အခန်း (၁၀၆)
Vol. 8 Ch. 106
ရှစ်ရှန်းနန်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ရှန်းရှန် အစီအရင် အကြီးအကဲ ငါးယောက်ဆိုသည်မှာ ဘာနည်း။ ထိုသူများသည် ကျင့်ကြံခြင်းလောကတွင် ၎င်းတို့၏ အစီအရင် နည်းစနစ်နှင့်ပတ်သက်၍ တကယ်ပင် ကျော်ကြား လှသည့်လူများဖြစ်၏။ သို့ပေမဲ့ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေကို ထိပ်တိုက်ရင်ဆိုင် ပြဿနာ ရှာရဲသည့် လူမျိုးတော့ မဟုတ်ကြချေ။
၎င်းတို့၏ အစီအရင်နည်းစနစ်သည် အားကောင်းလှသည်ဆိုလျှင်တောင်မှ ပြင်ပပစ္စည်းများ ရှာဖွေရန် လိုအပ် နေသေး၏။ အစီအရင်၏ ပံ့ပိုးရမည့်ပစ္စည်းများ မရှိဘဲနှင့် ဤကဲ့သို့သော အဆင့် အစီအရင်ကြီးကို ဖန်တီးပြုလုပ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
“သူတို့ ဘယ်နေရာမှာ ရှိလဲဆိုတာ နန်းဆောင်သခင် သိရှိပါသလား” ရှစ်ရှန်းနန်က မေးမြန်းလိုက်သည်။
လီယွင်သည် တိုက်ရိုက်ဆိုသလိုပဲ မဖြေခဲ့ချေ။ သူ၏ လက်ကို ရှစ်ရှန်းနန်၏ အရှေ့၌ လက်ကို အသာဆန့်တန်းလိုက်၏။
ရှစ်ရှန်းနန်၏ အမူအရာသည် အေးခဲသွား၏။ ချက်ချင်းဆိုသလိုပဲ နတ်အဆင့် ဆေးပုလင်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်ဆီသို့ ကမ်းပေးလိုက်၏။ တချိန်တည်းမှာပဲ သူသည် ရင်ထဲတွင် အောင့်ကနဲ ဖြစ်သွားမိသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် အရာအားလုံးသည် အဆင်ပြေသည်ဆိုသော်လည်း တကယ်ပင် အကုန်အကျ များလွန်းလှ၏။
“သူတို့ သေသွားပြီ။ တော်ဝင်သဲကန္တာရမြို့ရဲ့ မြောက်ဘက် မိုင်သုံးသောင်း ပတ်ဝန်းကျင်နားမှာ သတ်ဖြတ်ခံလိုက် ရတယ်။ အဲကိုသွားမယ်ဆိုရင် ခင်ဗျားအနေနဲ့ ပြာမှုန်တချို့ကို ရှာဖွေတွေ့ရှိလိမ့်မယ်။ လေတိုက်သွားပြီဆိုရင်တော့ ဘာမှရှိမှာ မဟုတ်လောက်တော့ဘူး” လီယွင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ခပ်တည်တည် ပြောဆိုလိုက်သည်။
ခဏလောက် ကြာပြီးသည့်နောက် သူသည် အလကားရရှိခဲ့သော နတ်အဆင့်ဆေးပုလင်းသုံးခုကို အသာ သိမ်းဆည်းလိုက်၏။ သူ၏ စိတ်အခြေအနေသည် ပိုမိုကာ တိုးတက်သွားခဲ့၏။ အနည်းဆုံး သူ၏ကောင်းကင် လျှို့ဝှက်အမှတ်များသည် သုည မဟုတ်တော့ချေ။
“သေသွားပြီ ဟုတ်လား” ရှစ်ရှန်းနန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ တစ်စုံတစ်ခု လွဲမှားနေသည် ဖြစ်ကြောင်းကို သူက ချက်ချင်းနားလည်လိုက်မိ၏။ သူပြော၍ မပြီးသေးခင်မှာပဲ သိုလှောင်လက်စွပ်ထဲကို လှမ်းကာ ကြည့်လိုက်၏။ ဤသတင်းအချက်အလက်သည် ဘာတစ်ခုမှ သူ့အတွက် အသုံးမဝင်ခဲ့ချေ။ သို့ပေမဲ့ သူ၏ လက်ထဲတွင် ရှိနေသည့် နတ်အဆင့် ဆေးပုလင်းသုံးခုမှာတော့ ပါသွားခဲ့ပြီဖြစ်သည်။ ဆက်၍ မမေးမြန်းခြင်းကသာ ကောင်းပေလိမ့်မည်။
