အခန်း (၁၁၃)
Vol. 8 Ch. 113
“ပွဲကစနေပြီလား” မိုင်သန်းချီအဝေးမှာတော့ ရေတွက်၍မရအောင်များပြားလှသည့် ကျင့်ကြံသူများသည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိနေ၏။ ၎င်းတို့သည် ရောင်စဉ်အလင်းနတ်နယ်မြေ တည်ရှိရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ အလွန်ဝေးကွာသော တည်နေရာတွင် တည်ရှိနေသည်ဖြစ်သောကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံးကို သူတို့သည် မြင်နိုင်စွမ်းမရှိချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါရီယာ၏ စိတ်ဆန္ဒများကို အာရုံခံမိလို့နေ၏။
“ဒီတိုက်ပွဲက ဘယ်လိုဖြစ်သွားမယ်လို့ထင်လဲ”
“မေးနေစရာတောင်မလိုဘူးလေ။ ကျိန်းသေပေါက် ရောင်စဉ်အလင်းနတ်နယ်မြေပဲ နိုင်ရမှာပေါ့။ သူတို့ဆီမှာ ကွာစီအင်ပါယာရှိတယ်လေ။ ပြီးတော့ အင်ပါရီယာအဆင့် အစီအရင်တစ်ခုကလည်း တည်ရှိနေသေးတယ်။ ဒါတွေနဲ့ ခုခံခြင်းမလုပ်ဘဲ ပြန်ပြီးတိုက်ခိုက်မယ်ဆိုရင်တောင်မှ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေက ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ”
“ပြောဖို့တော့ခက်တယ်လေ။ အတိတ်တုန်းက ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာက ကြက်သွေးရောင်မီးအိမ်ကို ကိုင်ဆောင်ပြီးတော့ နယ်မြေရှစ်ခုကို အနိုင်ပိုင်းနိုင်ခဲ့တယ်။ သူ့ကို ယှဉ်ပြိုင်နိုင်တဲ့သူ ဘယ်သူမှမရှိခဲ့ဘူးလေ။ သူသန့်စင်ခဲ့တဲ့ ဒီမီးအိမ်က တိုက်ခိုက်မှုရော ခုခံမှုရော နှစ်ခုလုံးပြုလုပ်လို့ရတယ်။ အင်ပါရီယာလက်နက်တွေထဲမှာ တကယ့်ကို ကောင်းမွန်တဲ့ လက်နက်လို့ ပြောရမယ်လေ”
“မင်းက ရောင်စဉ်အလင်းနတ်နယ်မြေ ရှုံးနိမ့်မယ်လို့ ထင်နေတာလား”
“အင်ပါရီယာလက်နက်တွေဆိုတာက တော်ဝင်အင်ပါယာတွေရဲ့ လက်ထဲမှာပဲ အစွမ်းကုန် တိုက်ခိုက်နိုင်စွမ်း ရှိတတ်ကြတာလေ။ လက်နက်က အဓိကမဟုတ်ဘူး။ လက်နက်ကို ကိုင်ဆောင်တဲ့သူက အဓိကပဲ။ ဒါကြောင့် အားအင်အဆင့်ကသာ အောင်ပွဲကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်”
“ဒါကတော့ အမှန်ပဲ။ ဒါနဲ့ ဘာလို့ နတ်နယ်မြေနှစ်ခုက တိုက်ခိုက်နေကြတာလဲ”
“ခင်ဗျားမေးတာ တကယ့်ကိုကောင်းတဲ့မေးခွန်းပဲ။ ခင်ဗျား စိတ်ဝင်စားရုံတင်မကဘူး။ ကျုပ်လည်း စိတ်ဝင်စားမိတယ်။ အနားပတ်ဝန်းကျင်မှာရှိနေတဲ့ နတ်နယ်မြေမှာရှိနေတဲ့ လူတွေအကုန်လုံးကလည်း စိတ်ဝင်စားနေကြတယ်။ ခင်ဗျားသိချင်တယ်ဆိုရင် ဒီတိုက်ပွဲမှာပါဝင်ပတ်သက်တဲ့လူတွေကို သွားမေး၊ ဒါမှမဟုတ်လို့ရှိရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့သခင်ကို သွားမေးလိုက်”
