အခန်း (၁၁၆)
Vol. 8 Ch. 116
မုန့်ရှင်းကျီ၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျသည့် အရိပ်အယောင်များ ထင်ပေါ်လာသည်။ အခြားတစ်ဘက်မှာတော့ ယန်ရှိုသည် စိတ်အား တက်ကြွလာမိသည်။ စီနီယာသည် တကယ်ပင် စီနီယာြဖစ်၏၊ တန်ဖိုးကြီးသည့် သတင်းအချက်အလက်အား အဘယ်သို့ အလကား မူးတင်းမတ်တင်း ပေးမည်နည်း။
ခဏလောက် ငိုင်ကာ စဉ်းစားပြီးသည့်နောက် မုန့်ရှင်းကျီသည် အသာ သက်ပြင်းချလိုက်သည်။ သူသည် လက်ကို အသာ ယမ်းခါပြီး စိတ်ဝိညာဉ်ဆေးပင် သုံးပင်ကို ထုတ်ယူလိုက်သည်။ လေထုထဲတွင် မွှေးပျံ့သော သင်းရံနံ့များ သင်းကြိုင်သွားသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးတွင် တာအို၏ အရိပ်သင်္ကတများနှင့်ပင် ပြည့်နှက်သွားလေသည်။
ဤအရာသည် တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် သုံးပင်သာဖြစ်သည်။ တစ်ခုချင်းစီတိုင်းသည် အနည်းဆုံး နှစ်ပေါင်း တစ်သိန်းလောက် စိုက်ပျိုးခဲ့ရသော ဆေးပင်များဖြစ်၏။ အပြင်ဘက်၌ ထုတ်ကာ ရောင်းချမည်ဆိုပါက ကြီးမားလှသော တန်ကြေးကို ရရှိမှာ သေချာစေသော ဆေးပင်များပင်။ အလွန်ရှားပါးလွန်းသည့် ဆေးပင်များ ဖြစ်ပြီး ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းတွင်ပင် အနည်းငယ်သာ ရှိ၏။
“အခုဆိုရင်ရော နန်းဆောင်သခင် ….” မုန့်ရှင်းကျီ သည် မေးမြန်းလိုက်သည်။
“မလုံလောက်သေးဘူး” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်သည်။ ဤတော်ဝင်သူတော်စင် အဆင့် ဆေးပင် သုံးပင် နှင့် ရှေးမှန်း စုစုပေါင်းသည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အရင်းအမြစ် ဆယ်ပုံတစ်ပုံသာ ရှိသေးသည်။ လုံလောက်သည့် တန်ဖိုးတစ်ခုဟု သတ်မှတ်မရနိုင်ချေ။
“မလုံလောက်သေးဘူးလား” မုန့်ရှင်းကျီသည် အံကို ကြိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်၌ နာကျင်သည့် အမူအရာ များ ပေါ်လာသည်။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ချမ်းသာ ကြွယ်ဝမှုနှင့် ရှားပါးလှသော အခွင့်အရေး အကြောင်း ချိန်ဆ တွေးတောပြီးနောက် သူသည် လက်ကို ယမ်းခါလိုက်သည်။ ရှေးဟောင်း စာလိပ်တစ်ခု ထွက်ပေါ်လာ၏။
“နန်းဆောင်သခင် … ဒါက ကျုပ်ဖန်တီးထားတဲ့ ရှေးကျမ်းစာပါ။ ငရဲကိုးကောင်နတ်ဆိုး ဖိနှိပ်ခြင်း ကျမ်းစာလို့ခေါ်တယ်။ ကွာစီအင်ပါယာ အဆင့်ထိ ကျင့်ကြံလို့ ရတဲ့ ကျမ်းစာပဲ။ နည်းစနစ်တွေသာမကဘူး နတ်ဘုရားအတတ်တွေပါ ပါတယ်။ ဒါနဲ့ဆို တန်ဖိုးက လုံလောက်ရဲ့လား”
“ဘိုးဘေး”
ယန်ရှို မနေနိုင်တော့ချေ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၌ သမိုင်းတလျောက် ကွာစီအင်ပါယာ နှစ်ယောက်သာလျှင် ရှိသည်။ သူ့ရှေ့မှ တစ်ယောက်နှင့် ဂိုဏ်းတည်ထောင်သူ တို့ ဖြစ်သည်။ ထို့ကြောင့် သူတို့ဂိုဏ်း၌ ကွာစီအင်ပါယာ အဆင့် ကျမ်းစာ နှစ်ခုသာ ရှိသည်ဟူသော အဓိပ္ပာယ်ပင်။