သူ၏ ရည်ရွယ်ချက်သည် နတ်အရှင် သေဆုံးခြင်းအကြောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်ဖြစ်သည်။ တခြားသော ကိစ္စများကို စုံစမ်းရမည့်ကိစ္စ မဟုတ်ချေ။ တော်ဝင်သဲကန္တာရမြို့တွင် အစီအရင်ကို ဖန်တီးခဲ့သူမှာ ရှန်းရှန်အကြီးအကဲ ငါးယောက် ဖြစ်သည်ဆိုပါက ဤမျှဝေးကွာလှသည့် တည်နေရာတွင် ထိုသူများကို သတ်ဖြတ်ပစ်နိုင်သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာလျှင် ဖြစ်ပေလိမ့်မည်။
“ကျုပ်ရဲ့ သိရှိမှုအရဆိုရင် ရှန်းရှန်အကြီးအကဲ ငါးယောက်တို့က ကျုပ်တို့ နတ်နယ်မြေကို ရင်ဆိုင်တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ ဒီနောက်ကွယ်မှာ တစ်ခုခု ရှိနေသေးလား” ရှစ်ရှန်းနန်သည် တည်ငြိမ်စွာဖြင့် မေးလိုက်၏။
“ခင်ဗျား ခန့်မှန်းတာ အမှန်ပဲ”
လီယွင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သူတို့က အစီအရင် ကျွမ်းကျင်ရုံ သက်သက်ပဲလေ။ သူတို့နောက်မှာ တစ်စုံတစ်ယောက် ရှိနေတယ်”
“အမ်”
ရှစ်ရှန်းနန်၏ အမူအရာသည် အေးခဲသွားခဲ့၏။ သူခန့်မှန်းထားသည့်အတိုင်းပင်။ ထိုအရာ၏ နောက်တွင် လျှို့ဝှက်ချက်များ တည်ရှိနေ၏။ ထို့ကြောင့် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီး နန်းတော်သခင်.. ကျုပ်ကို ဉာဏ်အလင်းပြသပေးပါ”
ပြောပြီးပြီးချင်းမှာပဲ သူသည် နတ်အဆင့်ဆေးပင်သုံးခုကို ထုတ်ဖော်ပြီး လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်သည်။
“ဒီနောက်ကွယ်မှာ အစီအစဉ် ချမှတ်တဲ့လူက ရောင်စဉ်အလင်းနတ်အရှင်ကလွဲရင် တခြားသူ မဟုတ်ဘူး” လီယွင် သည် ပြုံးကာပြောလိုက်၏။
ဤအခြေအနေ၊ ဤကဲ့သို့သော ပြောဆိုမှုသည် ရှစ်ရှန်းနန်၏ နားထဲတွင်တော့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ဝင်ရောက်သွားခဲ့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” ရှစ်ရှန်းနန်၏ မျက်နှာသွင်ပြင်တစ်ခုလုံး ပြောင်းလဲ သွားခဲ့၏။
ရောင်စဉ်အလင်းနတ်နယ်မြေဆိုသည်မှာ သာမန်အင်အားစုတစ်ခု မဟုတ်ပေ။ တကယ့်ကို ကြီးမားသည့် လွှမ်းမိုး နိုင်မှုကို ပိုင်ဆိုင်ပြီး ၎င်းတို့၌ ကွာစီအင်ပါယာ တစ်ယောက်ပင်လျှင် ရှိ၏။ သူတို့သည် တစ်ဖက်လူကို သွားရောက်ကာ ရင်ဆိုင်နိုင်သည့် အဖွဲ့အစည်းမျိုး မဟုတ်ချေ။ ထို့အပြင် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ အနေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေ၏ ပဋိပက္ခဖြစ်ပွားခြင်း ဆိုသည်မှာ လုံးဝမရှိဖူးချေ။ ရန်ငြိုးဆိုသည်မှာ ဝေလာဝေးပင်။
