အခန်း (၁၁၄)
Vol. 8 Ch. 114
အင်ပါရီယာ လက်နက်နှစ်ခုကို ကိုင်ဆောင်ထားသော နတ်နယ်မြေနှစ်ခု တိုက်ခိုက်နေတုန်းမှာပဲ တော်ဝင်သဲကန္တာရမြို့ရှိ ကောင်းကင်လျို့ဝှက် နန်းဆောင်၏ ရှေ့သို့ လူနှစ်ယောက်သည် လမ်းလျှောက်လာနေကြ၏။
ရှေ့မှ ဦးဆောင်လာသူသည် ခါကုန်းကုန်းနှင့် ယိုင်တိယိုင်တိုင် အဘိုးကြီးတစ်ယောက်သာ ဖြစ်၏။ ၎င်း၏ ဆံနွယ်များသည် ပုခုံးထက်တွင် ပြန့်ကျဲလျက် ရှိနေ၏။ ၎င်းသည် ယိုင်တိယိုင်တိုင်ဖြင့် လှမ်းလျှောက်နေခြင်း ဖြစ်၏။ အချိန်မရွေး ပြိုလဲသွားတော့ မတတ်ပင်။
ထိုအဘိုးကြီး၏ ဘေးတွင် လမ်းလျှောက်လာသူသည် သက်လတ်ပိုင်း လူတစ်ယောက် ဖြစ်၏။ ထိုသူသည် ယန်ရှိုမှလွဲ၍ အခြားမဟုတ်ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီးနောက် ယန်ရှိုသည် ကြီးကျယ်လှသော ဟိတ်ဟန်များကို ထုတ်ဖော်နိုင်ခဲ့၏။
သို့ပေမဲ့ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးကြီးကို ဖေးမနေရ၏။ သူ၏ အပြုအမူများသည် လေးလေးစားစားနှင့် ဖြစ်သည်။ ယန်ရှိုသည် သူ၏ စီနီယာအား ဤကဲ့သို့ လေးလေးစားစားနှင့် ပြုမူ ဆက်ဆံတတ်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။
"ဘိုးဘေး ကျေးဇူးပြုပြီး ဖြေးဖြေးသွားပါ။ ကျုပ်တို့ ကောင်းကင်လျို့ဝှက် နန်းဆောင်ကို ရောက်နေပါပြီ" ယန်ရှိုက တီးတိုးပြောဆိုလိုက်သည်။
"ရောက်နေပြီလား" အဘိုးအိုသည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။ ၎င်း၌ မျက်စိသူငယ်အိမ်ဟူ၍ မရှိချေ။ စကြာဝဠာ တွင်းနက်ကြီးကဲ့သို့ပင် နက်ရှိုင်းသည့် အပေါက်ကြီး နှစ်ခုလိုပင်။ ထိုမျက်လုံးပေါက်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။
"အင်း ..အခြားသူကို သူတော်စင်တစ်ယောက်ဖြစ်အောင် လမ်းညွှန်ပေးနိုင်တဲ့ လူတစ်ယောက် ပီသပါပေတယ်။" အဘိုးအိုက မှတ်ချက်ပြုလိုက်သည်။ သူ့ကဲသို့ အားကောင်းလှသော သူပင်လျှင် တချက်ကြည့်ရုံနှင့် ကောင်းကင်လျို့ဝှက် နန်းဆောင်အတွင်းသို့ ထိုးဖောက်ကြည့်၍ မရနိုင်ချေ။ ကြည့်ရှုလိုက်သည်နှင့် ဤနန်းဆောင်သည် တခြားသော လောကဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ နန်းဆောင်ကြီးတစ်ခုလုံးသည် မြူများနှင့် ရစ်ဆိုင်းနေခဲ့ပြီး အလွန်ကြီးကျယ်လှသည့် ဟိတ်ဟန်များကို ထုတ်ဖော်နေသည်။
"ဒီနန်းဆောင်သခင်က ဆန်းကြယ်လှတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယ ရှိစရာမလိုဘူး"
