← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းထဲတွင် တံခါးပိတ် ကျင့်ကြံလျက်ရှိသည့် ရှေးဘိုးဘေးကြီး ထွက်ပေါ်လာစဉ်မှာပဲ ရောင်စဉ်အလင်းနတ်နယ်မြေတွင်တော့ အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ချိုးဖြတ်ကာဖြင့် အမြန်ဆုံးနှုန်းဖြင့် အစီအရင်ကြီး ရှေ့ဆီသို့ ရောက်ရှိလာ၏။ ၎င်းသည် ရောင်စဉ်အလင်း နတ်နယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။

“တပည့်တို့... နတ်အရှင်ကို နှုတ်ဆက်ပါတယ်”

အတွင်းစည်းတစ်ပည့်နှစ်ယောက်သည် အလင်းတန်းတစ်ခုကို မြင်ရသည့်အချိန်မှာတော့ လျင်လျင်မြန်မြန်ပဲ ဒူးထောက်ကာ ဂါရဝပြုလိုက်၏။

“အင်း”

ရောင်စဉ်အလင်းနတ်အရှင်သည် ခန္ဓာကိုယ်တစ်ခုလုံး နတ်ဘုရားအလင်းတန်းများနှင့် ထွန်းတောက်လျက် ရှိနေ၏။ ၎င်း၏ အမူအရာကို မြင်တွေ့ရန် ဆိုသည်မှာ ခက်ခဲလွန်းလှချေ၏။ ၎င်းသည် အသာခေါင်းညိတ် ပြီးသည့်နောက် နတ်အရှင်နေထိုင်ရာ အဓိကဟောခန်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။

“ထူးဆန်းလိုက်တာ”

နတ်အရှင် ထွက်ခွာသွားသည်ကို မြင်ရပြီးသည့်နောက် အတွင်းစည်းတပည့်သည် ဦးခေါင်းကို ပွတ်ကာ တီးတိုးပြောလိုက်၏။ “နတ်အရှင် အပြင်ကို ထွက်တယ်ဆိုတာ မြင်လေ့မြင်ထ မရှိဘူး။ ဘယ်လို ဖြစ်ပြီးတော့ အပြင်ကနေ ပြန်လာရတာလဲ”

“ဘာကြောင့်လဲ”

တပည့်တစ်ယောက်က စနောက်လိုက်သည်။ “နတ်အရှင် အပြင်ကို ထွက်တဲ့အချိန်မှာ မင်းကို သတင်းပေးဖို့ လိုအပ်သေးလို့လား။ နတ်အရှင်အနေနဲ့ ဖန်းနီရှန်နဲ့ ပတ်သက်တဲ့ သတင်းကို သွားပြီးစုံစမ်းတာလည်း ဖြစ်နိုင်တယ်လေ”

“အင်း”

တခြားသော တပည့်တစ်ယောက်သည် သဘောတူသလို ခေါင်းညိတ်လိုက်၏။ “ဒါဖြစ်နိုင်တယ်”

နတ်အရှင်၏ အဓိကဟောခန်းထဲမှာတော့ .....

ရောင်စဉ်အလင်းနတ်အရှင်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင် လာခဲ့၏။ တခြားဘယ်သူမှ မရှိသည်ကို အတည်ပြုပြီးသည့်နောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ရုတ်တရက် တုန်ယင်သွားခဲ့၏။ ပြီးနောက် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ ၎င်း၏အော်ရာများသည် သိသိသာသာ လျော့နည်းသွားခဲ့သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းတာပဲ”

သူသည် တုန်ယင် နေသည့်အသံဖြင့် ပြောဆိုလိုက်၏။ နတ်ဘုရားကပ်ဘေး အပြစ်ဒဏ် ကျဆင်းလာခဲ့သည့် အချိန်ကို ပြန်လည်စဉ်းစားပြီးနောက် ကြက်သီးမွှေးညှင်းများပင် ထလာမိသည်။ သူသာ မြန်မြန်ဆန်ဆန် မပြေးနိုင်ဘူးဆိုပါက သူ၏ ကံကြမ္မာသည် မိုဟမ်ကဲ့သို့ပင် ဆိုးရွားသည့် အခြေအနေဆီသို့ပင် ရောက်ရှိသွားပေလိမ့်မည်။

“အနည်းဆုံး သူက ကွာစီအင်ပါယာတစ်ယောက် ဖြစ်ရမယ်”

ရောင်စဉ်အလင်းနတ်အရှင်က တွေးတောလိုက်သည်။ သူ၏ နှလုံးသားထဲတွင်တော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် ကွာစီအင်ပါယာတစ်ယောက် ဖြစ်မည်ဆိုသော ယုံကြည်ချက် ပိုမိုကာ တိုးပွားလာခဲ့သည်။

