← Chapters

အခန်း (၄၈၆)

Vol. 33 Ch. 486

အခန်း (၄၈၆)

Vol. 33 Ch. 486

ကျန်းချန်၏ အသံက လေထဲတွင် ပျံ့လွင့်သွားသည်။

သူသည် သူ၏ သက်သေခံ တံဆိပ်ပြားကို အလျင်အမြန် ထုတ်ယူကာ သူ့တွင် ကျန်ရှိသည့် ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းကို ရှယင်ထံ လွှဲပြောင်းပေးလိုက်သည်။

"လင်းထျန်းကျုံး.. မင်း ဒီတစ်ခေါက် ကံကောင်းသွားတယ်မှတ်ပါ"

ကျန်းချန်၏ ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းကို လက်ခံပြီးနောက်တွင် ရှယင်သည် လင်းထျန်းကျုံးကို ဆက်လက် ဒုက္ခမပေးတော့ပေ။

သူက လင်းထျန်းကျုံးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ခြေလှမ်းကျဲဖြင့် ထွက်ခွာသွားခဲ့သည်။

"ခဏစောင့်ပါဦး.."

ကျန်းချန်က ထွက်ခွာသွားသော ရှယင်ကို တိုက်ရိုက် တားဆီးလိုက်သည်။

ရှုယင်က ခြေလှမ်းကို ရပ်တန့်လိုက်၏။

သူက မကျေမနပ် မျက်နှာထားဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

"မင်းမှာ ဘာကိစ္စ ရှိသေးလို့လဲ

"ဘာမှ မဟုတ်ပါဘူး... မင်းနဲ့ ယှဉ်ပြိုင်ကြည့်ချင်လို့ပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဘယ်လိုလဲ ငါနဲ့ယှဥ်ဖို့ စိတ်ဝင်စားရဲ့လား"

ထိုစကားကိုကြားလျှင် ရှယင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

"မင်းက အခုလေးတင် ပေးလိုက်ရတဲ့ ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းကို ပြန်လိုချင်နေပုံပဲ"

"မင်း အဲဒီလိုလည်း တွေးနိုင်ပါတယ်.. ဒါပေမဲ့ ငါက လင်းထျန်းကျုံးလိုပဲ အတွင်းစည်းကို အခုမှ ဝင်လာတဲ့ တပည့်သစ် တစ်ယောက်ပါ"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ရှယင်ကို ကြည့်လိုက်သည်။

ထို့နောက် သူ့မျက်နှာတွင် ရန်လိုသော အရိပ်အယောင် အနည်းငယ် ပေါ်လာခဲ့၏။

"ဘယ်လိုလဲ မင်းက တပည့်သစ်တစ်ယောက်ရဲ့ စိန်ခေါ်မှုကိုတောင် လက်မခံရဲဘူးလား"

"ဟားဟား..."

"မင်းရဲ့ စိန်ခေါ်မှုကို ငါကဘာလို့ လက်မခံရဲရမှာလဲ"

ရှယင်က မထီမဲ့မြင် ပြုံးကာ ရယ်မောလိုက်သည်။

သူသည် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

"မင်းက သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်က သက်သေခံ တံဆိပ်ပြားကို မပြသခဲ့လျှင် ရှယင်အနည်းငယ် စိုးရိမ်မှု ရှိနိုင်သေးသည်။

ယခုအခါတွင် ကျန်းချန်က အတွင်းစည်းကို ယခုမှ ဝင်လာသော လူသစ်တစ်ယောက် ဖြစ်ကြောင်း သိသောကြောင့် သူ့အတွက် ကြောက်ရွံ့စရာ ဘာမှ မရှိပေ။

သူက သဘာဝစွမ်းအားဖွင့်ခြင်း အဌမအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ထိုက်ရှဂိုဏ်း၏ အတွင်းစည်းတွင် ထိပ်ဆုံး အဆင့် ၁၀၀ အတွင်း၌ ရှိ၏။

ထိုသို့သော ခွန်အားဖြင့် အတွင်းစည်းကို ယခုမှ ဝင်လာသော အတွေ့အကြုံမရှိသည့် ကောင်လေးတစ်ယောက်ကို ရှင်းလင်းရန်မှာ လက်ဖျစ်တစ်တွတ်စာသာ ကြာမြင့်နိုင်သည် မဟုတ်ပါလား။

