အခန်း (၁၁၇)
Vol. 8 Ch. 117
ရောင်စဉ်အလင်းနတ်နယ်မြေ၏အထက် ကျယ်ပြောလှသည့်ကောင်းကင်တွင်တော့ အင်ပါရီယာလက်နက်နှစ်ခု သည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေပြီဖြစ်၏။ အကြိမ်အနည်းငယ်ကြာ တိုက်ခိုက်ပြီးသည့်နောက် ကြောက်မက် ဖွယ်ရာကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာ၏ မိုင်သောင်းနှင့်ချီသည့် အကွာအဝေးတစ်ခုလုံးကို စုတ်ပြတ်သတ်သွားစေခဲ့၏။ ကြက်သွေးရောင်အလင်းတန်းများသည် ကောင်းကင်ယံတစ်ခုလုံးကို လူးလွန့်သွား လာလျက် ရှိနေပြီး အရာအားလုံးကို ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိစေခဲ့၏။
တော်ဝင်သူတော်စင်နှစ်ယောက် အပြင်းအထန် တိုက်ခိုက်လျက် ရှိနေစဉ်မှာပဲ ၎င်းတို့၏ စွမ်းအင်များသည် လည်း ကုန်ဆုံးလျက် ရှိနေသည်။ ၎င်းတို့သည် အင်ပါယာများ မဟုတ်ကြချေ။ အင်ပါရီယာလက်နက်များကို အသက်သွင်းနိုင်ရန်အတွက် များပြားလှသည့် စွမ်းအင်များကို ထည့်သွင်းကာ အသုံးပြုနေကြသည်။
ကြက်သွေးရောင်မီးတောက်ဘိုးဘေးကြီးသည် ပိုမိုကာ စိုးရိမ်စရာ တည်ရှိနေ၏။ သူသည် တည်နေရာပတ်လည် တစ်ခုလုံးကို ကြည့်ရှုလျက်ရှိနေ၏။ နတ်ဘုရားအသိအမြင်များကို သူ အာရုံခံမိနေ၏။ ဤနတ်ဘုရား အသိအမြင်များ၏ ပိုင်ရှင်သည် သူ့ထက် မည်သို့မှ အားမနည်းလှချေ။
ဖြစ်နိုင်သည်မှာ ၎င်းတို့အားလုံးသည် မကောင်းသည့် ရည်မှန်းချက်များ တည်ရှိနေပုံပေါ်၏။ သူသည်သာ အားအင် ကုန်ခမ်းသွားသည်ဆိုပါက အားလုံးသောသူတို့သည် အလစ်အငိုက် ဝင်ရောက်လာကာဖြင့် မကောင်းသည့် ကိစ္စရပ်များကို ပြုလုပ်နိုင်၏။
တခြားတစ်ဖက်ခြမ်းတွင် ရှိနေသည့် ရောင်စဉ်အလင်းနတ်နယ်မြေ၏ တော်ဝင်သူတော်စင်မှာတော့ မျက်နှာများ ဖြူလျော်လျက် ရှိနေသည်ဆိုလျှင်တောင်မှ တည်တည်ငြိမ်ငြိမ်တော့ ရှိနေသေး၏။ သူမ၏ နောက်ဘက်တွင် ရောင်စဉ်အလင်းနတ်နယ်မြေ တည်ရှိနေပြီး အင်ပါယာအဆင့် အစီအရင်ကလည်း ကာကွယ်ပေးထားသည်။
သူမ အနေနှင့် အားနည်းနည်းလေးသာ ကျန်ရှိနေသည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူမအပြင် နောက်ထပ် တော်ဝင် သူတော်စင်များသည် ဂိုဏ်းထဲတွင် တည်ရှိနေသေး၏။ အဆိုးဆုံး အခြေအနေ ဖြစ်သွားမည်ဆိုလျှင် တောင်မှ အစီအရင်ကို အသက်သွင်းနိုင်စွမ်း ရှိနေသေး၏။ ကွာစီ အင်ပါယာဘိုးဘေး ပြန်လာသည်ဆိုသည်နှင့် ဤလူများသည် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။
“ကြက်သွေးရောင်မီးတောက်ဘိုးဘေး …. ဘာလို့ နောက်မဆုတ်သေးတာလဲ” အဘွားအိုသည် အေးစက်စက် ပြောလိုက်၏။