လက်ရှိလောကကြီး၌ တော်ဝင်အင်ပါယာများ ထွက်ပေါ်လေ့၊ ထွက်ပေါ်ထ မရှိသည်ဆိုသော်လည်း အသက်ရှင်လျက် ရှိနေသည့် တော်ဝင်အင်ပါယာများ တည်ရှိနေကြောင်းကိုတော့ အားလုံးက ယုံကြည် လက်ခံထားကြ၏။ ထို့အပြင် သူတော်စင်များသည် နှစ်ပေါင်းတစ်သောင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိကြသောကြောင့် တော်ဝင်အင်ပါယာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှအောင်ပင် နှစ်ပေါင်းသန်းချီ အသက်ရှင်နေထိုင်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

၎င်းတို့သည်သာ သက်တမ်းကို ပိုမို ချဲ့ထွင်နိုင်သည့် နည်းလမ်းကိုသာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုပါက နှစ်နှစ်သန်း၊ သုံးသန်းလောက် အသက်ရှင် ရပ်တည်နိုင်ဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ခဲ့ချေ။ ထို့ကြောင့် နန်းဆောင်သခင် သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ဟု သူတကယ် ခံစားမိနေခြင်းပင်ဖြစ်၏။

ထို့ကြောင့်ပင်လျှင် ကောင်းကင်နတ်ဆိုးနန်းတော်ဆီသို့ မပြန်ခဲ့ခြင်းပင်။ ကောင်းကင်နတ်ဆိုးနန်းတော်ဆီသို့ ပြန်သွားလိုက်သည်ဆိုပါက သူမည်သူ ဖြစ်သည်ဆိုခြင်းကို ထုတ်ဖော်ပြသ လိုက်သည်နှင့် ဆင်တူနေပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးနန်းတော်၏ ကွာစီအင်ပါယာအဆင့် အစီအရင်သည် နန်းဆောင်သခင်၏ နတ်ဘုရားကပ်ဘေ အပြစ်ဒဏ်ကြီးကို ကြံ့ကြံ့ခံ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။

ရောင်စဉ်အလင်းနယ်နယ်မြေတွင်တော့ အင်ပါရီယာလက်နက်တစ်ခု တည်ရှိလို့နေပြီး အင်ပါယာအဆင့် အကာအကွယ် အစီအရင်ကလည်း တည်ရှိလို့နေ၏။ ထို့ကြောင့် သူ့အနေနှင့် အသက်ရှင်ရန် အခွင့်အလမ်း ပိုမိုကာ များပေလိမ့်မည်။

ထို့ပြင် နန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်းရှိသည် ဖြစ်သောကြောင့် သူ မည်ကဲ့သို့ ထွက်ပြေးမည်ဆိုသည်ကို လွယ်လွယ်ကူကူ အဖြေရှာနိုင်စွမ်း ရှိပေလိမ့်မည်။

သေသေချာချာ တွေးတောပြီးသည့်နောက် ရောင်စဉ်အလင်းနတ်အရှင်သည် လက်ရှိတည်နေရာဆီသို့ ပြန်လာ သည်မှာ အကောင်းမွန်ဆုံးသော အခြေအနေ ဖြစ်သည်ဟု ခံစားလိုက်မိ၏။ အင်ပါရီယာလက်နက်၊ ကွာစီ အင်ပါယာနှင့် အင်ပါရီယာအဆင့် အစီအရင်များ တည်ရှိနေခြင်းသည် သူ့အတွက် လုံခြုံမှုကို ပိုမို ခံစားရစေသည်။

သူ မည်သူဖြစ်သည်ဆိုသည်ကိုသာ ကောင်းကောင်း ဖုံးကွယ်ထားနိုင်သည် ဆိုပါက ကျိန်းသေပေါက် တည်ငြိမ်သည့် အခြေအနေကို ပြန်လည်ကာ ဖန်တီးနိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ပြဿနာသည် သူမည်သူဖြစ်သည် ပေါ်ပေါက်သွားမည် ဆိုလျှင်ကော။ နန်းဆောင်သခင် အနေနှင့် သူ မည်သူဖြစ်သည်ကို တွက်ချက်နိုင်စွမ်း ရှိနေလိမ့်မည်ဟု သူက မယုံကြည်နိုင်ပေ။

“ထားလိုက်ပါတော့။ ငါဘယ်သူလဲဆိုတာ မပေါ်သေးဘူးလေ။ အရင်ဆုံး ဒဏ်ရာတွေ ပြန်ကောင်းအောင် အားမွေးရမယ်။ ပြန်ကောင်းပြီးသွားရင် ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို ပြန်ပြီး စဉ်းစားရမယ်” ရောင်စဉ် အလင်းနတ်အရှင်က တီးတိုးရေရွတ်လိုက်၏။