ယန်ရှိုသည် ငရဲကိုးကောင် နတ်ဆိုးဖိနှိပ်ခြင်း ကျမ်းစာကို လေ့ကျင့်သည်။ ထိုအရာကို တခြားသူဆီ ပေးလိုက်ခြင်း ဆိုသည်မှာ ခြေလက်တစ်ဖက်စီကို ခုတ်ဖြတ်ကာ ပေးလိုက်သည်နှင့် ဘာထူးမည်နည်း။
“အဆင်ပြေတယ်။ ငါ စဉ်းစားထားတာ ရှိပြီးသား” မုန့်ရှင်းကျီ သည် ယန်ရှို ပြောဆိုလာမည်ကို သိရှိသောကြောင့် ကြိုတင်ကာ ပိတ်ပင်လိုက်သည်။
ကံဆိုးစွာနှင့် လီယွင်ဆက်ပြောလိုက်သော စကားစုသည် သူ့အား စိတ်ရောလူပါ အားငယ်သွားစေခဲ့၏။
“မလုံလောက်သေးဘူး”
“ဒါက …” မုန့်ရှင်းကျီ ဆွံ့အသွားသည်။ သူ၏ ကွာစီအင်ပါယာအဆင့် ကျမ်းစာကို ပေးအပ်ပြီး ဖြစ်သည်ကိုတောင်မှ မလုံလောက်သေးဘူးဟု ပြောဆိုနေလေသည်။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ပြန်လည် ကြည့်ရှုတော့ ကွာစီအင်ပါယာ နည်းစနစ်ထက် ပိုမိုကာ တန်ဖိုးကြီးသည် အရာဟူ၍ တစ်ခုမှ မရှိတော့ချေ။
စိတ်ဝိညာဉ်ကျောက်တုံးတွေလား။ ထိုအရာများသည် အဖိုးတော့တန်၏။ သို့ပေမဲ့ သိသာသည့်အရာမျိုး မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဆေးလုံးလား။ တော်ဝင်သူတော်စင်အဆင့် ဆေးလုံးသည် တော်ဝင် သူတော်စင် အဆင့် ဆေးပင်နှင့် ဘာမှမခြားနားလှချေ။ လက်နက်ပစ္စည်းလား ၊ တော်ဝင်သူတော်စင်အဆင့် လက်နက်ကိုတောင် ပေးထားပြီးပြီ မဟုတ်ပါလား။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် အရာသည် အင်ပါယာလက်နက် တစ်ခုကို ဖန်တီးနိုင်သော ကုန်ကြမ်းများသာ ဖြစ်လိမ့်မည်ဟု သူက တွက်ချက်လိုက်မိသည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် သူ့၌ မရှိချေ။
“ဘိုးဘေး .. တခြား တော်ဝင်သူတော်စင် ဘိုးဘေး နှစ်ယောက်ကို ကျုပ် ဆင့်ခေါ်လိုက်ရင်ရော …” ယန်ရှိုသည် စကား လမ်းကြောင်း ခင်းကာ အကြံပြုလိုက်သည်။ တခြား တော်ဝင် သူတော်စင် နှစ်ယောက်ကို ဆင့်ခေါ်လိုက်လျှင် တခြား တော်ဝင်သူတော်စင် လက်နက် နှစ်ခု ထပ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် လုံလောက်သည်ဟု သူက တွက်ချက်ထား၏။
“မလိုဘူး” မုန့်ရှင်းကျီသည် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူ၏ လက်ထဲ၌ ရောင်စဉ်တန်းများ ပေါ်ပေါက်လာပြီး လှံတစ်စင်း ဖြစ်တည်လာသည်။ ထိုလှံဆီမှ ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် အော်ရာ များ ထွက်ပေါ်လျက်ရှိနေသည်။ လက်နက်သည် လက်နက်သိစိတ်ရှိနေပုံပင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဖိနှိပ်ထားမှုသာ မရှိပါက ဤလက်နက်ကြောင့် အနီးအနား မိုင်တစ်သောင်း ပတ်ဝန်းကျင် တစ်ခုလုံးသည် ပြိုလဲကုန်ပေလိမ့်မည်။
“ဘိုးဘေးကြီး … မဖြစ်ဘူး”
ဘိုးဘေးကြီး ဤမျှ ရက်ရောလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ကွာစီအင်ပါယာအဆင့် လက်နက်ကို ထုတ်ပေးခြင်း ။ နည်းစနစ် ဆိုသည်မှာ ပြန်လည် ကူးယူ ရေးသား၍ ရသည်။ လက်နက်မှာတော့ မရချေ။ သူတို့၌ ကွာစီအင်ပါယာအဆင့် လက်နက် နှစ်ခုသာ ရှိသည်။ ကြီးမားလွန်းသော ဆုံးရှုံးမှု တစ်ခုပင်။
