အခန်း (၁၀၉)
Vol. 8 Ch. 109
“ပထမဆုံး တစ်စုံတစ်ယောက်က တော်ဝင်သဲကန္တာရမြို့မှာ သတ်ဖြတ်ခြင်းအစီအရင် ဖန်တီးခဲ့တယ်။ ပြီးတော့ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေရဲ့ တတိယအကြီးအကဲက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားခဲ့တယ်။ ပြီးတော့ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေရဲ့ ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတယ်”
ယန်ရှိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူသည် အဓိကဟောခန်းထဲတွင် ရှေ့နောက် လှမ်းလျှောက်လျက် ရှိနေပြီး တီးတိုးရေရွတ်နေ၏။ “ဒီအရာတွေအားလုံးရဲ့ ကြားထဲမှာ ဆက်သွယ်မှု တစ်ခုခု ရှိနေတာလား”
ခဏလောက် စဉ်းစားခဲ့သော်လည်း သူသည် ဆက်လက်စဉ်းစား၍ မရခဲ့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် သူက တီးတိုးပြောလိုက်သည်။ “ဒါ စီနီယာ ဖန်တီးထားတဲ့ အရာမျိုးပဲ ဖြစ်လိမ့်မယ်။ ဟုတ်တယ်မလား”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဆန်းကြယ်လွန်းသည့် သဘောသဘာဝကို တွေးတောပြီးသည့်နောက် ယန်ရှို၏ စိတ်လှုပ်ရှားမှုများသည် ပိုမိုကာ ကြီးထွားလာခဲ့၏။ သူခန့်မှန်းခဲ့သည်မှာ အမှန်ဟုပင် ယုံကြည်နေမိသည်။ စီနီယာ သည် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေအား သတင်းအချက်အလက် တချို့ကို ရောင်းချကောင်း ရောင်းချခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ကြက်သွေးရောင်မီးတောက် နတ်နယ်မြေမှ ဘိုးဘေးကြီးသည် ထိုအကြောင်းအရာကို သိရှိသည့်အချိန်မှာတော့ အလွန်ပဲ ဒေါသထွက်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ရောင်စဉ်အလင်းနတ်နယ်မြေနှင့် သွားရောက်စာရင်းရှင်းရန် အဆင်သင့်ဖြစ်လို့ နေသည့်ပုံပင်။
ထိုသတင်းအချက်အလက်သည် ဘာများဖြစ်သနည်း။
ယန်ရှိုအနေနှင့် သေချာ မပြောနိုင်ချေ။ သို့ပေမဲ့ သေချာသည်မှာတော့ နတ်နယ်မြေနှစ်ခုကြားတွင် ရှိနေသည့် အဓိက အရေးကြီးသည့် အကြောင်းအရာများ ပါဝင်ပတ်သက်နေသည့်ပုံပင်။ မဟုတ်ပါက ကြက်သွေးရောင် မီးတောက် နတ်နယ်မြေ၏ ဘိုးဘေးကြီးသည် ထွက်ခွာလာလိမ့်မည် မဟုတ်ချေ။ ထို့အပြင် အင်ပါရီယာ လက်နက် ကိုပင် ကိုင်ဆောင်သွားခဲ့၏။
“ကြက်သွေးရောင်မီးတောက် နတ်နယ်မြေရဲ့ ဘိုးဘေးက ဘယ်လောက် အားကောင်းလဲ” ယန်ရှိုက မေးမြန်းလိုက်သည်။
“အင်း”
အကြီးအကဲသည် ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးနောက် မသေချာ၊ မရေရာသလို ပြောလိုက်သည်။ “သူက တော်ဝင်သူတော်စင်အဆင့် ဖြစ်ဖို့များတယ်”
သူသည် ထိုဘိုးဘေးကြီး အပြင်ထွက်လာတုန်းက အနီးနား၌ မရှိခဲ့ချေ။ ထို့ကြောင့် သေသေချာချာ သိရှိနားလည်ခြင်းလည်း မရှိပေ။ သို့ပေမဲ့ ကွာစီအင်ပါယာတော့ မဟုတ်လောက်သေးဟု သတ်မှတ်လိုက်မိ၏။
