← Chapters

အခန်း (၄၈၅)

Vol. 33 Ch. 485

အခန်း (၄၈၅)

Vol. 33 Ch. 485

ရင်ပြင်၏ အလယ်ဗဟိုရှိ စင်မြင့်ပေါ်၌ လင်းထျန်းကျုံးသည် သိမ်းငှက်မျက်လုံးနှင့်တူသော လူငယ်နှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေခဲ့သည်။

သို့သော် ထိုသိမ်းငှက်မျက်လုံး လူငယ်၏ အင်အားသည် လင်းထျန်းကျုံးထက် များစွာ ပို၍ အားကောင်းသည်မှာ ထင်ရှား၏။

လင်းထျန်းကျုံး၏ အင်အားသည် မကြာသေးမီကစ၍ တိုးတက်လာခဲ့ပြီး သဘာဝစွမ်းအားဖွင့်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သိမ်းငှက်မျက်လုံးနှင့် လူငယ်၏ မိုးကြိုးကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

သူ့တွင် ရှောင်တိမ်းရန် အခွင့်အရေးပင် မရှိခဲ့ချေ။

အဆုံးသတ်တွင် လင်းထျန်းကျုံးသည် သိမ်းငှက်မျက်လုံးလူငယ်၏ လက်ချက်ဖြင့် စင်မြင့်ပေါ်ကနေ လွင့်စင်သွားခဲ့သည်။

"ဝေါ့"

လင်းထျန်းကျုံးက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက မြေပြင်မှ ထရပ်ရန် ရုန်းကန်နေစဉ် သိမ်းငှက်မျက်လုံးလူငယ်သည် လေထဲတွင် ဝဲပျံ၍ သူ့ရှေ့သို့ ဆင်းသက်လာခဲ့၏။

"လင်းထျန်းကျုံး... ဒီတိုက်ခိုက်ရေးပုဆိန်က တတိယအဆင့် စိတ်ဝိညာဉ်လက်နက်ပဲ"

"တတိယအဆင့် စိတ်ဝိညာဉ်လက်နက်ရဲ့ တန်ဖိုးက ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ရှိတယ်.. မင်း ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းနဲ့ ဝယ်နိုင်တယ်"

သိမ်းငှက်မျက်လုံးနှင့် လူငယ်က လင်းထျန်းကျုံး ရှေ့တွင် တိုက်ခိုက်ရေးပုဆိန်ကို ပစ်ချရင်း ပြောလိုက်သည်။

"ငါ... ငါ အခုချက်ချင်းတော့ ဂုဏ်ကျက်သရေ အမှတ် တစ်သိန်း မတတ်နိုင်သေးဘူး"

လင်းထျန်းကျုံး၏ မျက်နှာက ဖြူဖျော့နေသည်။

ကျန်းချန်နှင့်အတူ မစ်ရှင် ထမ်းဆောင်ခဲ့စဉ်က သူသည် ဂုဏ်ကျက်သရေ အမှတ် အများအပြားကို ရရှိခဲ့၏။

ထိုအချိန်မှစ၍ သူသည် သူ၏အင်အား တိုးတက်စေရန် အရင်းအမြစ်များ လဲလှယ်ရာတွင် အမှတ် အများစုကို အသုံးပြုခဲ့ရသည်။

ထို့ကြောင့် သူ့တွင် ယခုအခါ၌ ဂုဏ်ကျက်သရေ အမှတ် တစ်သိန်း မည်ကဲ့သို့ ရှိနိုင်ပါအံ့နည်း။

"ဟမ့်.. ဂုဏ်ကျက်သရေ အမှတ် တစ်သိန်း မတတ်နိုင်ရင်တော့ လက်တစ်ဖက် ပေးခဲ့ရမယ်"

သိမ်းငှက်မျက်လုံး လူငယ်၏ မျက်လုံးများက အေးစက်သွားသည်။

ထို့နောက် သူက လင်းထျန်းကျုံး၏ ညာဘက်လက်မောင်းကို ချိန်ရွယ်ကာ သူ၏ ဓားရှည်ကို ဝှေ့ယမ်း၍ တစ်ချက်တည်းဖြင့် ဖြတ်ချလိုက်သည်။

ကျန်းချန်က ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

တတိယအဆင့် စိတ်ဝိညာဉ်လက်နက်။

ထို့အပြင် လူအနည်းငယ်သာ အသုံးပြုသည့် ပုဆိန်လက်နက်ကို လင်းထျန်းကျုံးအား ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းဖြင့် အတင်းအကျပ် ရောင်းချရန် ကြိုးစားနေသည်။

ယခုအခါ လင်းထျန်းကျုံးက ကမ်းလှမ်းချက်ကို ငြင်းဆန်သောကြောင့် လင်းထျန်းကျုံး၏ လက်တစ်ဖက်ကို ယူငင်တော့မည် ဖြစ်၏။

သိမ်းငှက်မျက်လုံးလူငယ်သည် တကယ့်ကို ရက်စက်ပြီး အထက်စီးဆန်သူ တစ်ယောက်ဟုပင် ဆိုရမည်။

ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လင်းထျန်းကျုံး၏ ရှေ့သို့ တည်နေရာရွှေ့လိုက်သလို ရောက်ရှိသွားခဲ့သည်။

ထို့နောက် သူက လက်ညှိုးနှစ်ချောင်းဖြင့် သိမ်းငှက်မျက်လုံး လူငယ်၏ ဓားသွားကို ညှပ်လိုက်ပြီး ၎င်း၏ ဓားရှည်ကို လေထဲတွင် ရပ်တန့်သွားစေခဲ့၏။

"ကောင်လေး... မင်း ဘယ်သူလဲ.. ငါ့ကိစ္စကို ဝင်စွက်ဖက်ဖို့ ရဲတင်းလှချည်လား"

ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် သိမ်းငှက်မျက်လုံး လူငယ်၏ မျက်လုံးများက အေးစက်သွားပြီး ကျန်းချန်ကို ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ကျန်းချန်က လက်ညှိုးကို လှုပ်ရှားလိုက်ပြီး သိမ်းငှက်မျက်လုံး လူငယ်၏ ဓားရှည်ကို လွှတ်ပစ်လိုက်သည်။

ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"သူ့ဘက်က ရှုံးနိမ့်နေပြီပဲ... မင်း ဘာလို့ ဒီလောက်အထိ ရန်လိုနေတာလဲ"

"မင်း ဘယ်ကလာတာလဲ... အတွင်းစည်း ဖလှယ်ပွဲရဲ့ စည်းမျဉ်းတွေကို မသိဘူးလား"

"အတွင်းစည်း ဖလှယ်ပွဲမှာ စည်းမျဉ်းတစ်ခုရှိတယ်.. နှစ်ဖက်စလုံးက စင်မြင့်ပေါ်မှာ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိရင် အနိုင်ရတဲ့သူက အရောင်းအဝယ်မှာ အကြွင်းမဲ့ အခွင့်အရေး ရှိတယ်"

"အခု ငါက သူ့ပစ္စည်းတစ်ခုကို ဆယ်ပုံတစ်ပုံနဲ့ ဝယ်ယူနိုင်တဲ့အပြင် ငါ့ဆီက ပစ္စည်းကိုလည်း ဆယ်ဆ စျေးတင်ပြီး ရောင်းချနိုင်တယ်"

သိမ်းငှက်မျက်လုံး လူငယ်က ကျန်းချန်ကို မထီမဲ့မြင် ပြုံးပြရင်း စိုက်ကြည့်လိုက်သည်။

"မင်း ဘယ်ကကောင်လဲ... အတွင်းစည်း ဖလှယ်ပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ရဲတင်းလှချည်လား"

ကျန်းချန်က အံ့သြသွားပြီး မျက်ခုံးပင့်လိုက်သည်။

သူ ခေါင်းကို စောင်းငဲ့၍ လဲ့ကွမ်းယန်ကို ကြည့်ကာ မေးလိုက်သည်။

"အတွင်းစည်း ဖလှယ်ပွဲမှာ ဒီလို စည်းမျဉ်းတွေ တကယ်ပဲ ရှိတာလား"

"ဟုတ်တယ် ညီနောင်ကျန်းချန်"

"ဒီစင်မြင့်က ဒီစည်းမျဉ်းကြောင့်ပဲ တည်ရှိနေတာပါ"

လဲ့ကွမ်းယန်က ခေါင်းညိတ်ပြီး ရှေ့ကို လျှောက်သွားခဲ့သည်။

သူက သိမ်းငှက်မျက်လုံး လူငယ်ကို ကြည့်ကာ မျက်မှောင် အနည်းငယ်ကြုတ်၍ ပြောလိုက်သည်။

"ရှယင်... မင်း ငါ့ကို မျက်နှာသာပေးနိုင်မလား.. ဒီအရောင်းအဝယ်ကို လက်လွှတ်ပေးလိုက်ပါ.. ဘယ်လိုလဲ"

"လဲ့ကွမ်းယန်... မင်းက ဘာကောင်မို့လို့ ငါက မင်းကို မျက်နှာသာပေးရမှာလဲ"

ရှယင်က အေးစက်စက် ရေရွတ်လိုက်သည်။

"ဒီနေ့ သူ ငါ့ရဲ့ ပုဆိန်ကို ဝယ်ဖို့ ဂုဏ်ကျက်သရေ အမှတ် တစ်သိန်း သုံးရမယ်... ဒါမှမဟုတ်ရင် လက်တစ်ဖက် ပေးခဲ့ရမယ်... ငါ ဘယ်သူ့မျက်နှာကိုမှ ထောက်ပြီး လွှတ်ပေးမှာ မဟုတ်ဘူး"

"ဟားဟား.. စိတ်ဝင်စားစရာ စည်းမျဉ်းတစ်ခုပဲ... ဒီစည်းမျဉ်းကို ငါ နည်းနည်း စိတ်ဝင်စားတယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။

သူက ဆန့်ကျင်ဘက်မှ ရှယင်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါ သူ့အတွက် ဒီဂုဏ်ကျက်သရေ အမှတ် တစ်သိန်း ပေးပါ့မယ်"

အခန်း(၄၈၅) ပြီး၏

All Chapters