သူမ၏ ဘေးတစ်ဘက်တွင် ရှိနေသည့် အသူရာနဂါးကြေးအိုးကြီးသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုအရာပေါ်တွင် ရစ်ပတ်လျက် ရှိနေသည့် အသူရာနဂါးကိုးကောင်တို့သည် ကောင်းကင်ပေါ်သို့ တက်သွားခဲ့ပြီး ကောင်းကင်ပေါ်တွင် နဂါးအော်သံများ အော်ဟစ် ဟစ်ကြွေးလျက် ရှိနေသည်။
“ကျုပ် အစောကြီးကတည်းက ပြောသားပဲ။ ရောင်စဉ်အလင်းနတ်အရှင်က ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ သူလျှို တစ်ယောက်ပါလို့။ ခင်ဗျားတို့က သူ့ကို အဆုံးအထိ ကာကွယ်ပေးမလို့လား” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးက အော်ဟစ်လိုက်၏။
ဘုန်း
ကြက်သွေးရောင်မီးတောက် မီးအိမ်ကြီးသည် သူ၏ခေါင်းထက်တွင် တုန်ခါသွားခဲ့၏။ ၎င်းဆီမှ ထွက်ပေါ် လာသည့် အော်ရာများသည် အရှိန်တငြီးငြီးဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ အားအင်အဆင့် မလုံလောက်သည့် သိုင်းကျင့်ကြံသူများ အားလုံးတို့သည် ခပ်ဝေးဝေးဆီသို့ လွင့်စင်သွားကုန်ကြသည်။
တော်ဝင်သူတော်စင်နှစ်ယောက် တိုက်ခိုက်လျက် ရှိနေသည့်သတင်းသည် အားလုံးသော သူများကို သတိအပြည့်နှင့် ဖြစ်တည်စေခဲ့၏။ ထို့ကြောင့် လာရောက်ကာ ကြည့်ရှုကြခြင်းပင်။ အင်ပါရီယာလက်နက်နှစ်ခု ထိပ်တိုက် တိုက်ခိုက်မှု၏ နောက်မှာတော့ ကြီးမားလှသည့် အကျိုးဆက်သည် အားအင်နည်းပါးသူများကို သက်ရောက်စေခဲ့၏။
“ပေါက်ပန်းလေးဆယ်တွေ”
အဘွားအိုသည် ဒေါသထွက်လွန်းသောကြောင့် တုန်ယင်လျက် ရှိနေသည်။ ကြက်သွေးရောင် မီးတောက် ဘိုးဘေးကြီးသည် တောက်လျှောက်ဆိုသလိုပဲ သူတို့၏ နတ်နယ်မြေထဲတွင် သူလျှိုတစ်ယောက် ရှိသည်ဟု ပြောဆိုလျက်ရှိသည်။ ဤသတင်းသည်သာ တစ်လောကလုံးကို ပျံ့နှံ့သွားသည်ဆိုပါက သူတို့သည် ရယ်ပွဲ ဖွဲ့စရာ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သော သတင်း မပျံ့ပွားနိုင်စေရန်အတွက် ကြားဝင်ကာ တားဆီးရပေ လိမ့်မည်။
“ဒါ ကောင်းကင်လျှို့ဝှက်နန်းဆောင်က ရတဲ့သတင်းအချက်အလက်ပဲ။ တကယ့်ကို ယုံရတယ်” ကြက်သွေးရောင် မီးတောက်ဘိုးဘေးကြီးက ခွန်းတုံ့ပြန်လိုက်၏။
ထိုစကား ပြောပြောပြီးချင်းမှာပဲ အားလုံးသောသူများ၏ မျက်နှာများသည် လင်းလက်သွားခဲ့ကြသည်။ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အရှင်သည် ကောင်းကင်နတ်ဆိုးနန်းတော်၏ သူလျှိုတစ်ယောက် တကယ်ပဲ ဖြစ်နေလေသည်လား။ ထိုသတင်းသာ အမှန်ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်စရာပင်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ပေါ်လာ သည့်သတင်းဆိုသည်မှာ အမှန်ပင် ဖြစ်နိုင်ဖွယ်ရာ ရှိသည်။
ထို့အပြင် ယနေ့ခေတ်ကြီးထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့်အရာကို မသိသူဟူ၍ ရှားပါးလွန်းလှ ချေ၏။ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်လွှင့်ထားပြီး ထိုစာရင်းကို အားလုံးသောသူတို့သည် လေးလေးစားစားဖြင့် အသိအမှတ်ပြုနေကြပြီဖြစ်၏။
