← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

ခန့်ညားထည်ဝါလွန်းလှသော ဟောခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် အထဲတွင် ပြောင်ရှင်း လင်းလက်လျက် ရှိနေ၏။ အပြင်ဘက်လောကနှင့် မတူဘဲ လေဟာနယ်ကြီး တစ်ခုကဲ့သို့ပင်။ တခြားသော စကြဝဠာ တည်နေရာ တစ်ခုဆီသို့ လှမ်းဝင်လိုက်သလိုပင် ခံစားနေရချေ၏။

အထဲတွင် ရှိသမျှအရာအားလုံးသည် မဲမှောင်လျက် ရှိနေပြီး နတ်ဆိုးအော်ရာများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်နေသည်။ နတ်ဆိုးကျင့်ကြံသူတို့အတွက် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင်။

“အင်း... တကယ့်ကို နတ်ဘုံနတ်နန်းလေး တစ်ခုလား”

ယန်ရှို၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ သူ၏ ဂိုဏ်းထဲတွင် ဤကဲ့သို့ နက်နဲလှသည့် အရင်းအမြစ်နှင့် အဆောက်အဦ တည်ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

“ယန်ရှို… ဒီနေ့ ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ”

ဆန်းကြယ်လှသော အသံအိုကြီးသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် လှိုင်းများအဖြစ် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ကြားရသူတိုင်းကို ကြက်သီးမွှေးညှင်းများပင် ထစေခဲ့၏။ တစ်ဖက်မှ ထွက်ပေါ်လာသည့် အရှိန်အဟုန်ကို ကြည့်ရှုရမည်ဆိုလျှင် ပြောဆိုလိုက်သည့်လူသည် သူတော်စင်ဘုရင် အဆင့်တွင် ရှိနေသည့် လူဖြစ်ကြောင်း သိသာနိုင်သည်။

“တပည့်... ဒီနေရာကို လာတာကတော့ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေရဲ့ ဘိုးဘေးကြီးက အင်ပါရီယာ လက်နက်ကို ကိုင်ပြီးတော့ ထွက်ခွာသွားတယ်ဆိုတဲ့ သတင်းကို လာပြီးတော့ ပေးတာပါ။ သူတို့က ရောင်စဉ် အလင်းနတ်နယ်မြေနဲ့ တိုက်ခိုက်တော့မယ်”

“ဪ”

လေဟာနယ်အတွင်းမှ ဪဟူသော အသံပေါ့ပေါ့ပါးပါးလေးသာ ထွက်ပေါ်လာ၏။ ထိုအရာသည် အံ့အားသင့်သည့် အသံမျိုးတော့ မဟုတ်ခဲ့ချေ။ “သူတို့ တိုက်ခိုက်တာက ဘယ်လိုဖြစ်ပြီး ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနဲ့ သက်ဆိုင်နေတာလဲ”

အသံသည် ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ ပြောဆိုလိုက်သည့်ဟာသည်လည်း မမှားယွင်းလှချေ။ နတ်နယ်မြေနှစ်ခုသည် အင်ပါရီယာ လက်နက်များကို ကိုင်ဆောင်ပြီး တိုက်ခိုက်မည် ဆိုခြင်းမှာ သူတို့နှင့် ဘာသက်ဆိုင်မည်နည်း။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အင်ပါရီယာ လက်နက် မရှိပေ။ ထို့ကြောင့် အထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်ခြင်းဆိုသည်မှာ ဘေးအန္တရာယ်ကို သွားရောက်ယူဆောင်ခြင်းနှင့် ဆင်တူပေလိမ့်မည်။ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရနိုင်သည့် ရလဒ်ကိုပင် ရရှိသွားနိုင်၏။

“သေချာတွေးကြည့်ပါအုံး အကြီးအကဲတို့။ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေရဲ့ ဘိုးဘေးကြီးက အင်ပါရီယာ လက်နက်ကို ကိုင်ဆောင်ပြီး ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ သွားပြီးတိုက်ခိုက်တယ်။ ကိုယ်ပိုင် အင်ပါရီယာ လက်နက်ရှိနေတဲ့ ရောင်စဉ်အလင်းနတ်နယ်မြေက ကျိန်းသေပေါက် ငြိမ်ခံနေမှာ မဟုတ်ဘူးလေ။ ပြန်လည် တိုက်ခိုက်မှာ။ ဒါက ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက် အခွင့်အရေး တစ်ခုပဲ” ယန်ရှိုသည် စိတ်လှုပ်ရှားစွာဖြင့် ထပြောလိုက်သည်။

