အခန်း (၁၀၄)
Vol. 8 Ch. 104
ဒင် ဒင် ဒင်
တည်နေရာတစ်ခုလုံးတွင် ကျယ်လောင်လွန်းလှသော ခေါင်းလောင်းသံကြီးသည် ပျံ့နှံ့သွားခဲ့၏။ ထိုအရာသည် အဓိကတောင်ထွတ်ပေါ်မှ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ သိပ်မကြာခင်မှာပဲ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် အဓိကဟောခန်းထဲသို့ ရောက်ရှိလာခဲ့ကြ၏။
ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ၏ အကြီးအကဲ ရှစ်ယောက်လုံးသည် ထိုတည်နေရာသို့ ရောက်ရှိလာ၏။ အလွန်အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာများသည် အချိန်မရွေး ပေါက်ကွဲတော့မည် မီးတောင်များကဲ့သို့ ဖြစ်တည်လျက် ရှိနေသည်။
အရှေ့ဆုံး တည်နေရာတွင်တော့ ကြက်သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ရှိနေ၏။ ၎င်း၏ မျက်လုံးများ ဖွင့်လိုက်သည့်အချိန်၌ အနီရောင်အလင်းတန်းများပါ ထွက်ပေါ်လျက် ရှိနေ၏။ အလွန် အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် ဒေါသ တရားများသည် အရှိန်တငြီးငြီးနှင့် ဖြစ်တည်နေ၏။ အလွန်အားကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်မှန်း သိသာလွန်းလှ၏။ သူတော်စင်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးနှင့်သည့် လူတစ်ယောက် လည်း ဖြစ်ပုံပေါ်၏။
“ဂျူနီယာညီလေးတို့... နတ်အရှင် သေဆုံးခြင်းကို မင်းတို့ အစောကြီးကတည်းက သိပြီး ဖြစ်လိမ့်မယ်” ကြက်သွေးရောင်ဝတ်စုံနှင့် အကြီးအကဲသည် အရင်ဆုံးစကား ပြောဆိုလိုက်သည်။
ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ၏ အကြီးအကဲကြီး ဖြစ်သည်နှင့်အညီ နတ်အရှင် မရှိသည့်အချိန်တွင် သူသည် အမြင့်မားဆုံးသော အခွင့်အာဏာကို ပိုင်ဆိုင်၏။ ထို့ကြောင့် အားလုံးသော သူတို့သည် သူ့ကို မေးခွန်းထုတ်၍ မရနိုင်ချေ။
“စီနီယာအစ်ကို... နတ်အရှင် သေဆုံးသွားတဲ့ ကိစ္စက ကြက်သွေးရောင်မီးတောက် နတ်နယ်မြေအနေနဲ့ လွယ်လွယ်ကူကူ လက်လွှတ်ပေးထားလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ ၎င်းတို့၏ နတ်အရှင်သေဆုံးခြင်းဆိုသည်မှာ ၎င်းတို့၏ မျက်နှာကို ပိတ်ရိုက် လိုက်သည်နှင့် ဆင်တူ၏။
အတိတ်တုန်းက လူငယ်ပါရမီရှင်များသည် သတ်ဖြတ်ခံရခြင်းဆိုသည်မှာ ပုံမှန်သာဖြစ်၏။ သို့ပေမဲ့ နတ်နယ်မြေ တစ်ခု၏ နတ်အရှင်သေဆုံးခြင်းဆိုသည်မှာတော့ နှစ်သန်းပေါင်းများစွာ ကြာမြင့်သည် ဆိုလျှင်တောင်မှ ဖြစ်ပွားလေ့ ဖြစ်ပွားထ မရှိသည့် အရာမျိုးဖြစ်သည်။
ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့် နတ်အရှင် တစ်ယောက်ကို သတ်ဖြတ်ခြင်း - ထိုအရာသည် အလုံးစုံ မတူညီသည့် ကိစ္စရပ်တစ်ခုသာလျှင် ဖြစ်တော့၏။ ၎င်းတို့ နတ်နယ်မြေအနေနှင့် သေဆုံးသည်အထိ လိုက်လံကာ လက်စားချေရန် သဲလွန်စများကို လိုက်လံရှာဖွေရ ပေလိမ့်မည်။