“အင်း… တစ်ဖက်ခြမ်းက ပြောတဲ့စကားပဲလေ။ ဘာသက်သေ ရှိလို့လဲ”
အဘွားအိုသည် ခပ်တင်းတင်းဖြင့် ပြန်လည် မေးခွန်း ထုတ်လိုက်သည်။ “ဘာသက်သေမှ မရှိဘူးဆိုရင် ဒီနေ့ ရှင်တို့ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေက ဒီနေ့ ပြောဆိုခဲ့တဲ့ စကားတွေ အကုန်လုံးအတွက် ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်။ ပြီးတော့ ရောင်စဉ်အလင်း နတ်နယ်မြေက ရှင်တို့ကို အဆုံးထိ တိုက်ခိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ”
“အင်း.. ဒါဆိုရင် ရောင်စဉ်အလင်းနတ်အရှင်ကို ခေါ်လိုက်လေ။ အကြောင်းရင်း သိသွားမှာပေါ့” ကြက်သွေးရောင်မီးတောက်ဘိုးဘေးကြီးသည် လေးလေးနက်နက်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
“ဟမ်”
အဘွားအို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူမသည် တိတ်တဆိတ်ဆိုသလိုပဲ အသံပို့လွှတ် လိုက်သည်။ တပည့်များအား အဓိကဟောခန်းဆီသို့ သွားရောက်ကာ ကြည့်ရှုရန်ပင်။
အချိန်မရှိလှချေ။ ပြန်လည် ရောက်ရှိလာသည့် သတင်းအချက်အလက်မှာတော့ ရောင်စဉ်အလင်းနတ်အရှင်သည် တံခါးပိတ်ကျင့်ကြံလျက် ရှိနေသည်ဆိုခြင်းပင်။
“တံခါးပိတ် ကျင့်ကြံနေတယ် ဟုတ်လား”
အဘွားအို၏ နှလုံးသားများသည် လှုပ်ရှားသွားခဲ့၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အဘယ်ကြောင့် တံခါးပိတ် ကျင့်ကြံနေရသနည်း။
“ဘာဖြစ်လို့လဲ။ ရောင်စဉ်အလင်းနတ်အရှင်က ထွက်လာဖို့ မရဲဘူးလား။ မျက်နှာချင်းဆိုင် လာပြီးတော့ မဖြေရှင်းရဲ ဘူးလား”
ကြက်သွေးရောင်မီးတောက်ဘိုးဘေးကြီးသည် အရှေ့ဆီသို့ တစ်လှမ်းလှမ်းတက်လိုက်၏။ လေဟာနယ် တစ်ခုလုံးသည် ဒွီကနဲ အသံမြည်သွားပြီး ကြက်သွေးရောင်မီးအိမ်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အလင်းတန်းများကို ထုတ်လွှတ်လျက် ရှိနေလေ၏။ မြစိမ်းရောင်မီးတောက်များသည် တည်နေရာတစ်ခုလုံးကိုပင် လွှမ်းခြုံလုမတတ်ပင်။ ဤအရာသည် အင်ပါယာ၏ မီးဖြစ်၏။ လောကသုံးပါးလုံးကို ဝါးမျိုနိုင်စွမ်းရှိနေသည့် အရာမျိုးပင်။
“ရောင်စဉ်အလင်းနတ်အရှင်က သူလျှိုတစ်ယောက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်မတို့ဘက်ကနေ သုံးသပ် ဆုံးဖြတ်ရမယ့် ကိစ္စမျိုးပဲ။ တခြားသူတွေကို ဝင်ပြီးလုပ်ဖို့ မလိုဘူးလေ” အဘွားအိုသည် အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
ကြက်သွေးရောင်မီးတောက်ဘိုးဘေးကြီး၏ ဆံပင်များသည် လေထဲတွင် လွင့်မျောသွားခဲ့၏။ သူ၏ မျက်လုံးများ သည် နေနှင့်လကဲ့သို့ပင် စူးရှတောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ အော်ရာများသည် ထိပ်ဆုံး အဆင့်သို့ မြင့်တက်လာခဲ့သည်။ ၎င်းသည် အေးစက်စက်ဖြင့် ကြေညာလိုက်သည်။