“မင်း အတွေးလွန်နေတာပဲ”

တခြားသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အေးစက်ပြီး မောက်မာလွန်းလှ၏။ လူသားတစ်ယောက် ထုတ်ဖော်နိုင်သည့် အသံမျိုးနှင့်ပင် မတူလှချေ။ အေးစက်လွန်းလှ၏။ ငရဲပြည် အမှောင်ခန်းထဲမှ ထွက်ပေါ်လာသည့် အသံတစ်ခုကဲ့သို့ပင်။

“ရောင်စဉ်အလင်းနတ်နယ်မြေက နှစ်သန်းပေါင်းများစွာအထိ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ နတ်နယ်မြေ တစ်ခုလေ။ သူတို့ဆီမှာ အင်ပါရီယာလက်နက်တစ်ခုပဲ ရှိမယ်လို့ မင်းထင်နေတာလား။ မမေ့နဲ့အုံး။ သူတို့ဂိုဏ်းမှာ အင်ပါရီယာအဆင့် အစီအရင်ကြီး တစ်ခုလည်း ရှိသေးတယ်”

အင်ပါရီယာ လက်နက်ဆိုသည်မှာ အများဆုံး ကိုင်ဆွဲတိုက်ခိုက်နိုင်သည့်အရာမျိုး ဖြစ်၏။ အင်ပါရီယာအဆင့် အစီအရင်မှာတော့ တကယ့်ကို ခန့်မှန်းလို့မရအောင် အားကောင်းလှသည့် ဂိုဏ်းအရင်းအမြစ်နှင့် တူလှ၏။ ရောင်စဉ်အလင်းနတ်နယ်မြေ၌ အင်ပါရီယာလက်နက်နှင့် အင်ပါရီယာအဆင့် အစီအရင်ကော တည်ရှိ၏။ လက်ထဲတွင် အင်ပါရီယာလက်နက်ကို ကိုင်ဆွဲပြီး အင်ပါရီယာဒိုင်းကိုလည်း ကိုင်ဆောင်ထားသေးသည်ဟူသော အဓိပ္ပာယ်ပင်။

တခြားသော နတ်နယ်မြေများ အနေဖြင့် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ပြီး လာရောက်တိုက်ခိုက်မည် ဆိုပါက ၎င်းတို့ကို သက်ရောက်လိမ့်မည် မဟုတ်ချေ။ လိုအပ်သည်ဆိုပါက အစီအရင်ကို အသက်သွင်း ပြီးသည့်နောက် ဂိုဏ်းထဲတွင် ပေါ့ပေါ့ပါးပါးဖြင့် နေထိုင်နိုင်စွမ်း ရှိနေ၏။

ပြင်ပမှ အန္တရာယ်များသည် အထဲသို့ သက်ရောက်လိမ့်မည် မဟုတ်ချေ။ သူတို့၏ ကွာစီအင်ပါယာသာ ထွက်လာသည် ဆိုပါက အခြေအနေအား ယခုထက်ပိုကာ ဆိုးရွားသည့်ဘက်ဆီသို့ ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေသည်။

“အဟမ်း .. အဟမ်း ….. ဂုဏ်ယူရလောက်တဲ့ အကြီးအကဲတို့”

ယန်ရှိုသည် လည်ချောင်းကို ရှင်းကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဂျူနီယာက သူတို့ရဲ့ အကာအကွယ်အစီအရင်ကို ဖျက်ဆီးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိထားတယ် ဆိုရင်ကော”

“ဟမ်” အသံတစ်ခုက ထွက်ပေါ်လာသည်။

ဘုန်း

ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ပင်။ ရေတွက်လို့မရအောင် များပြားလှသည့် အမဲရောင် သင်္ကေတများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့၏။ ထိုအရာသည် ဆန်းကြယ်လွန်းလှသည့် နတ်ဘုံ နတ်နန်းကဲ့သို့ တည်နေရာထဲတွင် ကခုန်လျက် ရှိနေကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များသည် လောကကြီး တစ်ခုလုံး၌ ဖြစ်တည်လာသကဲ့သို့ပင်။