ယန်ရှိုသည် ဘေးတစ်ဖက်မှ ဝင်ကာပြောလိုက်၏။ သူတို့သည် ကောင်းကင်လျို့ဝှက် နန်းဆောင်၏ အဝင်ဝသို့ ရောက်ရှိနေပြီ ဖြစ်၏။ နန်းဆောင်သခင်ကို ချီးကျူး ပြောဆိုခြင်း ဆိုသည်မှာ အခွင့်အရေးကို ဆွဲယူခြင်းနှင့် ဆင်တူ၏။ သူသည် တစ်ဖက်လူကို မြောက်ပင့် ပြောဆိုခဲ့ခြင်းသာ ဖြစ်၏။
"ဘိုးဘေး သတိထားပါ … အရှေ့မှာ လှေကားရှိပါတယ်"
ယန်ရှိုသည် အဘိုးအိုကို ကူညီဖေးမကာဖြင့် အရှေ့သို့ လှမ်းဝင်လိုက်၏။ သူသည် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှတော့ လီယွင်အား မြင်လိုက်ရသည်။
"ဂျူနီယာယန်ရှို …. စီနီယာကို ဂါဝရပြုပါတယ်"
"အဘိုးကြီး မုန့်ရှင်းကျီ နန်းဆောင်သခင်ကို လာပြီးတော့ ဂါဝရပြုပါတယ်" ယန်ရှို နှင့် အဘိုးကြီးတို့သည် ဂါဝရပြုလိုက်ကြ၏။
“ဟမ်….”
သူ၏ ဘိုးဘေးကြီးပါ ဦးညွှတ်လျက် ရှိနေသည်ကို မြင်လိုက်ရသည့် အချိန်မှာတော့ ယန်ရှိုသည် အမှန်ပင် စိတ်လှုပ်ရှား နေမိ၏။ တခြားသူများသည် ဘိုးဘေး၏ အားဆင့်အဆင့်ကို မသိရှိသော်လည်း သူကတော့ သိရှိနေ၏။ ဘိုးဘေးသည် အမှန်ပင် ကွာစီအင်ပါယာ ဖြစ်လေ၏။ အိုမင်းရင့်ရော်လာပြီးနောက် အသက်ဓာတ်များ ကုန်ဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေသည့် လူတစ်ယောက်ပင်။ ဘဝ၏ အဆုံးသတ်ကို ရောက်ရှိနေသောကြောင့် အခေါင်းထဲမှာပဲ တံခါးပိတ် ကျင့်ကြံနေတတ်သည်။
ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ အသက်ရှင် ကျန်နေခဲ့သည့် လူများသာလျှင် ဤအဘိုးအိုကို သိရှိကြ၏။ သေခါနီး ကွာစီအင်ပါယာ ဖြစ်နေသည်ဆိုလျှင်တောင်မှ ကွာစီအင်ပါယာတော့ ဖြစ်နေသေး၏။ သေခါနီးဖြစ်ပြီး အသက်ဓာတ်များ လျော့နေလျှင် တောင်မှ ထိပ်ဆုံးအဆင့် ကွာစီအင်ပါယာ အားအင်ထက် အနည်းငယ်သာ အားနည်း၏။
ယန်ရှိုသည် ထိုအရာကို မြင်လိုက်ရသည့် အချိန်မှာတော့ အမှန်ပင် အံ့အားသင့်လျက် ရှိနေ၏။ ဤအဘိုးကြီးသည် အမှန်ပင် ဦးညွှတ်လျက် ရှိနေသည်။
ဤအရာသည် မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ စီနီယာသည် ဤအဘိုးကြီးထက် ပိုမိုကာ အားကောင်းနေသည်ကို သက်သေပြနေသည်လား။ တော်ဝင်အင်ပါယာတောင် ဖြစ်နေနိုင်၏။ နန်းဆောင်သခင်သည် ကွာစီအင်ပါယာ ဖြစ်နေပါက အဘိုးကြီးသည် ဦးညွှတ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကောင်းကင်လျို့ဝှကိ နန်းဆောင်သခင်သည် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်ရပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ ယန်ရှိုသည် မယုံကြည်နိုင်အောင် ဖြစ်မိနေ၏။ အရင်တုန်းက သူသည် တွက်ချက်ထားခဲ့သော်လည်း တကယ်တမ်း သိရှိလိုက်ရသည့် အချိန်မှာတော့ အံ့အားသင့်လျက် ရှိနေ၏။