ရောင်စဉ်အလင်းနတ်အရှင် အနေနှင့် အဘယ်ကြောင့် ၎င်းတို့နတ်အရှင် သေဆုံးသွားရန်အတွက် အစီအရင်ကို ဖန်တီးခဲ့ရသနည်း။
“ကျုပ် အရင်တုန်းက ပြောခဲ့ပြီးပြီလေ။ ခင်ဗျားတို့ နတ်အရှင်က လာတဲ့အချိန် မှားသွားတာပဲ။ သူက ဘာမှ မဆိုင်ဘဲ ကြားထဲကနေ ဓားစာခံ ဖြစ်သွားခဲ့ရတာပေါ့” လီယွင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
မမျှတသည့် ကပ်ဘေးကြီးကို ကျော်ဖြတ်ခဲ့ရပြီးသည်နောက် ကြက်သွေးရောင်မီးတောက် နတ်အရှင်သည် ရောင်စဉ်အလင်းနတ်အရှင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်ဟူသည့်သဘော သက်ရောက်ခဲ့၏။ ဤအရာသည် မငြင်းပယ်နိုင်သည့် အမှန်တရားသာဖြစ်၏။ ကြက်သွေးရောင်မီးတောက် နတ်အရှင် အနေနှင့် ရောင်စဉ်အလင်း နတ်နယ်မြေမှ ဖန်တီးထားခဲ့သည့် အစီအရင်ကို ရှောင်ရှားနိုင်စွမ်း မရှိခဲ့ချေ။ မည်သို့ပင် ဆိုစေကာမူ သူတို့အတွက် ရန်ငြိုးဆိုသည်မှာ မျိုသိပ်ထားနိုင်သည့် အရာမျိုး မဟုတ်ချေ။
“ခင်ဗျားရဲ့ လေးနက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျုပ်က ခင်ဗျားကို သတင်းအချက်အလက်တစ်ခု အပိုပေး လိုက်မယ်”
လီယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဒီနောက်ကွယ်မှာ အလုပ်လုပ်ခဲ့တဲ့လူတွေက ရောင်စဉ်အလင်းနတ်အရှင်တင် မကဘူး။ နောက်ထပ်တစ်ယောက် ကျန်သေးတယ်။ ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ မိုဟမ်ပဲ”
“ဘာ”
ရှစ်ရှန်းနန်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ သူ၏ အကြည့်များသည် ဝေဝါးသွားခဲ့၏။ သူ၏ အမြင်အရဆိုလျှင် လက်ရှိ ရရှိခဲ့သည့် အပိုသတင်းအချက်အလက်၏ တန်ဖိုးသည် ယခင်ကထက် အများကြီး ပိုမိုကာ သာလွန်ကောင်းမွန်လျက်ရှိသည်။
ရောင်စဉ်အလင်းနတ်အရှင်သည် နတ်ဆိုးဂိုဏ်းမှ အကြီးအကဲကြီးတစ်ယောက်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ၏။ ထိုသို့ဆိုလျှင် ၎င်း၏ရည်ရွယ်ချက်က ဘာဖြစ်သနည်း။ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို မည်သည့်ဂိုဏ်းမဆို တားမြစ်ထားမှာ သေချာ၏။ နတ်ဆိုးဂိုဏ်းနှင့် ထိတွေ့ဆက်ဆံခြင်း ဆိုသည်မှာ လမ်းမှန်ဂိုဏ်းတစ်ခုကို ဆိုးရွားသည့် အခြေအနေ တစ်ခုဆီ ရောက်ရှိသွားစေနိုင်၏။