ကွာစီအင်ပါယာတစ်ယောက်သာ ဖြစ်သည်ဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ယခုအချိန်တွင် ဆိုးဆိုးရွားရွား အခြေအနေမျိုးသို့ ရောက်ရှိသွားမှာ သေချာ၏။ သို့ပေမဲ့ သူတော်စင်ဘုရင်လည်း မဖြစ်နိုင်ချေ။ သူတော်စင်ဘုရင်သည် အလွန်အားကောင်းလှသည့် ဆိုလျှင်တောင်မှ အင်ပါရီယာ လက်နက်တစ်ခုကို အသက်သွင်း ကိုင်ဆောင်ဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။ သူတော်စင်ဘုရင်တစ်ယောက် အနေနှင့် အင်ပါရီယာလက်နက်တစ်ခုကို ကိုင်ဆောင်ပြီး ရောင်စဉ်အလင်း နတ်နယ်မြေဆီသို့ သွားရောက်ခြင်းဆိုသည်မှာ အောင်ပွဲကို ရယူနိုင်ရန် ခက်ခဲလှသည့်အရာမျိုးပင်။
“တော်ဝင်သူတော်စင် ဟုတ်လား”
ယန်ရှိုသည် ခဏလောက် စဉ်းစားလိုက်မိ၏။ သူ၏ မျက်လုံးများသည်လည်း ရုတ်တရက် တောက်ပလာခဲ့သည်။ တခြားသောသူများသည် ထိုအရာကို သတိမပြုမိဘူး ဆိုလျှင်တောင်မှ သူသည် ရောင်စဉ်အလင်းနတ်နယ်မြေ၌ ကွာစီအင်ပါယာတစ်ယောက် ရှိမနေဘူး ဆိုသည်ကို သူက ကောင်းကောင်း သိရှိနေ၏။ အများဆုံး တော်ဝင်သူတော်စင်သာလျှင် ရှိပေလိမ့်မည်။
နှစ်ဖက်လုံး တော်ဝင်သူတော်စင်များ ဖြစ်ပြီး အင်ပါရီယာလက်နက်များကို ကိုင်ဆောင်ကာ တိုက်ခိုက်မည်ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် တကယ်ပင် စိတ်လှုပ်ရှားစရာ ဖြစ်ပေလိမ့်မည်။ အချိန်အတော်ကြာသည်အထိ ၎င်းတို့သည် မည်သူက အနိုင်ရရှိပြီး မည်သူက ရှုံးနိမ့်သည် ဆိုသည်ကို အဖြေရှာရန် ခက်ခဲပေလိမ့်မည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်သည် ရောင်စဉ်အလင်းနတ်နယ်မြေ၏ တည်နေရာဆီသို့ ခိုးဝင်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်မည်ဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေအနေနှင့် လွယ်လွယ်ကူကူ ရှုံးနိမ့် သွားမည် မဟုတ်ပါလား။
တော်ဝင်သူတော်စင်များ အင်ပါရီယာ လက်နက်များကို အသက်သွင်းကာ တိုက်ခိုက်နေသည့်အချိန်တွင် ၎င်းတို့၏ နတ်နယ်မြေထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လိမ့်မည်ဟု မည်သူက ထင်မှတ်နေမည်နည်း။
ဤကဲ့သို့ အာရုံပျောက်နေသည့်အချိန်တွင် ရောင်စဉ်အလင်းနတ်နယ်မြေ နှစ်ပေါင်းသန်းချီ စုစည်း ရယူ ထားခဲ့သော အင်ပါရီယာ ကျမ်းစာများ၊ အင်ပါရီယာ လက်နက်များ အားလုံးကို ရယူကာ သိမ်းဆည်းသွားမည် ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် ကြီးမားသော အကျိုးအမြတ်ကို ရရှိမည် မဟုတ်ပါလား။