အခြားတစ်ဖက်တွင် ရှိနေသည့် မုန့်ရှင်းကျီသည် တကယ်ပင် အံ့အားသင့်နေခဲ့၏။ ဤလောကတွင် များပြားလှသော ကျွမ်းကျင်သူများ တည်ရှိနေ၏။ သို့ပေမဲ့ ဤကဲ့သို့ သေးငယ်လှသော တော်ဝင်သဲကန္တာရမြို့တွင် သူခန့်မှန်း၍မရအောင် အားကောင်းလှသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
"ကျေးဇူးပြုပြီး ခနလောက် ထိုင်ပါအုံး …. ။ ခင်ဗျားတို့နှစ်ယောက်"
လီယွင်သည် ယန်ရှိုအား ထူးဆန်းသည့်အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သိုသိုသိပ်သိပ် နေထိုင်တတ်သော ယန်ရှိုသည် သူ၏ ဘိုးဘေးကို ခေါ်ဆောင်လာလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ တစ်ဖက်လူသည် ကွာစီအင်ပါယာ တစ်ယောက်ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးကလည်း ဆိုးယုတ်လျက် ရှိနေ၏။ သက်တမ်းကလည်း ဘာမှ မကျန်တော့ချေ။
ဤတစ်ကြိမ် အပြင်ဖက်သို့ ထွက်လျှောက်လာခြင်း ဆိုသည်မှာ သင်္ချူင်းထဲသို့ လှမ်းဝင်သွားခြင်းနှင့်ပင် ဆင်တူနေ၏။
ယန်ရှို နှင့် မုန့်ရှင်းကျီ တို့သည် အသာထိုင်ချလိုက်ပြီးနောက် လျှိုချမ်းရွှယ်သည် ရေနွေးခွက်များကို လာရောက်ကာ ကမ်းပေး၏။ ပြီးနောက် သူမသည် လှပစွာ အသာလှည့်ထွက်သွားသည်။
မုန့်ရှင်းကျီသည် သူ၏ တုန်ယင်နေသော လက်များကို အသာဆန့်တန်းကာဖြင့် ရေနွေးခွက်ကို အသာ လှမ်းကိုင်လိုက်၏။ ရေနွေးကို အသာငုံပြီးသည့်နောက် လှမ်းပြောလိုက်၏။ "ဒီနေ့လာတာက နန်းဆောင်သခင်အနေနဲ့ လမ်းညွှန်မှုတွေ ပြုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း လာပြောတာပါ။ နန်းဆောင်သခင်သာ မကူညီရင် ကျုပ်တို့ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက ဒီနေ့မှာ သူတော်စင်တစ်ယောက်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး"
ပြောပြီးသည့်နောက် မုန့်ရှင်းကျီ သည် အသာလှမ်းကာ ကြည့်ရှုလိုက်၏။
"အင်း … ဒါက ဘာမှမဟုတ်ပါဘူး" လီယွင်သည် လက်ကို ယမ်းခါကာဖြင့် အသာပြောလိုက်သည်။
လီယွင်၏ ပြောစကား အရဆိုလျှင် ဤကိစ္စသည် သာမန်သာဖြစ်ပြီး ဘာတစ်ခုမှ အရေးပါလှသည့် ကိစ္စမျိုး မဟုတ်ချေ။ နတ်နယ်မြေတွင် ရှိနေသည့် ဂျူနီယာ တစ်ယောက်အား သူတော်စင်ဖြစ်အောင် ပြုလုပ်ပေးခြင်းသည် သူ့အတွက် သေးငယ်လှသည့် ကိစ္စလေး သကဲ့သို့ပင်။ သို့ပေမဲ့ ထိုကဲ့သို့ ကိစ္စလေးမျိုးကို ကွာစီအင်ပါယာက လာရောက်ကာ ကျေးဇူးတင်နေသည်မှာတော့ အဓိပ္ပာယ်မရှိလှချေ။