“ပြောရမယ်ဆိုရင် ခင်ဗျားတို့ နတ်အရှင်အနေနဲ့ လူတစ်ယောက်တည်းရဲ့ လက်ထဲမှာ သေဆုံးခဲ့တာ မဟုတ်ဘူး။ ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ကောင်းကင်နတ်ဆိုးနန်းတော်တို့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ သေဆုံးသွား ခဲ့တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်” လီယွင်သည် ပြုံးကာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရှစ်ရှန်းနန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူရော်ရုံတင်မက စိမ်းပင် စိမ်းပြာလာခဲ့၏။ သူသည် အံကိုကြိတ်ကာ ပြောလိုက်၏။
“ရောင်စဉ်အလင်းနတ်နယ်မြေ... ဆိုးယုတ်လိုက်တာ။ ခင်ဗျားတို့က ကြက်သွေးရောင်မီးတောက် နတ်နယ်မြေကို လာရန်စဖို့ ကြိုးစားနေတာလား။ ကျုပ်တို့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ ရနေမယ်လို့ ထင်နေတာလား”
ရှစ်ရှန်းနန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။
ကြက်သွေးရောင်မီးတောက် နတ်နယ်မြေသည် ရောင်စဉ်အလင်းနတ်နယ်မြေကို သွားရောက်ကာ ရန်မပြုချင်ပေ။ သို့ပေမဲ့ ကြောက်လန့်နေလိမ့်မည်တော့ မဟုတ်ချေ။ ထို့အပြင် ၎င်းတို့၏ နတ်နယ်မြေသည် အင်ပါရီယာ လက်နက်တစ်ခုကို ပိုင်ဆိုင်၏။ လိုအပ်နေသည်မှာ ကွာစီအင်ပါယာ တစ်ယောက်သာလျှင် ဖြစ်၏။
ရှစ်ရှန်းနန်သည် လက်ကို အသာယမ်းခါပြီးသည့်နောက် များပြားလှသည့် ပစ္စည်းများကို ထုတ်ဖော်လိုက်၏။ နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင် ငါးခုပင်ဖြစ်၏။ ထို့အပြင် သူတော်စင်လက်နက် တစ်ခုနှင့် နတ်အဆင့် ဆေးပုလင်း တစ်ပုလင်းပင် ပါဝင်နေသေးသည်။
“စီနီယာ.. ကျေးဇူးပြုပြီး ဉာဏ်အလင်း ပြသပေးပါအုံး။ ရောင်စဉ်အလင်းနတ်အရှင် အနေနဲ့ ကောင်းကင်နတ်ဆိုး နန်းတော်ရဲ့ အကြီးအကဲ မိုဟမ်တို့က ပူးပေါင်းနေကြတာလား”
ရှစ်ရှန်းနန်သည် ထိုအနောက်ဘက်တွင် ရှိနေသည့် လျှို့ဝှက်ချက်များကို သိရှိနိုင်လိမ့်မည်ဟု ခံစားနေမိ၏။ ထို့အပြင် ဤကဲ့သို့သော လျှို့ဝှက်ချက်သည် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံး၏ အခြေခံကို လှုပ်ခါနိုင်စွမ်း ရှိသည့်အရာလည်း ဖြစ်၏။
ရောင်စဉ်အလင်းနတ်အရှင်နှင့် ကောင်းကင်နတ်ဆိုးနန်းတော်တို့ ပူးပေါင်းနေသည့် အကြောင်းအရာသာ ပေါက်ကြားသွားသည်ဆိုပါက တခြားသော နတ်နယ်မြေများဆီမှ ဖိအားပေးမှုကို ခံရပေလိမ့်မည်။ ထို့အပြင် လက်ရှိ ရောင်စဉ်အလင်းနတ်နယ်မြေသည် အားကောင်းလွန်းလှချေ၏။ ကောင်းကင်နတ်ဆိုးနန်းတော်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ၎င်းတို့၏ အားအင်အဆင့်သည် တခြားသော နတ်နယ်မြေများကို လွယ်လွယ်ကူကူနှင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဤကဲ့သို့သော အခြေအနေမျိုးကို မည်သူကမှ ဖြစ်ချင်လိမ့်မည် မဟုတ်ချေ။ တခြားသော ဂိုဏ်းများအနေနှင့် ရောင်စဉ်အလင်းနတ်အရှင်အား နှိမ်နင်းနိုင်မည့် နည်းလမ်းများကို ကျိန်းသေပေါက် ရှာဖွေကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေသည် ကွာစီအင်ပါယာတစ်ယောက် မရှိဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် လက်စားချေနိုင်ပေလိမ့်မည်။
“ဒါက ကိစ္စရပ် သေးသေးလေးပါပဲ”
လီယွင်သည် အရှေ့တွင် ရှိနေသည့် ပစ္စည်းများ အားလုံးကို အသာသိမ်းဆည်း ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်အမှတ်များနှင့် လဲလှယ်လိုက်၏။ ပြီးနောက် ရည်ရွယ်ချက်ရှိရှိဖြင့် မေးမြန်းလိုက်၏။ “စနစ်.. ရောင်စဉ်အလင်းနတ်အရှင်နဲ့ ကောင်းကင်နတ်ဆိုးနန်းတော်တို့ အကြားမှာရှိတဲ့ ဆက်ဆံရေးအကြောင်းကို ရှင်းပြပါ”
[ဒင်... ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်း ကျသင့်သည်။]
[ရောင်စဉ်အလင်းနတ်အရှင်သည် ရောင်စဉ်အလင်း နတ်နယ်မြေဆီသို့ လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်တုန်းက ဝင်ရောက်ခဲ့ခြင်းဖြစ်၏။ အစစ်အမှန် ဂုဏ်ပုဒ်သည် ယခင်ကောင်းကင်နတ်ဆိုးနန်းတော်အရှင်၏ သားပင်ဖြစ်သည်။ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အင်ပါရီယာကျမ်းစာနှင့် အင်ပါရီယာလက်နက် များကို အပိုင်စီးနိုင်ရန် ရောင်စဉ်အလင်းနတ်နယ်မြေထဲသို့ သူလျှိုအဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်]
“ဪ”
လီယွင်သည် မျက်ခုံးပင့်လိုက်မိ၏။ ဤအရာသည် သူ့ကို တကယ်ပင် စိတ်ဝင်တစား ဖြစ်စေခဲ့၏။
ရောင်စဉ် အလင်းနတ်နယ်မြေ တစ်ခုလုံး ..... ၎င်းတို့၏ အကြီးအကဲများ၊ နတ်နယ်မြေအတွင်းရှိ လူပေါင်းများစွာတို့သည် သူလျှို တစ်ယောက် ရောက်ရှိနေသည်ဆိုသည်ကို သတိမပြုမိခဲ့ကြချေ။ ထိုသူသည် သူလျှိုအဖြစ် နေထိုင်ပြီး နတ်အရှင် ဆိုသည့် ရာထူးကိုပင် ယူထားခဲ့သည်။
၎င်းသည်သာ မည်သူမှ မသိအောင် ဖုံးကွယ်နေထိုင်ပြီး ဤအတိုင်း ဆက်လက်ကျင့်ကြံ ရမည်ဆိုပါက ရောင်စဉ်အလင်းနတ်အရှင်သည် နောက်နှစ်တစ်ထောင်၊ နှစ်ထောင်အတွင်း သူတော်စင်ဘုရင် သို့မဟုတ် တော်ဝင်သူတော်စင်အဖြစ်ပင် ဖြစ်လျှင် ဖြစ်သွားနိုင်၏။ ထိုသို့ဆိုလျှင် အင်ပါရီယာလက်နက်ကို ခိုးယူပြီး ထွက်ခွာသွားဖို့ ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။