“ကျုပ်တို့ ကြက်သွေးရောင် မီးတောက်နတ်အရှင် သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ရောင်စဉ်အလင်းနတ်အရှင်က ရှင်းပြချက် မပေးတော့ဘူး။ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့”
ဤစကားစု ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အင်ပါရီယာလက်နက်နှစ်ခုသည် ဆက်တိုက်ဆိုသလိုပဲ အရှိန်အဝါ များကို ထုတ်လွှတ်ကာ တိုက်ခိုက်ပြန်၏။
ဤကဲ့သို့ တိုက်ခိုက်လျက်ရှိနေတုန်းမှာပဲ လူရိပ်နှစ်ခုသည် ရောင်စဉ်အလင်းနတ်နယ်မြေ တည်နေရာအတွင်းသို့ လှမ်းဝင်ချဉ်းကပ်လာခဲ့သည်။
“ဒါ အင်ပါရီယာလက်နက်လား”
ယန်ရှိုသည် လေဟာနယ်ထဲသို့ လှမ်းကာ မော့ကြည့်လိုက်၏။ သူ၏မျက်လုံးထဲ၌ တုန်လှုပ်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ဘိုးဘေးကြီး၏ ကာကွယ်ပေးခြင်းသာ မခံရသည်ဆိုပါက သူတော်စင် အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သော သူ့အနေနှင့် ဤတိုက်ခိုက်မှု တည်နေရာထဲသို့ ချဉ်းကပ်ရန်ပင် လွယ်လိမ့်မည် မဟုတ်ချေ။ အထဲသို့ နီးကပ်သွားသည်နှင့်တပြိုင်နက် ပြာအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာ၏။
“အင်း.. မနာလိုဖြစ်စရာ မလိုဘူး။ မကြာခင် ဒါတွေက ငါတို့အပိုင် ဖြစ်လိမ့်မယ်” မုန့်ရှင်းကျီ သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
ကွာစီအင်ပါယာလက်နက်တစ်ခု ဆုံးရှုံးခြင်း - သူ့အနေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ကြက်သွေးရောင် မီးတောက်နတ်နယ်မြေတို့၏ အင်ပါရီယာလက်နက်များကို ပြန်လည်ရယူနိုင်စွမ်းတော့ ရှိနေသေး၏။ လက်ရှိ အခြေအနေမှာတော့ သူသည် အခွင့်အရေးတစ်ခုကိုသာလျှင် မျှော်လင့်ထား၏။
သူ၏ရှေ့တွင် ရှိနေသည့် ရောင်စဉ် အလင်းနတ်နယ်မြေကြီးသည် တကယ့်ကို အကျိုးအမြတ် ရရှိရာ တည်နေရာကြီး ဖြစ်လို့နေခဲ့၏။ ၎င်းတို့ဆီမှ အင်ပါရီယာလက်နက်များအပြင် ရေတွက်လို့မရအောင် များပြားလှသည့် ဂိုဏ်း၏ အရင်းအမြစ်နှင့် အမွေအနှစ်များကို သိမ်းဆည်းရယူနိုင်သည်ဆိုပါက…
မုန့်ရှင်းကျီသည် အသက်ကို ပြင်းပြင်းရှိုက်လိုက်၏။ ပြီးသည့်နောက် အစီအရင်၏ ရှေ့ဆီသို့သွားလိုက်၏။ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အထဲသို့ လျှောက်ဝင်နိုင်စွမ်းရှိသည့် လုံခြုံသည့်လမ်းကြောင်းကို ပြသလျက်ရှိ၏။
“ဝင်ကြရအောင်” မုန့်ရှင်းကျီက ပြောလိုက်သည်။ သူသည် ယန်ရှိုကို ဦးဆောင်ကာဖြင့် အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်။