ရောင်စဉ်အလင်းနတ်နယ်မြေသည် အင်ပါရီယာကျမ်းစာများကို သွားရောက်ဖတ်ရှုနိုင်ရန်အတွက် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့၏။ နည်းစနစ်များသည် ကျင့်ကြံခြင်းအတွက် တစ်ခုချင်းစီ ခွဲခြမ်းကာ ပေးအပ်သည့်အရာမျိုးဖြစ်၏။ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်နိုင်စွမ်း မရှိသေးဘဲနှင့် အင်ပါရီယာ ကျမ်းစာများကို သွားရောက်ဖတ်ရှုဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

မူလအားဖြင့် သူ၏ အစီအစဉ်သည် ကွာစီအင်ပါယာဖြစ်အောင် အရင်ဆုံး ပြုလုပ်မည်။ ပြီးသည့်နောက် အခွင့်အရေးကို အရယူပြီး ရောင်စဉ်အလင်းနတ်နယ်မြေ၏ အင်ပါရီယာလက်နက်ကို သိမ်းဆည်းမည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏ မျှော်လင့်ချက်သည် ဝေဝေဝါးဝါး ဖြစ်လို့လာခဲ့၏။ သူ၌ အချိန်သိပ်မရှိလှ တော့ချေ။

သူ့အနေနှင့် ကျင့်ကြံရမည့်အရာများကို ဆက်လက်ကာ ကျင့်ကြံပြီး ဒဏ်ရာများကိုလည်း ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ရမည်။ ပြီးလျှင် သူ့အတွက် လွတ်မြောက်နိုင်မည့် လမ်းစဉ်တစ်ခုကိုလည်း ကြိုတင်ကာ ရွေးချယ်ထားရန် လိုအပ်သေး၏။ နန်းဆောင်သခင်သည်သာ သူ့နောက်သို့ လိုက်ပါလာသည်ဆိုပါက သူသည် ချက်ချင်းထွက်ခွာနိုင်ရန်အတွက် ကြိုတင်ကာ စဉ်းစားရပေမည်။

ဒဏ်ရာများ ပြန်လည်ကုသရန် လျှို့ဝှက်အခန်းဆီသို့ လှမ်းလျှောက်လျက် ရှိနေတုန်းမှာပဲ ရောင်စဉ်အလင်း နတ်နယ်မြေတစ်ခုလုံး တုန်ခါသွားပြီး ကျယ်လောင်သည့် အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ ရောင်စဉ်အလင်း နတ်နယ်မြေ၏ အပြင်ဘက်တွင် ရှေးကျသည့် အသံကြီးက ထွက်ပေါ်လာခဲ့၏။

“ရောင်စဉ်အလင်းနတ်အရှင်... ကျေးဇူးပြုပြီး ထွက်ခဲ့ပါအုံး”

“အမ်”

အသံကို ကြားရသည့်အချိန်မှာတော့ ရောင်စဉ်အလင်းနတ်အရှင်၏ နှလုံးသားတစ်ခုလုံးသည် တင်းကျပ်သွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် ရုတ်တရက် ရောက်ရှိလာခဲ့လေသည်လား။ ဤမျှ မြန်ဆန်လွန်းလှနေသည်လား။ သူ၏စိတ်တစ်ခုလုံးသည် ရုတ်တရက် လေးလံသွားခဲ့တော့၏။ ပြီးသည့်နောက် သူသည် ဟောခန်း၏ အပြင်ဘက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။

အပြင်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အနီရောင်ဆံပင်နှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ အော်ရာများသည် ချောက်နက်ကြီးကဲ့သို့ပင် နက်ရှိုင်းလွန်းလှပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်း၏ တိုက်ခိုက်မှုကို မပြောနှင့် ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းလှသည့် လူတစ်ယောက်ဖြစ်ကြောင်း သေသေချာချာ သိရှိနိုင်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင် မဟုတ်ဘူးလား”

ရောင်စဉ်အလင်းနတ်အရှင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် မဟုတ်ဘူးဆိုပါက သူ့အနေနှင့် ကိစ္စ မရှိလှချေ။

“အဲလူကို ပြောလိုက်။ ငါ တံခါးပိတ် ကျင့်ကြံတော့မယ်။ ဘယ်ဧည့်သည်ကိုမှ လက်ခံ မတွေ့ဆုံဘူး။ သူ့ကို ထွက်သွားခိုင်းလိုက်”

