အခန်း (၄၈၁)
Vol. 33 Ch. 481
ရှင်းလင်းဖုန်းသည် ကျန်းချန်က ဆေးဖက်ဝင်ပစ္စည်း အားလုံးကို ဆေးမီးဖိုထဲ ထည့်လိုက်သည်ကို မြင်ပြီးနောက် ဆက်လက်အာရုံစိုက်ရန် မလိုတော့ဟု ယူဆခဲ့သည်။
ကျန်းချန်၏ ထူးခြားသော လုပ်ဆောင်မှုကြောင့် အဂ္ဂိရတ်လုပ်ငန်းစဥ်က အောင်မြင်ရန် လုံးဝ မဖြစ်နိုင်တော့ဟု ရှန်းလင်းဖုန်း တွက်ဆထားခဲ့၏။
ထို့ကြောင့် သူက တည်ငြိမ်စွာ ဆက်လက် လုပ်ဆောင်ကာ ဆေးလုံးကို ချောချောမွေ့မွေ့ သန့်စင်နိုင်သရွေ့ ပြိုင်ပွဲကို အနိုင်ရမည်ဟု ယုံကြည်ခဲ့သည်။
ရှန်းလင်းဖုန်းသည် ဆေးဖက်ဝင်ပစ္စည်းများကို သန့်စင်ရန်ညအတွက် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့၏။
ဆေးဖက်ဝင်ပစ္စည်းအားလုံး သန့်စင်နိုင်လုနီးပါး အချိန်တွင် အားကောင်းသော ဆေးရနံ့တစ်ခုသည် သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်ကို သူသတိပြုမိလိုက်သည်။
"ဆေးလုံးရနံ့... ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါ ဖြစ်နိုင်လို့လား..."
ရှန်းလင်းဖုန်းက အံ့အားသင့်သွားခဲ့၏။
ထိုအခိုက် မကောင်းသော ခံစားချက် တစ်ခုသည် ချက်ချင်းဆိုသလို သူ့နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။
သူက ရုတ်တရက် ခေါင်းကို မော့၍ ကျန်းချန်ရှိရာကို ကြည့်လိုက်သောအခါ ကျန်းချန်က ဆေးမီးဖိုထဲမှ ရွှေရောင်ဆေးလုံးတစ်လုံး ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ရှန်းလင်းဖုန်းက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သူ ဘယ်တော့မှ မတွေးခဲ့မိသည်မှာ ကျန်းချန်သည် ဆေးဖက်ဝင်ပစ္စည်း အားလုံးကို တစ်ပြိုင်နက်တည်း ထည့်ခဲ့သော်လည်း မီးဖိုမပေါက်ကွဲရုံသာမက ဆေးလုံးသန့်စင်မှုမှာပင် သူ့ကို ကျော်တက်သွားနိုင်သည်ဟူသော အချက်ပင်။
"ဒါက လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ"
ရှန်းလင်းဖုန်း ရူးသွပ်မတတ် ခံစားလိုက်ရသည်။
အများအားဖြင့် အဂ္ဂိရတ်သခင်များသည် ဆေးဖက်ဝင်ပစ္စည်းများကို သန့်စင်နေစဉ် ဆေးမီးဖိုထဲသို့ ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးချင်းစီ သတိဝီရိယရှိရှိ ထည့်ရသည်။
သို့သော် သူ့ရှေ့မှ ကောင်လေးသည် ဆေးဖက်ဝင်ပစ္စည်း အားလုံးကို တစ်ပြိုင်နက်တည်း ထည့်ရုံသာမက အောင်မြင်စွာလည်း လုပ်ဆောင်နိုင်ခဲ့သည်။
ယင်းက တကယ်ကို နားလည်ရခက်သော ကိစ္စဖြစ်၏။
သူ၏ စိတ်က ကျန်းချန်၏ လက်ထဲမှ ဆေးလုံးကိုသာ အာရုံရောက်နေသောကြောင့် အဂ္ဂိရတ်လုပ်ငန်းစဥ်၏ အရေးကြီးသော အချိန်သို့ ရောက်နေသည်ကို ရှန်းလင်းဖုန်း တဒင်္ဂ မေ့လျော့သွားခဲ့သည်။
ထိန်းချုပ်မှု လွတ်သွားသည်နှင့် သူ့ရှေ့မှ ဆေးမီးဖိုသည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားတော့သည်။
ဆေးမီးဖို ပေါက်ကွဲမှုကြောင့် ရှန်းလင်းဖုန်းက ရှက်ရွံ့သွားပြီး သူ့ရှေ့မှ အစိမ်းရောင် မီးခိုးများ တလူလူ ထွက်နေသော ဆေးမီးဖိုကို ကြည့်ကာ မျက်နှာတစ်ခုလုံး ချက်ချင်းပင် အုံ့မှိုင်းသွားခဲ့သည်။