ပြောနေစရာပင် မလိုချေ။ ၎င်းတို့ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေသည် နတ်အရှင်ကို ဆုံးရှုံးရသည် သာမက နတ်သားတော်ကိုလည်း ဆုံးရှုံးခဲ့ရ၏။ နတ်နယ်မြေ၏ လူငယ်မျိုးဆက်များထဲတွင် နတ်သားတော်သည် တကယ်ပင် သာမန်ထက်ပိုကာ ထူးခြားသည့် ပါရမီကို ပိုင်ဆိုင်သူ တစ်ယောက်လည်း ဖြစ်၏။ ရုတ်တရက် သေဆုံးသွားခဲ့သည်ဆိုခြင်းမှာ မည်သူမှ သည်းခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
“အတိအကျပဲ”
သတ်လတ်ပိုင်းလူ ပြောပြောပြီးချင်းမှာပဲ တခြားသော လူနှစ်ယောက်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ လူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် ဒေါသရိပ်၊ ဒေါသယောင်များ ပေါ်ပေါက်လာကြ၏။
ကြက်သွေးရောင်မီးတောက် နတ်နယ်မြေသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သိုသိုသိပ်သပ်နှင့် နေထိုင်ခဲ့သည်မှာ အားနည်းသည်ဆိုသော အဓိပ္ပာယ် မဟုတ်ချေ။ ၎င်းတို့သာ အင်ပြည့်အားပြည့်နှင့် ထုတ်ဖော်ပြီး တိုက်ခိုက်မည်ဆိုပါက ဤလောကတွင် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အားအင်အဆင့်ဆိုသည်မှာ များများစားစား မရှိလှချေ။ လက်ချိုးရေ၍ပင် ရလောက်သည်။
“ကြက်သွေးရောင်မီးတောက် နတ်နယ်မြေက ဒီကိစ္စကို လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရေးအကြီးဆုံးကိစ္စက ဘယ်သူလုပ်ခဲ့တယ်ဆိုတာ ရှာဖို့ပဲ” အကြီးအကဲကြီးက ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်အတွင်းမှာ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေက ဘယ်အင်အားစုနဲ့မှ ပဋိပက္ခ မဖြစ်ပွားခဲ့ဘူး” အကြီးအကဲတစ်ယောက်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“ဒီနောက်ကွယ်မှာ ဘယ်သူတွေ လုပ်တာလည်းတော့ မသိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးရက်တုန်းက နတ်အရှင်နဲ့ နတ်သားတော်က တော်ဝင်သဲကန္တာရမြို့ဆိုတဲ့ တည်နေရာကို သွားတာတော့ မြင်ခဲ့တယ်တဲ့” အခြားသော အကြီးအကဲ တစ်ယောက်သည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း တိကျ သေချာစွာ ပြောလိုက်၏။
“တော်ဝင်သဲကန္တာရမြို့ ဟုတ်လား” ရှိနေကြသော သူအားလုံးတို့၏ အမူအရာသည် ပြောင်းလဲသွားကြသည်။
အတိတ်တုန်းက တော်ဝင်သဲကန္တာရမြို့ဆိုသည့် စကားကို ပြောဆိုမည်ဆိုလျှင် အကြီးအကဲများ အားလုံးသည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ထိုမြို့လေးသည် သေးငယ်လွန်းလှပြီး အားလုံးသောသူတို့ လျစ်လျှူရှုထားသည့်အရာပင် ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေါ်ပေါက်လာပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့သည့် တကယ်ပင် ဆန်းကြယ်လွန်းသည့်အော်ရာများ ထွက်ပေါ်နေပြီး ထိုနန်းဆောင်၏ သတင်းသည် အားလုံးတို့၏ နားထဲသို့ ရောက်ရှိနေသည့် အံ့အားသင့်ဖွယ်ရာ သတင်းအချက် အလက်တစ်ခုလည်း ဖြစ်လို့နေသည်။
