ မင်းက ဆီနိတ်တာမဖြစ်ခင်တည်းက ငါ့ရဲ့တပ်မှူးလို့ပြောလို့ရတဲ့ ကိုယ်ရံတော်တစ်ယောက် ဖြစ်နေပြီးပြီ။ ဒါကြောင့် မင်းကို လိဂါတက် (legatus)အဖြစ် သတ်မှတ်ရမှာပဲ။ ဆီနိတ်တာတပ်မှူးကြီးရာထူးပေါ့။”
နာတာရှာက ဒူးတစ်ဖက်ထောက်လိုက်ပြီး နက်ဆန်ကို ဦးညွှတ်လိုက်တယ်။ “အရှင့်အမိန့်တော်ကို နာခံပါ့မယ်။”
“ပထမဆုံးအနေနဲ့ မင်းထမ်းဆောင်ရမယ့်တာဝန်က စိန့်ပီတာစဘတ်မှာရောက်နေတာ ကြာပြီဖြစ်တဲ့ ဆီနိတ်တာ ဟီရာကလိကို ကွန်စတန်တီ နိုဘယ်မှာ လာရုံးထိုင်ဖို့ အကြောင်းကြားစာပို့စေချင်တာပဲ။ မင်းက မာရီယာနေရာကိုအစားဝင်တာဆိုပေမဲ့ ငါ့ရဲ့ကိုယ်ရံတော်ပဲ။ ငါ့သွားလေရာ မင်းပါနေမှာမလို့ ဒီမြို့ကို တခြားဆီနိတ်တာက စောင့်ကြည့်ရလိမ့်မယ်။”
“နားလည်ပါပြီ။”
နက်ဆန်က နောက်ထပ်ဆီနိတ်တာတစ်ယောက်ကိုပါခေါ်ပြီး သွေးတိုးစမ်းတော့မလိုလား။ ဒီလူက တကယ့်ကို အငြိမ် မနေဖို့ ဆုံးဖြတ်ထားတာပဲ။