"ကျုပ်မေးလို့ရမလား နန်းဆောင်သခင်။ တော်ဝင်သဲကန္တာရမြို့အပြင်ဖက်မှာ သတ်ဖြတ်ခြင်း အစီအရင်ကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ တစ်စုံတစ်ယောက် သတ်ဖြတ်ခြင်း အစီအရင်ကို ဖန်တီးခဲ့တယ်ဆိုတာ ခင်ဗျားကြားပြီး ဖြစ်မှာပေါ့"
မုန့်ရှင်းကျီသည် မေးမြန်း စုံစမ်းလိုက်၏။
"သိတာပေါ့" လီယွင်က ခေါင်းညိတ်လိုက်သည်။
ဤကိစ္စသည် လျို့ဝှက်ချက် တစ်ခုမဟုတ်ချေ။ များပြားလှသော ဂိုဏ်းအသီးသီးမှ သူလျိုများသည်လည်း သတင်းများကို ပေးပို့ခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် မုန့်ရှင်းကျီ သိရှိသည်မှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။
"ပြောရမယ်ဆိုရင် လောကကြီးမှာ ဒီလောက် မောက်မာတဲ့လူတွေ ရှိနေသေးတာပဲ။ နန်းဆောင်သခင်ကို ထိခိုက်အောင် လုပ်ရဲတာပဲ။ ကျေးဇူးပြုပြီး နန်းဆောင်သခင် …. ဒီအဘိုးကြီးကို သူတို့ရဲ့ နာမည်တွေသာ ပြောပါ။ သူတို့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ရင်ဆိုင်ပြီးတော့ သုတ်သင်ပစ်မယ်။" မုန့်ရှင်းကျီ သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
သူ၏ ပိန်ခြောက်လျက် ရှိနေသော ခန္ဓာကိုယ် တစ်ခုလုံးသည် ဒေါသကြောင့် တုန်ယင်လျက် ရှိနေ၏။ သို့ပေမဲ့ သူ၏မျက်လုံးထဲတွင်တော့ အမှောင်ရိပ်များ ဖြစ်တည်လျက် ရှိနေ၏။
ဤနေရာသို့ လာရောက်သည့်လမ်း၌ နန်းဆောင်သခင်အကြောင်းကို ယန်ရှိုဆီမှ သေသေချာချာ လေ့လာခဲ့ပြီး ဖြစ်၏။ နန်းဆောင်၌ သတင်းအချက်အလက်များကို ဝယ်ယူရနိုင်၏။ ထို့ကြောင့် နန်းဆောင်သခင်၏ မျက်လုံးထဲတွင် သူသည် ကောင်းမွန်လှသည့် လူတစ်ယောက်ဖြစ်အောင် ဖန်တီးကြိုးစားနေခြင်းပင်။
သူ့အနေဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေ၏ အကာအကွယ်အစီအရင်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းကို ဝယ်ယူချင်စိတ်ရှိ၏။ သို့ပေမဲ့ စျေးနှုန်းသည် တတ်နိုင်သည့် ကိစ္စဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ ထို့ပြင် လူပေါင်းများစွာတို့သည် အန္တရာယ်များမှတဆင့် အကျိုးမြတ်ရရှိအောင် ပြုမူ ဆောင်ရွက်ချင်နေကြသည် မဟုတ်ပါလား။
"ခင်ဗျားမှာ အကြံရှိနေတာပဲ"
လီယွင်သည် မုန့်ရှင်းကျီ ကို တစ်ချက်ကြည့်ကာဖြင့် ပြုံးလိုက်မိ၏။ ပြီးနောက် သူသည် ဖြေးညင်းစွာ ပြောလိုက်၏။ "အစီအရင်ကို ဖန်တီးခဲ့တဲ့လူက ရောင်စဉ် အလင်းနတ်နယ်မြေပဲ"
“ဪ”
ထိုအရာကိုကြားလိုက်ရသည့် အချိန်မှာတော့ မုန့်ရှင်းကျီ၏ မျက်လုံးများသည် လင်းလက်သွားခဲ့တော့၏။ ဤအရာသည် သတင်းကောင်းပင်။ ထို့အပြင် ကြည့်ရသည်မှာ သူလုပ်ချင်နေသည်များကို နန်းဆောင်သခင်က သိရှိနေပုံလည်း ပေါ်သည်။