ဂိုဏ်းတူအစ်မ ဒီနေ့ အရမ်းလှနေတာပဲ
Vol. 11 Ch. 146
အခန်း (၁၄၆) ဂိုဏ်းတူအစ်မ ဒီနေ့ အရမ်းလှနေတာပဲ
သူနေထိုင်သည့်အဆောက်အဦသို့ ပြန်ရောက်သည်နှင့် ကျန်းလန် အနားယူရန် ဆုံးဖြတ်လိုက်သည်။
သူ့အနေဖြင့် အရင်ဆုံး စိတ်တည်ငြိမ်အောင်ကြိုးစားရန် လိုအပ်သည်။ ပြင်ဆင်မှုများ ပြုလုပ်ရန်ကတော့ သူ့အတွက် (၁) ည အချိန်ရသေးသည်။
ခဏမျှနားပြီးနောက် အဆောက်အဦနောက်ဘက်တွင် နေဆာလှုံရန်ထားရစ်ခဲ့သည့် ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို သွားကြည့်လိုက်သည်။
ရေသဖန်းပင်လေးမှာ အတော်လေးညှိုးနွမ်းနေသည်ကို တွေ့လိုက်ရလေသည်။
"အတော်ညှိုးနေတာပဲ…"
သို့သော် အပင်လေးတွင် အသက်ဓာတ်စွမ်းအားများ ကုန်ဆုံးသွားခြင်း မရှိသေးပေ။
သားရဲဥလေးကတော့ မည်သည့်ပြောင်းလဲမှုမှ မဖြစ်ဘဲ ပုံမှန်အတိုင်း ရှိနေလေသည်။
ကျန်းလန်က ရေသဖန်းပင်လေးနှင့် သားရဲဥလေးအား ဝိညာဉ်ဆေးရည်အချို့ လောင်းချပေးပြီး သူတို့ကို မရဏဂူထဲသို့ ပြန်ယူလာခဲ့သည်။
ပြင်ပတွင် အချိန်ကြာမြင့်စွာထားရစ်ခဲ့မိသောကြောင့် အပင်လေး ညှိုးနွမ်းသွားခြင်းများလားဟု တွေးမိပြီး မရဏဂူထဲသို့ ပြန်ထည့်ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
မရဏဂူတွင် ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များကတော့ ပြောင်းလဲမှုမရှိဘဲ အရင်အတိုင်း တည်ရှိနေဆဲ ဖြစ်သည်။
အစီအရင်က အခြေခံအဆင့်မျှသာ တည်ဆောက်ရသေးသည်။
ပြီးပြည့်စုံခြင်းမရှိသည့် အစီအရင်တစ်ခု ဖြစ်သောကြောင့် ထပ်မံအဆင့်မြှင့်တင်နိုင်သလို ဖယ်ရှားပစ်လိုက်၍လည်း ရလေသည်။
လောလောဆယ်တော့ ကျန်းလန်အတွက် ထိုကိစ္စကို ပြုလုပ်ရန် မဖြစ်နိုင်သေးပေ။
မနက်ဖန် စေ့စပ်ပွဲအတွက် ပြင်ဆင်မှုများကို အရင်ဆုံးပြုလုပ်ရဦးမည် ဖြစ်သည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲ ပြန်ထည့်ထားခဲ့ပြီးနောက် ကျန်းလန် သူနေထိုင်ရာအဆောက်အဦသို့ ပြန်လာခဲ့သည်။
ထို့နောက် မနက်ဖန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကို ဂရုတစိုက် ပြုလုပ်လိုက်သည်။
အားလုံးပြင်ဆင်ပြီးသွားသည့်တိုင် ကျန်းလန် အပြည့်အ၀ စိတ်အေးနိုင်ခြင်း မရှိသေးပေ။ ခါတိုင်းအချိန်များကဲ့သို့ သူ့စိတ်များက တည်ငြိမ်မှု မရှိလှပေ။
အဘယ့်ကြောင့် စိတ်ဂနာမငြိမ်ဖြစ်နေရသည်ကို ကျန်းလန်ကိုယ်တိုင်လည်း နားမလည်နိုင်ပေ။