လေထုထဲမှာတော့ စစ်ရထားများ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့၏။ နတ်ဘုရားသားရဲများ ဆွဲထားခဲ့သည့် စစ်ရထားများသည် အလံတလူလူနှင့် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်အားစုများကို ဖော်ညွှန်းပြသနေ၏။
ဤလူများအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် ဖြစ်တည်လာမည့်တိုက်ပွဲကို လှမ်းကာကြည့်ရှုလျက် ရှိနေကြ၏။ ဤတိုက်ပွဲ ဤရလာဒ်ကို သူတို့သည် စောင့်မျှော်နေကြ ခြင်းဖြစ်၏။ အခွင့်အရေး ရှာဖွေရန်အတွက် စောင်မျှော်နေကြခြင်းလည်း ဖြစ်သည်။ တစ်ဖက်ဖက် အားနည်းလာသည် ဆိုသည်နှင့်တစ်ပြိုင်နက် သူတို့သည် အချိန်ကိုက် အရောက်သွားပေလိမ့်မည်။
ရတနာ (သို့မဟုတ်) တရားမျှတမှု ဘာကိုမဆို ၎င်းတို့သည် ရွေးချယ်ကာဖြင့် တောင်းဆိုနိုင်စွမ်း ရှိနေ၏။ တူညီစွာပင် နှစ်ဖက်ခြမ်းကြားတွင် ရှိနေသည့် ပဋိပက္ခ၏နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရာ ကိုလည်း သူတို့က သိချင်နေမိ၏။
“ဒီနေ့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့လုပ်ရပ်က အနာဂတ်မှာ သူတို့ ဖျက်ဆီးခံလိုက်ရမယ် ဆိုရင်တောင်မှ ဘယ်သူ့ကိုမှ သွားပြီးအပြစ်တင်လို့မရဘူး။ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရလိမ့်မယ်”
ကြက်သွေးရောင် မီးတောက်ဘိုးဘေးက နှာခေါင်းရှုံ့လိုက်၏။ သူ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိ၏။ သူ၏ ဝတ်စုံသည်လည်း လေမတိုက်ဘဲ လေလွင့်လျက်ရှိလေ၏။ သူ၏မျက်လုံးများ သည် နေနှင့်လကဲ့သို့ပင် စူးရှတောက်ပနေသည်။
“သူလျှိုတစ်ယောက်ကိုကာကွယ်ဖို့အတွက် ကြက်သွေးရောင်မီး တောက်နယ်မြေနဲ့ တိုက်ခိုက်တယ်ဆိုတာ ခင်ဗျားဘဝရဲ့ အကြီးမားဆုံးအမှားဖြစ်ရလိမ့်မယ်”
ဤစကား ပြောလိုက်သည့်အချိန်မှာ ကြက်သွေးရောင် မီးတောက်မီးအိမ်ကြီးသည် ချက်ခြင်းပဲ ယိမ်းယိုင်လာခဲ့ကြ၏။ ၎င်းဆီမှ ထွက်ပေါ်လာသည့် အလင်းတန်း များသည် အလွန်စူးရှစွာ ပေါ်ပေါက်လာ၏။
တဖြည်းဖြည်းနှင့် ကျောက်စိမ်းရောင်ကြယ်မြစ်ကြီးကဲ့သို့ပင် လေဟာနယ်ထဲမှတဆင့် ဆင်းသက်လာခဲ့၏။ အစိမ်းရောင်မီးအိမ်ကို ကိုင်ဆောင်ထားပြီး လောကကြီးတစ်ခုလုံးကို ဝါးမြိုနိုင်စွမ်းရှိနေသည့် ကြီးကျယ် ခမ်းနားလှသည့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာသကဲ့သို့ပင်။ ခန့်ညားထည်ဝါလွန်းလှသည့် အရှိန်အဟုန်များကို ထုတ်ဖော်လျက် ရှိနေသည်။
“ရောင်စဉ်အလင်းနတ်နယ်မြေမှာရှိနေတဲ့ အတွင်းရေးကိစ္စရပ်အားလုံးကို အပြင်လူက လာပြီးရှုပ်ထွေးလို့ မရဘူး”
အဘွားအို၏ မျက်နှာသည် ရေကဲ့သို့ပင် တည်ငြိမ်လျက်ရှိနေ၏။ သူမ၏အသံသည် အေးစက်လျက်ရှိ၏။
နတ်နယ်မြေတစ်ခုတည်းတွင် သူလျှိုရှိနေသည်ဆိုခြင်းကို အားလုံး သိပ်သဘောမကျကြချေ။ သို့ပေမဲ့ အမှန်ဖြစ်နေသည်ဆိုလျှင်တောင် ဘာဖြစ်နည်း။ ပွင့်ပွင့်လင်းလင်းဝန်ခံပြီးတော့ ညံ့ဖျင်းသည့်အကြောင်းကို ပြောဆိုရမည်လား။
ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဂုဏ်သိက္ခာတရားသည် ဤမျှလောက်မနိမ့်ကျပေ။ ကျယ်ပြောလှသည့် နတ်နယ်မြေ၏ အတွင်းထဲတွင် အကြီးအကဲကြီးမှသည် အမြင့်ဆုံးအဆင့် ကွာစီအင်ပါယာ တည်ရှိနေပြီး အနိမ့်ဆုံးအဆင့် သာမာန်တပည့်များလည်း တည်ရှိနေ၏။ မည်သူ့မှသည် သူလျှိုဖြစ်သည်ဟု လက်ညှိုးညွှန်၍ မဖြစ်နိုင်သေးချေ။ သေသေချာချာဆုံးဖြတ်ပြီး ပြောဆိုမှ ဖြစ်ပေလိမ့်မည်။
ယခု တစ်ဖက်လူသည် တွေ့ရာကို လာရောက်ကာ ပြောဆိုလျက်ရှိသည်။ ဤသတင်းသည်သာ တခြားဆီသို့ ပျံ့နှံ့သွားသည်ဆိုပါက အားလုံးသည် သူတို့ကို ရယ်သွမ်းဖွဲ့တော့မည် မဟုတ်ပါလား။
ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများသည် အရူးများဖြစ်နေသည်ဟု လူတွေက ထင်နေသည်လား။ ဤကိစ္စများ အားလုံးပြီးသွားလျှင် ရောင်စဉ်အလင်းနတ်နယ်မြေသည် သေသေချာချာပြန်လည်ကာ စုံစမ်း စစ်ဆေးရမှာ သေချာ၏။ ပြဿနာရှိလာသည်ဆိုပါက ကျိန်းသေပေါက် ကြီးမားလှသည့်ပြစ်ဒဏ်ကို ပေးအပ်ရမှာဖြစ်ပြီး တစ်သက်လုံး ပြန်လည်ရှင်သန်နိုင်ခွင့် မရှိသည့် အခြေ အနေသို့ ပေးပို့ရပေလိမ့်မည်။
“ဟမ့်”
အဘွားအိုသည် နဂါးခေါင်းကျိုင်းတုတ်ကြီးကို အသာမြေပေါ်တွင် ဆောင့်ချလိုက်ပြီးသည့်နောက် လက်စည်းသင်္ကေတများကို ပြုလုပ်လိုက်၏။ တာအို၏စွမ်းအင်များကို ထုတ်လွှတ်ပြီးသည့်နောက် လေဟာနယ်ထဲတွင် တာအို၏သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှေးဆန်လွန်းလှသည့် အော်ရာများသည် တည်နေရာတစ်ခုကို ထိုးဖောက်လျက်ရှိနေသည်။
“ကြက်သွေးရောင်မီးတောက်နတ်နယ်မြေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေကြားတိုက်ပွဲက ရှင့်ဘဝရဲ့ အကြီးမားဆုံးသော အမှားပဲ” အဘွားအိုသည် အော်ငေါက်လိုက်၏။
လက်စည်းသင်္ကေတများကို ဖန်တီးပြီးသည့်နောက် သူမသည် တစ်ချက်တည်း လက်ဖျောက်တီးလိုက်၏။ များပြားလွန်းလှသည့် တာအိုသင်္ကေတများသည် ကြီးမားလွန်းလှသည့် ကြေးအိုးကြီးဆီမှ ထွက်ပေါ်လာ ခဲ့သည်။
ဘုန်း
ကြေးအိုးကြီး၏ မျက်နှာပေါ်တွင်ရှိနေသည့် အသူရာနဂါးကိုးကောင်တို့သည့် ချက်ခြင်းဆိုသလိုပဲ အသက်ဝင်ကာဖြင့် ကောင်းကင်ယံဆီသို့ လွင့်မျောသွားခဲ့၏။ နဂါးတစ်ကောင်ချင်းစီသည် မိုင်သောင်းချီ ရှည်လျားလွန်းလှပြီး တောင်ကြီးတစ်ခုကဲ့သို့ပင် ကြီးမားလွန်းလှ၏။ ကောင်းကင်ပေါ်သို့ ရောက်ရှိပြီးသည့် နောက် ၎င်းတို့အားလုံးသည် ကြီးမားလှသည့် အော်ရာများဖြင့် တစ်ဖက်လူကို တစ်ခါတည်း ဖိနှိပ်တော့၏။