ကံဆိုးစွာဖြင့် အင်ပါရီယာအဆင့် အစီအရင် ကို သူ မဖျက်ဆီးနိုင်ချေ။ မဟုတ်ပါက ထိုအရာကြီးကို ရောင်စဉ် အလင်းနတ်နယ်မြေဆီမှ ဖြုတ်ယူလာမည်ဆိုလျှင် တကယ့်ကို ကောင်းမွန်သည့်အရာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ ကွာစီအင်ပါယာ ပြန်လာသည်ဆိုပါက အားလုံးသည် ကံဆိုးမိုးမှောင် ကျကုန်မှာ သေချာ၏။ စွန့်စားလွန်းရမည့် ကိစ္စကြီးတစ်ခုပင် ဖြစ်လေသည်။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အဓိကတောင်ထွတ်ရှိ အစီအရင်သည် အင်ပါယာအဆင့် မဟုတ်ချေ။ အနည်းဆုံး ကွာစီအင်ပါယာအဆင့်သာ ရှိနေသေး၏။ ကွာစီအင်ပါယာသည် လက်နက်တစ်ခုခုနှင့် ရောက်ရှိလာပြီး ဖျက်ဆီးမည် ဆိုပါက အစီအရင်သည် မည်သို့မှ ခံနိုင်လိမ့်မည် မဟုတ်ချေ။
ရောင်စဉ်အလင်းနတ်နယ်မြေထဲတွင် ရှိသည့် အရင်းအမြစ်များကို ရရှိပြီး နှစ်ပေါင်း တစ်ထောင်၊ နှစ်ထောင်လောက် သေသေချာချာ ကြိုးစားလိုက်မည်ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် တကယ့်ကို လောကကြီးတစ်ခုလုံးကို လှုပ်ခါသွားအောင် ပြုလုပ်နိုင်စွမ်းရှိသည့် ဂိုဏ်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားမှာသေချာ၏။
“အင်း... အောင်မြင်မှုကို ရရှိနိုင်ဖို့ အခွင့်အလမ်းပဲ”
ယန်ရှိုသည် တွေးတောရင်း ပိုမိုကာ စိတ်လှုပ်ရှားလာခဲ့၏။ မူလအားဖြင့် သူ့အနေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေကို ရန်စရန် တွေးတောမထားခဲ့ချေ။ တစ်ဖက်လူများ၌ ကွာစီအင်ပါယာ တစ်ယောက်ရှိပြီး အင်ပါရီယာလက်နက်လည်း တည်ရှိလို့နေသေး၏။ အထဲသို့ ဝင်ရောက်သွားဖို့ ဆိုသည်မှာ လွယ်ကူ၏။ ပြန်ထွက်လာဖို့ဆိုသည်မှာ ခက်ခဲပေလိမ့်မည်။
ရောင်စဉ်အလင်းနတ်နယ်မြေသည် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မည် ဆိုလျှင်ပင် လွယ်လွယ်ကူကူနှင့် တိုက်ခိုက်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေသည် သူတို့ဘာသူတို့ အာရုံများလျက် ရှိနေ၏။ ဤအရာသည် ကောင်းကင်က ပေးလိုက်သော အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။
သူ့အနေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ အင်ပါရီယာလက်နက်များကို ခိုးယူနိုင်မည်ဆိုပါက ရောင်စဉ် အလင်းနတ်နယ်မြေ၏ အားအင်အဆင့်ကလည်း လျော့ကျသွားပေလိမ့်မည်။ သို့ပေမဲ့ ရောင်စဉ်အလင်း နတ်နယ်မြေတွင် သူတော်စင် တစ်ယောက်ရှိသည်လား၊ နှစ်ယောက်ရှိသည်လား၊ သုံးယောက်ရှိသည်လား ဆိုသည်ကို မည်သူမှ မသိရှိနိုင်ချေ။
“မဖြစ်သေးဘူး။ ငါ ဘိုးဘေးနဲ့ သွားတွေ့ဖို့ အချိန်ကျပြီပဲ” ယန်ရှိုသည် အံကိုကြိတ်လိုက်၏။ ပြီးနောက် စိတ်ဆုံးဖြတ်ချက် ချလိုက်မိသည်။
နှစ်ပေါင်းတစ်ထောင်အတွင်း ရှားရှားပါးပါးရသည့် အခွင့်အရေးဖြစ်၏။ နတ်နယ်မြေနှစ်ခုသည် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသည့် အချိန်တွင် ၎င်းတို့သည် အနောက်ဘက်မှနေ၍ အကျိုးကျေးဇူးများကို ရယူရန် ဆုံးဖြတ်ထားလိုက်ပြီးဖြစ်သည်။ ဤအခွင့်အရေးကို လွဲချော်မည်ဆိုပါက ဤကဲ့သို့သော အခြေအနေမျိုး နောက်ထပ်ဖြစ်လာဖို့ ဆိုသည်မှာ မလွယ်ကူလှချေ။