ပြီးသည့်နောက် လူရှစ်ယောက်တို့၏ အသွင်သဏ္ဍာန်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ထိုသူတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေလေ၏။ ထိုရှစ်ယောက်ထဲတွင် ခြောက်ယောက်သည် သူတော်စင်ဘုရင်များ ဖြစ်ပြီး ယန်ရှိုအနေနှင့် တခြားသောနှစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို သေသေချာချာ ကြည့်ရှုနိုင်စွမ်း မရှိလှချေ။ ၎င်းတို့သည် တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်ပေလိမ့်မည်။

ထိုသူတို့အားလုံးသည် ဘေးတစ်ဖက်တစ်ချက်စီတွင် ညီညီညာညာ မတ်မတ်ရပ်လျက် ရှိနေပြီး အလယ်တွင် အခေါင်းတစ်ခုက တည်ရှိလို့နေ၏။ ထိုအခေါင်းသည် မည်သည့်အရာနှင့်ပြုလုပ်ထားသည့် အရာမှန်း မသိနိုင်ချေ။ ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည် ဖြစ်သောကြောင့် ထိကိုင်လိုက်သည်နှင့်တပြိုင်နက် ကျိုးကြေသွားတော့မည် အရာတစ်ခုလိုပင်။

မျက်လုံးရှစ်စုံသည် ယန်ရှိုကို စူးစိုက်ကြည့်ရှုလျက် ရှိနေသည်။

ယန်ရှိ၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။

“ယန်ရှို”

ခါးကုန်းကုန်းနှင့် အိုမင်းရင့်ရော်လှသည့် အဘိုးကြီးတစ်ယောက်သည် ခြောက်ကပ်ကပ် အသံဖြင့် ပြောဆိုလိုက်သည်။ “မင်းပြောတာက ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ တောင်ကာကွယ်ခြင်းအစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောချင်တာလား”

“ဟုတ်ပါတယ်” ယန်ရှိုက အတည်ပြုလိုက်၏။

သူ့၌ လက်ရှိ နည်းလမ်းမရှိသေးသည် ဆိုသော်လည်း ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ တစ်ခါလောက် သွားရောက်လည်ပတ်လိုက်မည် ဆိုပါက ဤပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားသည်ဆိုခြင်းမှာ အကုန်အကျ များလွန်းလှ၏။ ဤလေးစားရလောက်သော ဘိုးဘေးများသည် ထို့အတွက် အရင်းအမြစ်များကို ပေးအပ်လိမ့်မည်ဟု သူက မျှော်လင့်နေမိသည်။

“အသေးစိတ် ရှင်းပြစမ်း”

အဆင့်မြင့်ပုံပေါ်သော အကြီးအကဲကြီးသည် အေးစက်စက်ဖြင့် ပြောဆိုလိုက်သည်။ ၎င်းသည် ဘုံကိုးပါးတွင် မတ်မတ်ရပ်လျက် ရှိနေသည့် နတ်ဆိုးတစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်မျိုးကို ထုတ်ဖော်လျက် ရှိနေ၏။

“အင်း”

ယန်ရှိုသည် တွန့်ဆုတ်လျက် ရှိနေ၏။ ချက်ချင်းပဲ သူ၏လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ “တကယ်တော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်နဲ့ သက်ဆိုင်တဲ့ကိစ္စပါပဲ။ အကြီးအကဲတို့... နန်းဆောင်သခင်ရဲ့ လမ်းညွှန်မှု ကျေးဇူးတရားကြောင့် ကျုပ် သူတော်စင်တစ်ယောက် ဖြစ်လာတယ်ဆိုတာကို အားလုံး နားလည်ပြီးသား ဖြစ်ပါလိမ့်မယ်။ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အစီအရင်ကို ချိုးဖြတ်နိုင်တဲ့နည်းလမ်း သူ့ဆီမှာ ရှိတယ်။ ဒါပေမဲ့ ဈေးနှုန်းက ….”

