အခန်း (၄၈၄)
Vol. 33 Ch. 484
"လဲ့ကွမ်းယန်... သူ ငါ့ဆီ ဘာကိစ္စနဲ့ ဆက်သွယ်တာပါလိမ့်"
ကျန်းချန်က သက်သေခံ တံဆိပ်ပြားမှ စာကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ဂိုဏ်း၏ မစ်ရှင်အကြောင်း သူ့ကို သတိပေးခဲ့သည့် အချိန်ကတည်းကပင် ကျန်းချန်သည် လဲ့ကွမ်းယန်ကို မတွေ့ခဲ့ရပေ။
ဆိုရလျှင် ဤအတောအတွင်း လဲ့ကွမ်းယန်သည် သူ့ကို ဘာမှ ဆက်သွယ်ခဲ့ခြင်း မရှိချေ။
အခု ရုတ်တရက် မက်ဆေ့ချ် ရောက်လာခဲ့ရာ တစ်ခုခု ထူးဆန်းသည်မှာ သေချာ၏။
ကျန်းချန်က ထိုက်ရှနတ်မျှော်စင်၏ ပဉ္စမထပ်ကို တိုက်ရိုက်သွားခဲ့ရာ အခန်းတံခါးဝတွင် သူ့ကို စောင့်နေသည့် လဲ့ကွမ်းယန်ကို တွေ့လိုက်ရသည်။
"ညီနောင် ကျန်းချန်.. ရောက်လာပြီပဲ"
လဲ့ကွမ်းယန်က ကျန်းချန်ကို မြင်လျှင် ကျန်းချန်ဆီ အလျင်အမြန် လျှောက်သွားလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ကာ လဲ့ကွမ်းယန်ကို ပြုံးပြလိုက်၏။
"စီနီယာအကိုလဲ့.. ဒီရက်ပိုင်း ဘာတွေ လုပ်နေတာလဲ... ကျွန်တော် အတွင်းစည်းမှာ စီနီယာအကိုလဲ့ကို မတွေ့မိဘူး"
"ယွင်ရှောင်နိုင်ငံက မစ်ရှင်တစ်ခုကို လက်ခံထားလို့ပါ"
"မင်းကို ရှာဖို့ ငါသွားခဲ့သေးတယ်.. ဒါပေမဲ့ အဲဒီကို ရောက်တော့ မင်း မရှိတော့ဘူး"
လဲ့ကွမ်းယန်က ပြုံးပြီး ပြောလိုက်သည်။
ကျန်းချန်က မစ်ရှင် ဆောင်ရွက်ရန် ခရီးထွက်သွားသောအခါ ဟော်ကျင်းတို့လူစု၏ လျှို့ဝှက်ကြံစည်မှု ခံရမည်ကို လဲ့ကွမ်းယန်က စိုးရိမ်ခဲ့၏။
ထို့ကြောင့် သူက ယွင်ရှောင်နိုင်ငံမှ မစ်ရှင်တစ်ခုကို လက်ခံခဲ့ပြီး အလျင်အမြန် လိုက်သွားခဲ့သည်။
သို့သော် ဟိုရောက်၍ အကြောင်းစုံ သိရသောအခါ သူအံ့သြသွားခဲ့၏။
သူ စိုးရိမ်ခဲ့သည့် ဟော်ကျင်းတို့ သုံးယောက်စလုံးသည် မစ်ရှင်အတွင်း အသတ်ခံခဲ့ရပြီး ထိုအစား ကျန်းချန်နှင့် လင်းထျန်းကျုံးတို့က ထိုက်ရှဂိုဏ်းဆီသို့ ပြန်လာနိုင်ခဲ့ကြသည်။
"ဒါ... ဒါ မယုံနိုင်စရာပဲ"
လဲ့ကွမ်းယန်က အံ့သြထိတ်လန့်နေခဲ့၏။
ရက်အနည်းငယ် အကြာတွင် သူ၏မစ်ရှင် ပြီးဆုံး၍ ထိုက်ရှဂိုဏ်းကို ပြန်ရောက်သောအခါ ကျန်းချန်က တိုက်ရိုက်တပည့် ကွမ်းချွမ်ကို အနိုင်ယူခဲ့သည့် သတင်းအား ကြားခဲ့ရသည်။
သိထားရမည်မှာ ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းတွင် ကွမ်းချွမ်၏ အဆင့်အတန်းသည် သူ့ထက် ပိုမြင့်မားခြင်းပင်။
ထိုအခါမှသာလျှင် ကျန်းချန်က ဟော်ကျင်းတို့လူစုကို အဘယ်ကြောင့် ဂရုမစိုက်မှန်း အဆုံးသတ်တွင် လဲ့ကွမ်းယန် သဘောပေါက်သွားခဲ့၏။