တောင်၏အနောက်ဘက်တွင်တော့ ယန်ရှိုက ပေါ်ပေါက်လာခဲ့၏။ သူသည် လှေကားထစ်များအတိုင်း တက်ပြီး သည့်နောက် မကြာခင်မှာပဲ တောင်ထွတ်တည်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။ ဤနေရာသည် ကောင်းကင်ပြင်ကြီး တစ်ခုကဲ့သို့ပင် တားဆီးထားခဲ့၏။ တောင်ထွတ်၏ အပေါ်တွင် ထီးထီးကြီး တည်ရှိနေသည့် အဆောက်အဦကြီး တစ်ခုသာလျှင် တည်ရှိ၏။
ထိုအဆောက်အဦကြီးသည် ရေတွက်လို့ မရအောင် များပြားသည့် နှစ်များအတွင်း မားမားမတ်မတ် ကျန်ရှိခဲ့သည့် အရာပင် ဖြစ်လေ၏။ နံရံတွင် ရေညှိများ ကျန်ရှိနေပြီး ရှေးကျသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ကြည့်ရှုလိုက်သည်ဆိုသည်နှင့် နှစ်ပေါင်းများစွာ ကြာရှိခဲ့သည် သမိုင်းမှတ်တမ်းမှတ်ရာ အဆောက်အဦကြီး ဖြစ်ကြောင်း သိရှိနိုင်သည်။
သူသည် အရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ နတ်ဆိုးအော်ရာများသည် သူ၏ ခန္ဓာကိုယ်ဆီမှ တဝုန်းဝုန်းနှင့် ထွက်ပေါ်လျက်ရှိနေ၏။ ကြည့်ရသည်မှာ နတ်ဆိုးအားလုံး၏ အရင်းအမြစ်သည် ဤအဆောက်အဦဆီမှ ထွက်ပေါ် နေသကဲ့သို့ပင်။ သူတော်စင်အဆင့်၏ အောက်တွင် ရှိနေသည့် မည်သူမဆိုသည် ဤနေရာဆီသို့ ခြေချရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
ဤနေရာတွင် ကျင့်ကြံနိုင်သည့်လူများသည် အနည်းဆုံး ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်ဘုရင်အဆင့် သာလျှင် ဖြစ်ပေလိမ့်မည်။ ယခု ယန်ရှိုသည် သူတော်စင်တစ်ယောက် ဖြစ်လာခဲ့၏။ သူ့အနေနှင့် တော်ဝင်သူတော်စင်အဆင့်ဘိုးဘေးကို လာရောက်တွေ့ဆုံခြင်းသာလျှင် ဖြစ်၏။
“ယန်ရှို ဂိုဏ်းချုပ်... ဘိုးဘေးကြီးကို အရေးကြီးကိစ္စနဲ့ တွေ့ခွင့်တောင်းပါတယ်” သူ၏ အသံ ထွက်ပေါ်လာခြင်း မှာပဲ အချိန်ခဏကြာ တိတ်ဆိတ်သွားခဲ့သည်။
ဘိုးဘေးအကြီးအကဲကြီး တံခါးပိတ် ကျင့်ကြံနေသည်ဟု ယန်ရှို တွေးတောမိနေတုန်းမှာပဲ ခန့်ညားထည်ဝါလွန်းလှသည့်အသံသည် ဟောခန်းကြီးအတွင်းမှ ထွက်ပေါ်လာခဲ့၏။
“ဝင်ခဲ့လေ”
“တပည့် နားထောင်ပါ့မယ်” ယန်ရှိုသည် စိတ်ထဲတွင် ပျော်ရွှင်သွားမိ၏။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အတွင်းပိုင်းကို သူ မြင်ရတော့မည် ဖြစ်သည်။
ဂိုဏ်းချုပ်ဖြစ်သည်မှာ မကြာသေးသောကြောင့် ဂိုဏ်း၌ တော်ဝင်သူတော်စင် မည်မျှများများ တည်ရှိသည်ဆိုခြင်းကိုပင် ကောင်းကောင်း မသိချေ။ တကယ်လို့ များများစားစား တည်ရှိနေသည်ဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေထဲတွင် ရှိနေသည့် အင်ပါရီယာ လက်နက်များကို ခိုးယူဖို့ ပိုမိုကာ လွယ်ကူမှာ သေချာ၏။