များပြားလှသည့်လူများ၏ အမူအယာသည် ပြောင်းလဲသွားခဲ့တော့၏။ ၎င်းတို့၏ ရင်ဘတ်ပေါ်သို့ ကြီးမားလွန်းသည့် ကျောက်တုံးကြီး ကျဆင်းလာသကဲ့သို့ အသက်ရှူရန်ပင် ခက်ခဲလာကြသည်။
ဝုန်း
နဂါးကိုးကောင်၏အော်သံသည် ပဲ့တင်ထပ်ပြိး အသူရာနဂါးများသည် ကောင်းကင်ပေါ်သို့ ပျံတက်ပြီးသည့် နောက် ၎င်းတို့၏ လက်သည်းများကိုထုတ်ဖော်ကာဖြင့် ကျဆင်းလာခဲ့ပြီဖြစ်သော ကြယ်မြစ်ကြီးကို တစ်ခါတည်း ချိုးဖြတ်လေ၏။
ဘုန်း
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သောအသံကြီးထွက်ပေါ်လာပြီး လေဟာနယ်များသည် တဝုန်းဝုန်း တုန်ခါလျက် ရှိနေ၏။ စွမ်းအင်များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့နေခဲ့၏။ ချက်ချင်းဆိုသလိုပဲ လှ မြေပြင်တစ်ခုလုံးကို တိုက်စားတော့မည့်လှိုင်းများ ဖြစ်တည်လာခဲ့သည်။
ရောင်စဉ်အလင်းနတ်နယ်မြေ၏နားတွင် အချိန်မရွေး ပြိုလဲပျက်စီးတော့မည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့၏။ နတ်ဘုံ နတ်နန်းကြီးကဲ့သို့ ဖြစ်ခဲ့သော တည်နေရာကြီးတစ်ခုလုံးသည် မကြာခင်မှာပဲ ငရဲကြီးရှစ်ထပ်ကဲ့သို့ပင် ပြောင်းလဲတော့မည်ဖြစ်သည်။
အင်ပါရီယာလက်နက်နှစ်ခု ထိပ်တိုက် တွေ့ဆုံပြီး သည့်နောက် တစ်ချက်တည်း တိုက်ခိုက်မှု၏အောက်တွင် မိုင်ပေါင်းသန်းချီသည် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
အင်ပါယာအဆင့်အစီအရင်၏ ကာကွယ်ခြင်းခံထားရသည့် ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဂိတ်တံခါးမှ လွဲလျှင် ကျန်သည့်အရာအားလုံးသည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိနေခဲ့၏။ သို့ပေမဲ့ ထိုသို့ဆိုလျှင်တောင်မှ တောင်၏ဂိတ်တံခါးတွင် ရှိနေသည့် တပည့်များသည် ကြီးမားသည့် သက်ရောက်မှုကိုတော့ ခံစားလိုက်သည်။
၎င်းတို့သည် အစီအရင်၏အကာအကွယ်ပေးမှုကို ခံထားရသည်ဆိုလျှင်တောင်မှ အပြင်ဘက်မှ ရောက်ရှိ လာသည့် လှိုင်းအနည်းငယ်သည် ၎င်းတို့အား ကြီးမားလှသည့် ကပ်ဘေးကြီးကို ပေးစွမ်းနေသေး၏။ ရောင်စဉ်အလင်းနတ်နယ်မြေမှ တပည့်များအားလုံးတို့သည် လက်ရှိအခြေအနေမှာတော့ သွေးမြူများသို့ ပြောင်းလဲကာ သေဆုံးကုန်ကြလေ၏။
မူလအားဖြင့် ပြန်လည်အားမွေးလျက်ရှိနေသည့် ရောင်စဉ်အလင်းနတ် အရှင်သည် ဘေးတစ်ဖက်ဆီသို့ ချက်ခြင်းပဲ ပြေးထွက်သွားလိုက်၏။ သူသည် အင်ပါရီယာလက်နက်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကို မြင်ရပြီးသည့်နောက် မျက်မှောင်ကုတ်လိုက်မိသည်။
ကြက်သွေးရောင်မီးတောက်ဘိုးဘေး၏ စောဏတုန်းက ပြောဆိုခဲ့သည့် စကားများကို သူ မကြားခဲ့ရသော်လည်း သူ၏ နှလုံးသားထဲတွင်တော့ မကောင်းသည့် ခံစားချက်များ ထင်ပေါ်လာခဲ့၏။ ကြက်သွေးရောင်မီးတောက် ဘိုးဘေးသည် နောက်ဆုံး၌ သူ့ကြောင့် ရောက်ရှိလာခဲ့သည့်ပုံပေါ်၏။