"မင်းက အခုလေးတင် တိုက်ခိုက်ခဲ့တာဆိုတော့ မျှတအောင် အမောဖြေခွင့် ဆယ်မိနစ် ပေးမယ်"

"ဆယ်မိနစ်ကြာပြီးရင် ငါတို့ စင်မြင့်ပေါ်မှာ တွေ့ကြတာပေါ့"

ကျန်းချန်က စကားဆုံးသည်နှင့် ရှယင်ကို လျစ်လျူရှုလိုက်ကာ လင်းထျန်းကျုံး၏ ရှေ့သို့ တိုက်ရိုက် လျှောက်သွား၍ မေးလိုက်သည်။

"ညီနောင်လင်း.. ဒဏ်ရာ သက်သာရဲ့လား"

"နည်းနည်းပါးပါးလောက်ပါပဲ.. အဆင်ပြေပါတယ်"

လင်းထျန်းကျုံးက ကျန်းချန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ညီနောင် ကျန်းချန်... ငါ့ကို ကူညီလို့ ကျေးဇူးတင်ပါတယ်"

"အသေးအဖွဲလေးပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ရှယင်နဲ့ ဘယ်လို ညိခဲ့တာလဲ"

"ရှယင်ရဲ့ ညီလေးက နောက်ဆုံးအကြိမ်က ထိုက်ရှနတ်မျှော်စင်မှာ ငါ့ရဲ့နေရာကို လုယက်ဖို့ ကြိုးစားခဲ့တယ်"

"သူ့ညီကို ငါ ဆုံးမလိုက်လို့ ရှယင်က သူ့ညီအတွက် လက်စားချေဖို့ ဒီကို ရောက်လာတာပဲ"

လင်းထျန်းကျုံးက ခါးသီးစွာ ပြုံးလိုက်သည်။

"ညီနောင် ကျန်းချန်... ရှယင်က အတွင်းစည်းမှာဆို ငါ့ရဲ့နောက်မှာ အဆင့်သတ်မှတ်ခံထားရတာ.. သူ့ရဲ့ အင်အားက အရမ်းကို သန်မာတယ်"

"မကြာသေးခင်ကပဲ သူ့ရဲ့ ဓားဆန္ဒက ဒုတိယအဆင့်ကို ရောက်သွားပြီလို့ ပြောကြတယ်.. အခု သူ့ရဲ့ အင်အားနဲ့ဆို ငါတောင် အနိုင်ယူဖို့ မသေချာဘူး... မင်း သတိထားမှရမယ်"

ဤအချိန်တွင် လဲ့ကွမ်းယန်၏ စကားသံက ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။

"ဟားဟား... စိတ်မပူပါနဲ့"

"ဒီကောင့်ကိုတောင် မဖြေရှင်းနိုင်ရင် ခြောက်လအတွင်း ကျင်းပမဲ့ ကောင်းကင်စာရင်း အတွက် တိုက်ပွဲမှာ ဘယ်လိုလုပ် ပါဝင်နိုင်မှာလဲ"

"အချိန်ကျပြီ... ကျွန်တော် သွားရင်ဆိုင်လိုက်ဦးမယ်"

ကျန်းချန်က အမှုမထားသော အပြုံးဖြင့် ပြုံးလိုက်သည်။

တစ်ခဏအတွင်း သူက နေရာမှာပင် ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် ကျန်းချန်၏ ပုံရိပ်သည် စင်မြင့်၏ အလယ်ဗဟိုတွင် ဝင့်ကြွားသောအမူအရာဖြင့် ပေါ်လာခဲ့သည်။

သူက စင်အောက်မှ ရှယင်ကို အထင်သေးစွာ ကြည့်လိုက်သည်။

ထို့နောက် သူ၏ မောက်မာသော အသံသည် ရင်ပြင်၏ လေထုထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့၏။

"ရှယင်... ဆယ်မိနစ် ပြည့်သွားပြီ... မင်းစင်ပေါ်တက်ပြီး အသေလာခံလို့ရပြီ"

အခန်း(၄၈၆) ပြီး၏

All Chapters