သူက သာမန်လူသားတစ်ယောက် ဖြစ်နေသောကြောင့်များလား။ သို့တည်းမဟုတ် လက်ထပ်မင်္ဂလာကိစ္စကို သူက သာမန်လူသားတစ်ယောက်ကဲ့သို့ ရှုမြင်နေမိသောကြောင့်များလား။
ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ၏ အကျိုးအမြတ်ကို အသာထား ၊ ဤသည်က သူ့ဘဝတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် စေ့စပ်ပွဲဖြစ်သည်။
နောက်ဆုံးပြုလုပ်သည့် စေ့စပ်ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လုန်ယွိအပေါ် မေတ္တာသက်ဝင်ခြင်း မရှိသောကြောင့်လားမသိ ၊ သူ့ရင်ထဲတွင် ပျော်ရွှင်ခြင်းကိုတော့ မခံစားရပေ။
သို့သော် သူ့ရင်ထဲတွင် လုန်ယွိအပေါ် မေတ္တာသက်ဝင်ခြင်းမရှိသလို မုန်းတီးခြင်းလည်း မဖြစ်မိပေ။
မည်သို့ပင်ဖြစ်စေ မနက်ဖန် စေ့စပ်ပွဲအတွက် စိတ်မသက်မသာ ခံစားနေရသည်ကတော့ အမှန်ပင် ဖြစ်၏။
နောက်ဆုံးတော့ ကျန်းလန် ကျင့်ကြံခြင်းလည်း မပြုလုပ်နိုင်သလို စေ့စပ်ပွဲအကြောင်းကိုလည်း မစဉ်းစားချင်တော့ပေ။
သူ အိမ်ခေါင်မိုးပေါ်သို့တက်လိုက်ပြီး ကြယ်စင်များစုံလင်စွာ တောက်ပနေသည့် ညကောင်းကင်ကြီးကိုသာ ငေးမောကြည့်နေမိလေတော့သည်။
……………
ထိုအချိန်…
လုန်ယွိသည်လည်း ကြယ်များစုံလင်စွာ တောက်ပနေသည့် ကောင်းကင်ကြီးကို ငေးကြည့်နေလေသည်။
ကျောက်စိမ်းရေကန်နံဘေးတွင်ထိုင်ရင်း ကောင်းကင်ထက်မှ အဆုံးမရှိသည့် ကြယ်စင်များကို သူမ မော့ကြည့်နေမိသည်။
သူမရင်ထဲတွင်လည်း ပြောပြ၍မရနိုင်သည့် ခံစားချက်တစ်ခုကို ခံစားနေရသည်။
ပျော်ရွှင်ခြင်းလား…။
မဟုတ်ပေ…။
ဒါဖြင့် ဝမ်းနည်းခြင်းလား…။
ဝမ်းနည်းခြင်းလည်း မဟုတ်ပြန်ပေ။
နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးကို သူမ မုန်းတီးခြင်း မရှိပေ။ ထို့ကြောင့် သူမ ယခုထက်ပိုပြီး အနည်းငယ် ပျော်ရွှင်ချင်မိလေသည်။
သူမဘက်က စေ့စပ်ပွဲကြောင့် ပျော်ရွှင်သည့်ဟန် ရှိနေလျှင် အနည်းဆုံးတော့ ဂိုဏ်းတူမောင်လေး ခံစားရမည့် ဖိအားများလည်း လျော့နည်းသွားနိုင်ပေ၏။
သူမနှင့် ကျန်းလန်၏ လက်ထပ်မင်္ဂလာကိစ္စက ချစ်ကြည်ရေးမဟာမိတ် လက်ထပ်မင်္ဂလာပွဲ ဖြစ်သည်။
သူမအနေဖြင့် ထိုကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူမ အရာရာကိုလက်ခံပြီး ပိုမိုကောင်းမွန်လာအောင် ကြိုးစားရန်သာ စိတ်ကူးထားမိသည်။
အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမှ မသိရှိနိုင်ပေ။
သို့သော် အနာဂတ်တွင်တော့ သူမ ယခုထက် ပိုမိုပျော်ရွှင်သော ဘဝတစ်ခုကိုရရှိရန် ဆန္ဒပြုမိသည်။
ယနေ့ညကတော့ သူမအတွက် အိပ်၍မပျော်သော ညတစ်ညသာ ဖြစ်ရပေတော့မည်။
……………
နောက်တစ်နေ့နံနက်…
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးဆီမှ ခမ်းနားသည့် ခေါင်းလောင်းသံများ စတင်ထွက်ပေါ်လာသည်။
ခွန်လွန်တောင်တွင် အရေးပါသည့် အခမ်းအနားကြီးများ ပြုလုပ်ကျင်းပတိုင်း ထိုသို့သော ခေါင်းလောင်းသံများ ထွက်ပေါ်လာလေ့ ရှိသည်။
ယခု ကျင်းပမည့်အခမ်းအနားကြီးကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ စေ့စပ်မင်္ဂလာပွဲဖြစ်လေရာ ခွန်လွန်တောင်အတွက် အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း တပည့်များအားလုံး သိရှိကြသည်။
သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့် သတို့သားလောင်းကို ယခုအချိန်ထိ မည်သူမှ မသိရှိကြသေးပေ။
ခွန်လွန်တောင်မှ တပည့်များအားလုံးနီးပါး အဓိကခန်းမဆောင်ကြီးတည်ရှိရာသို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။
တပည့်အငယ်များက ခွန်လွန်တောင် ၊ ရင်ပြင်ထက်တွင် နေရာယူကာ မတ်တတ်ရပ်နေကြသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားသည့် တပည့်များကတော့ လေထဲတွင် ထားများကို စီးနှင်ရင်း မတ်တတ်ရပ်နေကြ၏။ အချို့တပည့်များကတော့ ဘူးသီးခြောက်များကို စီးလာကြလေသည်။
ကျင်းထင်ကတော့ သင့်တော်သည့်အမြင့်တစ်နေရာတွင် ဓားကိုစီးနင်းကာ မတ်တတ်ရပ်နေပြီး ခွန်လွန်တောင် အဓိက ခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်နေသည်။
ယနေ့ သူသိချင်သည့်အဖြေကို သိရှိရတော့မည် ဖြစ်သည်။
"ဂိုဏ်းတူညီမလေး… ဒီနေ့ စေ့စပ်ပွဲ ကျင်းပတဲ့နေ့ပဲ… ၊ သတို့သားလောင်းဘယ်သူလဲဆိုတာ ကျွန်မတို့ကို ပြောပြလို့ မရသေးဘူးလား…"
မုရှိုးက လင်စီးယာကို မေးလိုက်ခြင်း ဖြစ်၏။
လင်စီးယာက သူမနံဘေးမှ ကျင်းထင်နှင့် မုရှိုးကို တစ်ချက်ကြည့်လိုက်ရင်း…
"ရှင်တို့ တကယ် သိချင်တာလား…"
ယနေ့ စေ့စပ်ပွဲ ကျင်းပမည့်နေ့ဖြစ်လေရာ သတို့သားလောင်း မည်သူဖြစ်သည်ကို မကြာမီ သိကြရတော့မည် ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် သတို့သားလောင်းကို ပြောပြလိုက်၍လည်း မည်သည့်ပြဿနာမှ မရှိနိုင်တော့ပေ။ သို့သော် ယခုအချိန်ထိ လင်စီးယာက သတို့သားလောင်းကို ပြောမပြသေးဘဲ မူနေဆဲ ဖြစ်၏။