ဂိုဏ်းတော်တော်များများတို့သည် ၎င်းတို့၏ လူပေါင်းများစွာတို့ကို စေလွှတ်ကာဖြင့် တော်ဝင်သဲကန္တာရမြို့၏ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် လျှို့ဝှက်ချက်များကို ရှာဖွေရန်၊ စနည်းနာရန် ကြိုးစားခဲ့ကြသည်။ တော်တော်များများသည် သတင်းအချက်အလက်များကို ဝယ်ယူရန် စိတ်ပါဝင်စားလျက်ရှိနေကြ၏။
၎င်းတို့၏ နတ်အရှင်အနေနှင့် တော်ဝင်သဲကန္တာရမြို့ဆီသို့ သွားရောက်သည့် ရည်ရွယ်ချက်သည် ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ခြင်း ဖြစ်ပေလိမ့်မည်။
“လွန်ခဲ့တဲ့ငါးရက်”
အကြီးအကဲကြီးသည် သေသေချာချာ တွေးတောစဉ်းစားလျက် ရှိနေ၏။ ကြက်သွေးရောင် မီးတောက် နတ်နယ်မြေဆိုသည်မှာ တော်ဝင်သဲကန္တာရမြို့နှင့် ဝေးကွာလှသည် မဟုတ်ချေ။ ငါးရက်အတွင်း မြို့တစ်ခုခုကို လွယ်လွယ်ကူကူနှင့် ရောက်ရှိသွားနိုင်၏။ တွက်ချက်မှုအရဆိုလျှင် ၎င်းတို့၏ နတ်အရှင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်နားသို့ပင် ရောက်ရှိကောင်း ရောက်ရှိနိုင်ပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင် ဝင်ရောက်လှုပ်ရှားခဲ့သည် ဆိုသော တွက်ဆမှုမျိုးသည် အကြီးအကဲကြီး၏ အတွေးထဲသို့ ဝင်ရောက်လာခဲ့၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူသည် ထိုအတွေး ဖယ်ရှားခဲ့၏။ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့၏ နတ်အရှင်ကို သတ်ပစ်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။
ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည်မှာ စီးပွားရေးအတွက် တည်ဆောက်ထားသည့် အရာဖြစ်၏။ နတ်အရှင်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ ကျိန်းသေပေါက် ပြဿနာများပေလိမ့်မည်။ နန်းဆောင်သခင်အတွက် မည်သည့် အကျိုးကျေးဇူးမှ မရှိချေ။
အဓိကဟောခန်းကြီး အတွင်းမှာတော့ အခြေအနေသည် လိပ်ခဲတည်းလည်း ဖြစ်လျက်ရှိသည်။
ထိုအချိန်မှာပဲ အကြီးအကဲကြီး သည် ရုတ်တရက် ထကာ ပြောဆိုလိုက်၏။ “တော်ဝင်သဲကန္တာရမြို့ထဲမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုပဲ ရှိတယ်။ ကျုပ် မပြောဘူးဆိုရင်တောင်မှ ဂိုဏ်းတူညီအစ်ကိုတို့အနေနဲ့ နတ်အရှင်ရဲ့ ရည်ရွယ်ချက်ကို သိမယ်လို့ ထင်တယ်”
“နတ်အရှင်က သူတော်စင်အဆင့်ကို ရောက်ရှိလုနီးပါး ဖြစ်နေပြီလေ။ တွက်ချက်မှုအရဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားတာဖြစ်မယ်” စီနီယာအကြီးအကဲတစ်ယောက်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