ကျန်းချန်၏ အံ့သြဘနန်း စွမ်းဆောင်ရည်ကြောင့် သူသည် ပထမတစ်ချီ ပြိုင်ပွဲတွင် မတော်တဆ ရှုံးနိမ့်ခဲ့ရသည်။
"ရှန်းလင်းဖုန်း... အဂ္ဂိရတ်လုပ်ငန်းစဥ်မှာ အာရုံပျံ့လွင့်တာ အလေ့အထကောင်း မဟုတ်ဘူး"
ကျန်းချန်က တည်ကြည်သော မျက်နှာထားဖြင့် ရှန်းလင်းဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ဒီတစ်ချီမှာ ငါ့ကို ရှုံးနိမ့်သွားပြီ.. ငါ့ကို အနိုင်ယူဖို့ မင်းမှာ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး... မင်း ရှုံးနိမ့်တာကို ဝန်ခံလိုက်ရင် ကောင်းမယ်ထင်တယ်"
ကျန်းချန် မဲ့ပြုံးပြုံး၍ ပြောလိုက်သော အသံသည် ရှန်းလင်းဖုန်း၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ကျန်းချန်... မင်း သိပ်ပျော်မနေနဲ့"
ရှင်းလင်းဖုန်း အေးစက်စက် ရေရွတ်လိုက်၏။
"မင်း ဆေးလုံးတစ်လုံးကို ငါ့ထက် အရင် သန့်စင်နိုင်ပေမဲ့ ဒါက ငါ့ကို အနိုင်ရတာ မဟုတ်သေးဘူး.. မင်း ကျန်တဲ့ ဆေးလုံး နှစ်လုံးကို သန့်စင်နိုင်မယ်လို့ ငါ ၁၀၀ ရာခိုင်နှုန်း မယုံဘူး"
ပဥ္စမအဆင့် အဂ္ဂိရတ်သခင်၏ ပဥ္စမအဆင့် ဆေးလုံးကို သန့်စင်နှုန်းသည် သိပ်မမြင့်မားပေ။
ထို့အပြင် ကျန်းချန်၌ စိတ်ဝိညာဥ် ဆေးမီးဖို၏ အားသာချက်လည်း မရှိချေ။
ယင်းအတွက် ထျန်းယွမ်နင်ရှန်း ဆေးလုံး နှစ်လုံးကို အောင်မြင်စွာ သန့်စင်နိုင်ဖို့မှာ မဖြစ်နိုင်သလောက်ပင်။
သူက အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်သရွေ့ နောက်ထပ်ဆေးလုံး နှစ်လုံးကို ကျန်းချန်၏ ရှေ့တွင် အရင်ဆုံး သန့်စင်ကာ အဆုံးသတ်တွင် အနိုင်ရလဒ်ကို ရယူနိုင်သေးသည်ဟု ရှန်းလင်းဖုန်း တွေးလိုက်သည်။
"ဟားဟား... သင်္ချိုင်းကို မမြင်မချင်း မငိုဘူးဆိုတာ ဒါမျိုးကိုး"
ကျန်းချန်က ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။
သူက ရှန်းလင်းဖုန်းကို လျစ်လျူရှုလိုက်ပြီး ဒုတိယမြောက် ထျန်းယွမ်နင်ရှန်း ဆေးလုံးကို စတင် သန့်စင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ရှန်းလင်းဖုန်းသည်လည်း မတုံ့ဆိုင်းရဲဘဲ အဂ္ဂိရတ်လုပ်ငန်းစဥ် အတွက် သူ၏ စွမ်းအင်အားလုံးကို မြှုပ်နှံလိုက်သည်။
သို့သော် ကျန်းချန်၏ အဂ္ဂိရတ် ပြုလုပ်နှုန်းသည် ယခင်ကထက်ပင် ပိုမို မြန်ဆန်နေခဲ့၏။
ရှန်းလင်းဖုန်းက အစွမ်းကုန် ကြိုးစားအားထုတ်သော်လည်း ကျန်းချန်၏ အရှိန်အဟုန်ကို လုံးဝ မမီနိုင်ခဲ့ပေ။
ရှန်းလင်းဖုန်း ဆေးဖက်ဝင်ပစ္စည်း တစ်ဝက်သာ သန့်စင်ပြီးသောအချိန်တွင် ကျန်းချန်သည် ဒုတိယမြောက် ဆေးလုံးကို သန့်စင်ပြီးပြီ ဖြစ်သည်။
ရှန်းလင်းဖုန်း ဒုတိယ ဆေးလုံးကို သန့်စင်ပြီးသောအခါတွင် ကျန်းချန်က ဆေးလုံး သိပ်သည်းခြင်း နည်းစနစ်ကို အသုံးပြုကာ တတိယ ဆေးလုံးကို အလျင်အမြန် သန့်စင်လိုက်၏။
အခန်း(၄၈၁) ပြီး၏