ဤကောင်လေးသည် အဂ္ဂိရတ်လမ်းစဥ်တွင် တစ်ဖက်ကမ်းခတ် ပါရမီရှိရုံတင်မက ကိုယ်ခံပညာတွင်လည်း ထူးခြားသော အဆင့်အတန်းတွင် ရှိနေခဲ့သည် မဟုတ်လော။
"ဒီကောင်လေးက... တကယ်ကြောက်ဖို့ကောင်းတဲ့လူပဲ"
လဲ့ကွမ်းယန် သူ့ဆီသို့ လိုက်လာခဲ့သေးသည် ဟူသော စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
ကျန်းချန်က လဲ့ကွမ်းယန်ကို တိုက်ရိုက် မေးလိုက်သည်။
"စီနီယာအကိုလဲ့... ဒီတစ်ခေါက် ကျွန်တော့်ကို ရှာနေတာ ကိစ္စရှိလို့လား"
"ဒီနေ့ ထိုက်ရှဂိုဏ်းမှာ အတွင်းစည်း ဖလှယ်ပွဲ ရှိတယ်"
လဲ့ကွမ်းယန်က ပြုံးပြီး ရှင်းပြလိုက်၏။
"ငါက ညီနောင်ကျန်းချန်ကို ဖလှယ်ပွဲဆီ သွားဖို့ ခေါ်လိုက်တာပါ"
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။
ကျန်းချန်က အတွင်းစည်း ဖလှယ်ပွဲအကြောင်းကို ကြားဖူး၏။
ကောင်းကင်စာရင်းအတွက် ပြိုင်ပွဲကျင်းပတော့မည် ဖြစ်ရာ အတွင်းစည်း တပည့်အားလုံးသည် နည်းလမ်း အမျိုးမျိုးဖြင့် သူတို့၏ အင်အားကို တိုးတက်အောင် အရင်းအမြစ်များ ရှာဖွေနေကြသည်။
တိတိကျကျပြောရလျှင် ထိုအကြောင်းပြချက်ကြောင့် ကောင်းကင်စာရင်း ပြိုင်ပွဲမစခင် ထိုက်ရှဂိုဏ်းအတွင်း၌ အတွင်းစည်း ဖလှယ်ပွဲ အမြဲရှိခဲ့၏။
ဆိုရလျှင် သင့်တော်သည့် အရင်းအမြစ်များ ရရှိရန် အတွက် ဖလှယ်ပွဲကို အသုံးချနိုင်ပေသည်။
"ဒီအတွင်းစည်း ဖလှယ်ပွဲကို ကျွန်တော်လည်း သွားချင်နေတာနဲ့အတော်ပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ညီနောင်လဲ့... လမ်းပြပါ"
လဲ့ကွမ်းယန်က အပို စကားများ မပြောတော့ဘဲ ထိုက်ရှနတ်မျှော်စင်ကနေ ကျန်းချန်ကို ခေါ်သွားခဲ့သည်။
မကြာခင်မှာပင် လဲ့ကွမ်းယန်သည် ပိုင်ကျန်းတောင်ထိပ်ဆီ ကျန်းချန်ကို ခေါ်လာခဲ့၏။
တောင်ထိပ်တွင် စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်သည့် ကြီးမားတဲ့ ရင်ပြင်တစ်ခု ရှိသည်။
ထို့အပြင် စျေးဆိုင်အများအပြားသည် ရင်ပြင်အနှံ့ရှိနေကြ၏။
ရင်ပြင်၏ အလယ်ဗဟိုတွင် မြင့်မားသည့် ပြိုင်ပွဲစင်မြင့်တစ်ခု ရှိသည်။
ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် စင်မြင့်ပေါ်၌ တိုက်ခိုက်နေကြ၏။
စင်မြင့်ပေါ်ရှိ ပုံရိပ်ထဲမှ ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လျှင်သူ့မျက်လုံးထဲ၌ အံ့သြသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"လင်းထျန်းကျုံးပါလား... သူ ဘာလို့တိုက်ခိုက်နေတာလဲ"
အခန်း(၄၈၄) ပြီး၏