ကျင်းထင်က…
"အခုအချိန်ထိ မင်းက ကျုပ်တို့ကို ပြောမပြချင်သေးဘူးလား…"
နှစ်ပေါင်းများစွာကြာအောင် သတို့သားလောင်း မည်သူဖြစ်ကြောင်းကို လင်စီးယာကို မေးမြန်းခဲ့ကြသော်လည်း သူမက အဖြေမပေးခဲ့ပေ။
ယခုအချိန်ထိလည်း လင်စီးယာက ထုတ်ဖော်ပြောချင်ဟန် မရှိသေးပေ။
မုရှိုးက…
"ကျောက်စိမ်းရေကန်နတ်ဘုရားမက သူလက်ထပ်ရမယ့်သူကို သူကိုယ်တိုင် ရွေးခြယ်ရမှာလား…"
ကျင်းထင်က…
"ဒါမှမဟုတ် ဒီအတိုင်း ကျဘမ်းရွေးခြယ်လိုက်တာလား…"
လင်စီးယာက သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်…
"အဲဒါတွေ တစ်ခုမှမဟုတ်ဘူး…"
သူမက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။
"နဂါးမျိုးနွယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲ မလုပ်ခင်ကတည်းက သတို့သားလောင်းကို တောင်သခင်တွေက ရွေးခြယ်ထားပြီးသားပါ…"
ကျင်းထင်နှင့် မုရှိုး အနည်းငယ် အံ့အားသင့်သွားကြပြီး…
"သတို့သားလောင်းကို အစကတည်းက ရွေးခြယ်ထားတာ … ဟုတ်လား…"
ထိုသို့ဆိုလျှင် တကယ့်အဖြစ်မှန်က ကောလဟလများနှင့် ကွဲလွဲနေလေသည်။
ကျင်းထင်က…
"ဒါဖြင့် ဘယ်သူများလဲ…"
တောင်သခင်များအားလုံး၏ သဘောတူညီချက်ဖြင့် ရွေးခြယ်ခဲ့သည့် သတို့သားလောင်းက မည်သူဖြစ်ပါသနည်း။
လင်စီးယာက…
"ရှင်တို့ မကြာခင် သိရမှာပါ… ၊ ဒါပေမဲ့ သတို့သားလောင်းက သေချာပေါက် ရှင်တို့နဲ့ သိပြီးသားလူတစ်ယောက်ဆိုတာ ကျွန်မအာမခံတယ်…"
လင်စီးယာစကားကြောင့် ကျင်းထင်နှင့် မုရှိုး တုန်လှုပ်သွားကြပြန်သည်။
သူတို့နှင့် သိရှိသည်ဆိုလျှင် ထိုသူက အတော်လေး နာမည်ကြီးသူ ဖြစ်ရပေမည်။
သို့ရာတွင် ခွန်လွန်တောင်တွင် နာမည်ကြီးသူများ တစ်ပုံတစ်ပင်ရှိနေလေရာ မည်သူမှန်း ခန့်မှန်း၍ မရနိုင်ပေ။
သူတို့ကဲ့သို့ပင် အခြားတပည့်များကလည်း ခန့်မှန်းမှုများ ပြုလုပ်နေကြသည်။
တပည့်တစ်ယောက်က…
"မင်းတို့ စဉ်းစားကြည့်စမ်း… သတို့သားလောင်းက အင်မော်တယ်ဖြစ်ပြီးသား ဂိုဏ်းတူအစ်ကိုတစ်ယောက်ယောက်များလား… ၊ ဒါမှမဟုတ် ကျောက်စမ်းရေကန်နတ်ဘုရားမရဲ့ ဂိုဏ်းတူအစ်ကိုဖြစ်တဲ့ တတိယတောင်ထွတ်က တပည့်တစ်ယောက်ယောက်များလား…"
နောက်ထပ်တပည့်တစ်ယောက်က…