ရောင်စဉ်အလင်းနတ်အရှင်သည် အစီအရင်ကို စောင့်ကြပ်လျက် ရှိနေသည့် အတွင်းစည်း တပည့်နှစ်ယောက်ကို အသံပို့လွှတ်လိုက်၏။ ပြီးသည့်နောက် အသာလှည့်ကာဖြင့် လျှို့ဝှက်အခန်းထဲသို့ လှမ်းလျှောက်သွားလိုက်၏။ သူသည် ဒဏ်ရာများကို ပြန်လည်ကောင်းမွန်အောင် အရင်ဆုံး ပြုလုပ်ရပေလိမ့်မည်။

“ဒီစီနီယာ... ကျုပ်တို့ နတ်အရှင်က လက်ရှိမှာ တံခါးပိတ်ကျင့်ကြံနေပါတယ်။ ကျေးဇူးပြုပြီး နောက်ရက်မှ ပြန်လာခဲ့ပါ”

အတွင်းစည်းတပည့်သည် လေဟာနယ်ထဲသို့ လှမ်းတက်ပြီးသည့်နောက် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီးရှေ့သို့သွားက လေးလေးစားစားဖြင့် ပြောဆိုလိုက်၏။

“ဟမ်”

ရောင်စဉ်အလင်းနတ်အရှင်သည် တံခါးပိတ်ကျင့်ကြံနေသည်ဟု ကြားရသည့်အချိန်မှာတော့ အဘိုးအိုသည် စိတ်လှုပ်ရှား သွားမိသည်။ “မင်းတို့ နတ်အရှင်က နတ်နယ်မြေမှာ ရှိနေတာလား”

“ရှိပါတယ်” အတွင်းစည်းတပည့်သည် သံသယ တစ်ချက်မှ မရှိဘဲ ခေါင်းညိတ်ကာ ဖြေဆိုလိုက်၏။

“ကောင်းတယ်၊ ကောင်းတယ်။ အရမ်းကောင်းတယ်”

အဘိုးအိုသည် စိတ်လှုပ်ရှားနေမိ၏။ သူသည် ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ “ရောင်စဉ်အလင်း နတ်နယ်မြေကနေ ထွက်ခွာသွားပြီလို့ ငါထင်နေတာ။ မမျှော်လင့်ဘဲ ဒီမှာရှိနေတုန်းကိုး။ ဒါဆိုရင်တော့ သေဖို့ပြင်ထားတော့”

ဝုန်း

ပြောပြောပြီးချင်းမှာပဲ လေဟာနယ်ထဲတွင် စိမ်းပြာရောင် ရှေးမီးအိမ်ကြီးတစ်ခု ကျဆင်းလာခဲ့၏။ အကန့်အသတ်မဲ့ များပြားလွန်းလှသည့် အစိမ်းရောင်မီးတောက်များ ဖြစ်တည်လာခဲ့ပြီး လောကကြီး တစ်ခုလုံးကို ထင်းထင်းကြီး ဖြစ်တည်စေခဲ့၏။ ထိုအရာကြီးသည် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့၏။ ချက်ချင်းဆိုသလိုပဲ လောကကြီးတစ်ခုလုံးသည် မူလရောင်စဉ်များ ပျောက်သွားပြီး ရှေးမီးအိမ်ဆီမှ ထွက်ပေါ်လျက်ရှိသည့် မီးအလင်းရောင်ဖြင့်သာ တောက်ပလျက် ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် တုန်လှုပ်သွား ခဲ့ကြ၏။ ၎င်းတို့သည် အဝေးကိုလှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကောင်းကင်အထက်တွင် စိမ်းပြာရောင် အလင်းတန်းများသာ တည်ရှိလို့ နေသည်။

ထိုစိမ်းပြာရောင် အလင်းတန်းများသည် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်း လွှမ်းခြုံလျက် ရှိနေ၏။ ထိုအထဲတွင် မီးတောက်ပင်လယ်များ တည်ရှိလို့နေခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းပြီး ခန့်မှန်းလို့ မရအောင် အားကောင်းလွန်းလှသည့် ဖိအားဒဏ်သည် အကာအကွယ်အစီအရင်ကို ထိုးဖောက်ကာ နယ်မြေ တစ်ခုလုံးကို ဖိနှိပ်လာခဲ့၏။

မည်သူမှသည် မခုခံနိုင်ခဲ့တော့ချေ။ လူပေါင်းများစွာတို့သည် မြေပေါ်သို့ လဲကျကုန်၏။ အစီအရင်သည်သာ တားဆီးခြင်းကို မပြုလုပ်နိုင်ဘူးဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေအနေနှင့် ချက်ချင်းဆိုသလိုပဲ သွေးချောင်းစီးတော့မှာ သေချာသည်။

“အင်ပါရီယာလက်နက်” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။

ချက်ချင်းဆိုသလိုပဲ အားလုံးသော သူတို့သည် ကြောင်အသွားခဲ့ ကြသည်။

All Chapters