မုန့်ရှင်းကျီသည် ယန်ရှို၏ အော်သံကို လျစ်လျူရှုပြီး လီယွင့်ဆီ လှမ်းကာ ကြည့်လိုက်၏ “ဒီလောက်ဆို လုံလောက်ပြီလား နန်းဆောင်သခင်”
“လုံလောက်ပြီ” လီယွင်သည် ခေါင်းညိတ်လိုက်သည်။
ဤစကားစုသည် ယန်ရှိုနှင့် မုန့်ရှင်းကျီ တို့၏ နားထဲ၌ နတ်ဘုရားတေးဂီတ အသံလိုပင် နားထောင် ကောင်းလွန်းလှ၏။
လီယွင်သည် အရာအားလုံးကို လှမ်းကာ သိမ်းဆည်းပြီးနောက် ကောင်းကင် လျှို့ဝှက် အမှတ်များနှင့် လဲလှယ်လိုက်သည်။
လီယွင့်အတွက် ကွာစီအင်ပါယာ လက်နက် ဆိုသည်မှာ မလိုအပ်ချေ။ သိုပေမဲ့ ငရဲကိုးကောင် နတ်ဆိုးဖိနှိပ်ခြင်း ကျမ်းစာမှာတော့ အသုံးဝင်လွန်းလှသည်။ သူ မလေ့ကျင့်ဘူးဆိုလျှင်တောင်မှ အထဲမှ ရှိသည့် နတ်ဘုရားအတတ်ပညာ သိုင်းကွက် တစ်ချို့ကို နားလည်အောင် ကြည့်ရှုနိုင်သည်။ စနစ်မှ ဝယ်ယူရသည်ထက် သက်သာသည် မဟုတ်ပါလား။ လီယွင်သည် လက်ရှိအချိန်၌ ကောင်းကင်လျှို့ဝှက်အမှတ်များ ပြတ်လပ်လို့နေ၏။
“စနစ် … ရောင်စဉ်အလင်းနတ်နယ်မြေထဲကို ဝင်နိုင်မယ့် လုံခြုံတဲ့ လမ်းကြောင်း တစ်ခု ပြော” လီယွင်က ပြောလိုက်သည်။
[ဒင် … ကောင်းကင်လျှို့ဝှက်အမှတ် ၄၅၀၀၀၀ ကို နှုတ်ယူလိုက်သည်။ နည်းလမ်းအား ပေးပို့လိုက်ပါသည်။]
“၄၅၀၀၀၀ ဟုတ်လား” လီယွင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်သွားသည်။ စောနကတင် ရရှိထားသမျှ အရာအားလုံးကို လဲလှယ်ရာ၌ ၆၉၀၀၀၀ သာ ရရှိခဲ့သည်။ သို့ပေမဲ့ အခု ၄၅၀၀၀၀ ကို နှုတ်သွားခဲ့ပြီ ဖြစ်သည်။ သောက်ကျိုးနည်းလှချေ၏။
“ရော့ …..”
လီယွင်သည် လက်ကို မြှောက်ပြီးနောက် ကျောက်စိမ်းပြား တစ်ခုအား မုန့်ရှင်းကျီ ဆီ ပစ်ပေးလိုက်သည်။ “ဒါက ခင်ဗျား လိုချင်တဲ့အရာပဲ။ ကျုပ် အကြံပြုချင်တာက ခင်ဗျားသာ နောက်ကျမယ်ဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေ နဲ့ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေတို့ရဲ့ တိုက်ပွဲ ပြီးသွားလိမ့်မယ်”
“ကောင်းပြီ။ ကောင်းပြီ”
မုန့်ရှင်းကျီသည် ခေါင်းကို အထပ်ထပ် ယမ်းခါလိုက်သည်။ လက်ထဲမှ ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မျက်နှာပေါ်မှ မျက်ရည်များ စီကျလျှက်ရှိ၏။
ကြီးမားလွန်းသည့် ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်ပြီးနောက်မှာ သူလိုချင်သည့် အရာကို ရရှိခဲ့ပြီ ဖြစ်သည်။
“ကျုပ် သွားလိုက်ပါအုံးမယ်”
ပြောပြီးသည့်နောက် မုန့်ရှင်းကျီသည် ယန်ရှိုကို ခေါ်ဆောင်ကာဖြင့် လျှင်လျှင်မြန်မြန် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့သို့ ရောက်ရှိပြီးနောက် တစ်ခဏအတွင်း ၎င်းတို့နှစ်ယောက်သည် မိုင်သောင်းချီ အကွာအဝေးသို့ ပျံသန်းသွားခဲ့ပြီ ဖြစ်၏။