"ကျုပ်တို့နဲ့ မျိုးဆက်တစ်ခုတည်းဆင်းသက်လာတဲ့ တပည့်တွေမှာ အရည်အချင်းရှိတဲ့သူတွေ သိပ်မရှိပါဘူးကွာ…"
"မင်း ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ… ပထမတောင်ထွတ်က ကုချီဆိုရင် အရမ်းတော်တဲ့ ပါရမီရှင်တစ်ယောက်လေ… ၊ မင်း သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူးလား…"
"ဒါမှမဟုတ် စေ့စပ်ပွဲအခမ်းအနား စတင်တော့မှ ကျောက်စိမ်းရေကန်နတ်ဘုရားမက သူ့စိတ်တိုင်းကျ သတို့သားလောင်းကို ရွေးခြယ်မှာလား မသိဘူး…"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကျောက်စိမ်းရေကန်နတ်ဘုရားမ ရွေးခြယ်လိုက်တဲ့သူက တေင်သခင်တွေ သဘောမကျတဲ့သူ ဖြစ်နေရင် အခြေအနေတွေ ဆိုးကုန်မှာပေါ့ကွ…"
"သတို့သားလောင်း မင်းဖြစ်မလားဆိုပြီး မျှော်လင့်မနေနဲ့ဟေ့… ၊ ဒါက နဂါးမျိုးနွယ်တွေနဲ့ ခွန်လွန်တောင်ရဲ့ ချစ်ကြည်ရေးလက်ထပ်မင်္ဂလာပွဲနော်… ၊ သတို့သားလောင်းကို တောင်သခင်တွေက သေသေချာချာကို ရွေးခြယ်ထားကြမှာ… ၊ အရည်အချင်း ရှိတာ မရှိတာနဲ့ မဆိုင်ဘူး… ၊ အသင့်တော်ဆုံးလူကို ရွေးခြယ်ထားမှာပဲ…"
"ဒါဖြင့် အသင့်တော်ဆုံး သတို့သားလောင်းက ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ…"
"ဒါတော့ ဘယ်သိမလဲကွ…"
"ဒါဖြင့် မင်းလည်း ဒီကိုလာတာ သတို့သားလောင်းများ မင်းဖြစ်နေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့… ဟုတ်တယ်မလား…"
"………………"
ဟုန်လွမ်ကတော့ ဓားတစ်လက်ထက်တွင် မတ်တတ်ရပ်ရင်း ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်နေလေသည်။
သတို့သားလောင်း မည်သူဖြစ်သည်ကို သူမက သိရှိပြီးသား ဖြစ်သည်။ သို့သော် သတို့သားလောင်းကို သိရသည့်အခါ သူမ အတော်လေး အံ့အားသင့်မိသည်။
သူမအမြင်အရဆိုလျှင် ထိုလူငယ်နှင့် လက်ဆက်ရမည်ဆိုလျှင် လုန်ယွိအတွက် နှမျောစရာကောင်းလွန်သည်ဟု ခံစားရသည်။
နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးက လုန်ယွိထက် အဘက်ဘက်မှ နိမ့်ကျသူ ဖြစ်လေရာ လုန်ယွိနှင့် လုံးဝမတန်ဟု သူမ တွေးမိသည်။
သို့သော် ထိုလူငယ်ကို အသင့်တော်ဆုံးသတို့သားလောင်းအဖြစ် တောင်သခင်များအားလုံးက ရွေးခြယ်ထားခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် "နဝမတောင်ထွတ်၏ဆက်ခံသူတပည့်" ဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