ရမ်ချင်းတုနှင့် ယန်ရှိုတို့ သူတော်စင်ဖြစ်သွားခဲ့သည်ကို နှိုင်းယှဉ်ရမည်ဆိုလျှင် သူတို့၏ နတ်အရှင်အနေနှင့် ထိုသူများ၏ နောက်သို့ အမှီလိုက်ရန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားသည်ဆိုခြင်းမှာ တကယ်ပင် ဖြစ်နိုင်လောက်သည့် အရာဖြစ်၏။
“ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံရာကနေ မထွက်သေးဘူး။ အခု ကျုပ်တို့လိုအပ်တာက ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကို သွားပြီး သတင်းစုံစမ်းဖို့ပဲ။ ခင်ဗျားတို့ထဲက ဘယ်သူ ဒီခရီးကို သွားချင်လဲ။” အကြီးအကဲကြီး သည် ထပ်မံကာ မေးမြန်းလိုက်သည်။
“ဒါက” အကြီးအကဲကြီး၏ စကား ထွက်ပေါ်လာပြီးသည့်နောက် အားလုံးသည် တွေဝေငေးငိုင်သွား၏။
နတ်အရှင် သေဆုံးသွားခြင်းဆိုသည်မှာ ကြီးမားသည့် ကိစ္စရပ်ကြီးဖြစ်၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အနီးအနားတွင် သေဆုံးခဲ့ခြင်းဖြစ်၏။ အန္တရာယ် မည်မျှရှိသနည်းဆိုသည်ကို မည်သူမှ မသိနိုင်ချေ။
တစ်စုံတစ်ယောက်သည် နတ်အရှင်ကို သတ်ဖြတ်ခဲ့သည်ဆိုပါက အကြီးအကဲများကိုလည်း သတ်ဖြတ်ပစ်မှာ သေချာ၏။ ဘိုးဘေးအကြီးအကဲကြီး ကိုယ်တိုင် သွားမှသာလျှင် စိတ်ချရပေလိမ့်မည်။ သို့ပေမဲ့ ဘိုးဘေး အကြီးအကဲကြီးသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာမလာသေးချေ။ ထို့ကြောင့် တာဝန်သည် ၎င်းတို့ထဲမှ တစ်ယောက်ဆီသို့ ကျရောက်လာတော့သည်။
“ကျုပ်သွားမယ်” လူငယ်တစ်ယောက်က ပြောလိုက်၏။ ၎င်းသည် အသက်နှစ်ဆယ်နီးပါးခန့် ပုံစံမျိုးဖြစ်၏။ သို့ပေမဲ့ သူ၏ မျက်လုံးများသည် ထူးခြားလျက်ရှိသည်။ အချိန်မြစ်ရေစီးကြောင်းတွင် အတွေ့အကြုံများ ရရှိခဲ့သည့်ပုံပင်။
“ကျေးဇူးပါပဲ တတိယဂိုဏ်းတူညီငယ်လေး.... သေချာဂရုစိုက်ပါ” အကြီးအကဲကြီးသည် လှမ်းကာ သတိပေး ပြောဆိုလိုက်၏။ လက်ရှိအခြေအနေမှာတော့ နတ်အရှင်ကို သတ်ဖြတ်သည့်လူသည် အနီးအနားတွင် ရှိကောင်း ရှိနိုင်၏။ တတိယဂိုဏ်းတူညီလေး၏ ကံကြမ္မာကို ကြိုတင်ကာ ခန့်မှန်း၍ မရနိုင်ချေ။
“ကျုပ်နားလည်ပါပြီ” လူငယ်သည် တစ်ခါတည်း ထွက်ခွာသွားခဲ့၏။
၎င်း ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့် နောက် အကြီးအကဲကြီးသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ “ဂိုဏ်းတူညီလေးတို့.. ကျေးဇူးပြုပြီး ဘိုးဘေးအကြီးအကဲကြီးကို တံခါးပိတ် ကျင့်ကြံရာကနေ ဖိတ်ခေါ်ဖို့အတွက် ကျုပ်နဲ့အတူ တောင်အနောက်ကို လိုက်ခဲ့ကြ”
ဤတစ်ကြိမ်မှာတော့ နတ်အရှင်ကို မည်သူ သတ်ဖြတ်ခဲ့သည်မဆို ကိစ္စမရှိချေ။ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေအနေနှင့် ကျိန်းသေပေါက် အမှန်တရားကို ရှာဖွေရပေလိမ့်မည်။
.........