“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”

အဘိုးအို ရှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ၎င်းတို့သည် တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် အရိပ်သင်္ကေတနှင့် အဓိပ္ပာယ်များကို ကောင်းကောင်း နားလည်လျက် ရှိနေ၏။

ယန်ရှို၏ စီနီယာများ ဖြစ်သည်နှင့်အညီ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သိက္ခာ နှင့် အရှိန်အဝါကို ကောင်းကောင်းနားလည်ကြ၏။ အထူးသဖြင့် ယန်ရှို သူတော်စင် အဆင့်သို့ ရောက်ရှိခဲ့ခြင်းမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် ၏ ကောင်းချီးဖြစ်ကြောင်းကို သူတို့ သိရှိကြသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် ရောင်စဉ်အလင်းနတ်နယ်မြေ၏ တောင်အကာအကွယ်အစီအရင်ကို ချိုးဖြတ် နိုင်သည့် နည်းလမ်းသာ အစစ်အမှန် တည်ရှိနေသည် ဆိုပါက သူတို့အနေနှင့် လောင်းကစားပြုလုပ်ရန် စဉ်းစား ဆုံးဖြတ်ရပေလိမ့်မည်။

“အင်း... မင်းပြောခဲ့တာ တကယ်လား”

အခေါင်း၏ ညာဘက်ခြမ်းတွင် ရှိနေသည့် ငွေရောင်ဝတ်စုံနှင့် အကြီးအကဲ သည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။ ၎င်း၏ မျက်လုံးများသည် ရိုင်းစိုင်း ကြမ်းတမ်းလွန်းလှပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးကြမ်းတမ်းလွန်းလှသည့် အရှိန်အဝါမျိုးပင်။ ဤလူ၏ အရှိန်အဝါမျိုးသည် တော်ဝင်သူတော်စင်ပင် ဖြစ်၏။ တကယ့်ကို ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် လူတစ်ယောက်ပင်။ သူတို့အနေနှင့် သာမန်ဈေးနှုန်းများကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ကြီးမားလွန်းလှသည့် အရင်းအမြစ်များကို ပေးအပ်ရမည်ကို မစိုးရိမ်ချေ။ လုံလောက်သည့် အကျိုးကျေးဇူးကို ရရှိရန်သာ လိုအပ်သည်။

“တကယ့်ကို သေချာပါတယ်”

ယန်ရှိုသည် အသာမော့ကြည့်ပြီးသည့်နောက် ဆက်လက်ကာ ပြောလိုက်၏။ “ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေပြီးတော့ သတင်းအချက်အလက် တစ်ခုကို ဝယ်ခဲ့ဖူးတယ်။ ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ ကွာစီအင်ပါယာက လက်ရှိ နတ်နယ်မြေထဲမှာ မရှိဘူးတဲ့။ သူက ရှုပ်ထွေး ကြယ်ပင်လယ်ထဲကို ရောက်ရှိနေတယ်လေ”

ဖြောက်

ယန်ရှို၏ စကား ထွက်ပေါ်လာလာချင်းမှာပဲ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် အခေါင်းဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ အခေါင်း၏ အဖုံးတံခါးသည် ရုတ်တရက် ဖွင့်ဟသွားခဲ့၏။ အထဲမှ ပိန်ခြောက်ခြောက်နှင့် အရိုးပေါ် အရေတင် လက်တစ်ဖက်သည် ထွက်ပေါ်လာခဲ့၏။ အခေါင်းထဲဆီမှ လေပြင်းများ တိုက်ခိုက်လာပြီး ဖုန်များ တထောင်းထောင်း ဖြစ်တည်လာခဲ့သည်။

အမဲရောင် အခိုးအငွေ့များသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဟုန်မျိုး စတင်ကာ ဖြစ်တည်လာခဲ့၏။ ငရဲခန်းဆီမှ သေမင်းနတ်ဘုရားသည် လှောင်ချိုင့်ကို ချိုးဖြတ်ကာ လွတ်လပ်မှု ရရှိသွားသည့် ဟန်ပန်မျိုးပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါမျိုး ထွက်ပေါ်လာ၏။ လေထုတစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများသည်လည်း အရှိန်တငြီးငြီး ဖြစ်တည်လာ၏။

All Chapters