………………
မော့ကျန်းသုန့် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီး ရှိရာသို့ ရောက်ရှိလာသည်။
ကျန်းလန်ကလည်း ဆရာဖြစ်သူ၏နောက်မှ လိုက်ပါလာသည်။
သူတို့က ခန်းမဆောင် အနောက်ဘက်ရှိ ကောင်းကင်ထက်တွင် မတ်တတ်ရပ်လိုက်ကြသည်။
"လူတွေမှ အများကြီးပဲ… ၊ ခွန်လွန်တောင်က တပည့်တွေအားလုံးနီးပါး ရောက်လာကြတာပဲ… ၊ ပြီးတော့ အကြီးအကဲတွေရောပဲ…"
ကျန်းလန် တွေးရင်းဖြင့် သက်ပြင်းတစ်ချက် ကြိတ်ပြီးချလိုက်သည်။
ဤမျှ ဧည့်ပရိတ်သတ်များပြားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ခွန်လွန်တောင် ၊ ရင်ပြင်ထက်တွင် အလွန်လှပသေသပ်သည့် ကျောက်စာတိုင်တစ်ခု စိုက်ထူထားသည်ကို ကျန်းလန်တွေ့မြင်ရသည်။
ထိုကျောက်စာတိုင်က ဘာအတွက်စိုက်ထူထားမှန်း မသိရှိရပေ။
မကြာမီ…
ခွန်လွန်တောင်အနောက်ဘက်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး ခန်းမဆောင်အနောက်ဘက်တွင် ရပ်တန့်သွားသည်။
ထို့နောက် တိမ်တိုက်တစ်ခုထက်တွင် တတိယတောင်ထွတ်၏တောင်သခင်မ ကျူးချင်း ပေါ်လာလေ၏။
ကျူးချင်၏ နံဘေးတွင်တော့ လုန်ယွိ ရှိနေလေသည်။
ယနေ့တွင်လည်း လုန်ယွိက အဖြူရောင်နှင့် အပြာရောင် ရောစပ်ထားသည့် ဝတ်စုံကိုသာ ဝတ်ဆင်ထားလေသည်။
သူမ၏ နှုတ်ခမ်းများက နီထွေးလျှက် ရှည်လျားနက်မှောင်သည့် ဆံနွယ်များက လေထဲတွင် လွင့်ပျံလို့နေသည်။
သူမ၏ ပုံစံကတော့ အရင်ကအတိုင်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။
ကျောက်စိမ်းရေကန်နတ်ဘုရားမ ရောက်ရှိလာသည်နှင့် သူမ၏ တည်ငြိမ်မှုနှင့်အလှတရားက အားလုံး၏ စိတ်အာရုံကို ဆွဲဆောင်လိုက်လေသည်။
"ဂိုဏ်းတူအစ်မ ဒီနေ့ အရမ်းလှနေတာပဲ… ၊ အရင်ကအတိုင်းဆိုပေမယ့် အရင်ကထက်ကို ပိုလှနေသလိုပဲ…"
လင်စီးယာက လုန်ယွိ၏အလှကို ငေးကြည့်ရင်း အံ့သြမှင်တက်စွာဖြင့် ပြောလိုက်သည်။
လုန်ယွိက အမှန်တကယ်ပင် ချောမောလှပသည့် အလှဧကရီတစ်ပါး ဖြစ်သည်။
သူမဘေးနားတွင်ရှိနေသည့် ဆရာဖြစ်သူ "ကျူးချင်" သာ အနည်းငယ် အရုပ်ဆိုးသူဖြစ်မည်ဆိုလျှင် လုန်ယွိ၏အလှက ပို၍ပင်တောက်ပနေပေလိမ့်မည်။
"ဂိုဏ်းတူညီမလေးလုန်ယွိ… ညက ကောင်းကောင်းမအိပ်ဘူးလား မသိဘူး … ၊ သူ့မျက်လုံးတွေက နီရဲနေတာပဲ…"
ထိုသို့ မှတ်ချက်ပြုလိုက်သူကတော့ မုရှိုးပင် ဖြစ်လေ၏။