အခန်း (၄၈၈)
Vol. 33 Ch. 488
"ဘာလို့ အဲဒီကောင်လေးက ဒီလောက် အင်အားကြီးရတာလဲ"
"ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ... ရှယင်က ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားရတာလဲ"
ရင်ပြင် ပတ်ပတ်လည်ရှိ ရေတွက်မရသော ကြည့်ရှုသူများ၏ မျက်လုံးများသည် မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်က အဌမအဆင့်မှ ကျင့်ကြံသူကို အနိုင်ယူလိုက်သည်မှာ အလွန်ပင် စိတ်ကူးယဉ်ဆန်လွန်းသည် မဟုတ်ပါလား။
"နှစ်ယောက်စလုံးက ဓားဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ်.. အဲဒီနောက်မှာ ရှယင်ရဲ့ ဓားဆန္ဒက ချက်ချင်းပဲ ရှုံးနိမ့်သွားခဲ့တယ်"
"ငါ ခန့်မှန်းတာမမှားရင် အဲဒီကောင်လေးရဲ့ ဓားဆန္ဒက ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ"
ကြည့်ရှုနေသူတွေထဲမှ အတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက်က သုံးသပ် ပြောဆိုလိုက်သည်။
ဓားဆန္ဒ ဒုတိယအဆင့် အထွတ်အထိပ်။
ထိုစကားကိုကြားလျှင် အားလုံးက နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်လှုပ်သွားကြပြန်သည်။
သိထားရမည်မှာ ထိုက်ရှဂိုဏ်း၏ အတွင်းစည်းထဲ၌ ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် ဒုတိယအဆင့်ကို နားလည်သော တပည့်များသည် ဆယ်ပုံတစ်ပုံအောက်သာ ရှိသည်။
ဤလူများသည် အတွင်းစည်းထဲတွင် အဆင့်အတန်း မြင့်မားသည့် အင်အားကြီးမားသူများ ဖြစ်ကြ၏။
၎င်းတို့က အတွင်းစည်းထဲသို့ မရောက်ခင်ကတည်းကပင် လူသိများသော ပါရမီရှင်များ ဖြစ်ကြသည်။
ယခု သူတို့ ရှေ့မှ ကောင်လေးကမူ လူသိနည်းသော ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ဓားဆန္ဒတွင် ဒုတိယအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။
ဤသည်မှာ တကယ်ကို မယုံနိုင်စရာပင်။
ထိုကဲ့သို့ အဆင့်မြင့်လွန်းသည့် ကိုယ်ခံပညာ၏ အစစ်အမှန် အဓိပ္ပါယ် (ဝါ) ကိုယ်ခံပညာဆန္ဒကို ပိုင်ဆိုင်သူသည် ထိုက်ရှဂိုဏ်း တစ်ခုလုံးမှာပင် လက်တစ်ဆုပ်စာသာ ရှိ၏။
"ဒီကောင်က တကယ်ကို မွန်းစတားပဲ"
လဲ့ကွမ်းယန်က သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မှင်တက်ရာကနေ အသိပြန်ဝင်လာရန် အချိန်အတော်ယူခဲ့ရသည်။
ကျန်းချန်၏ ကိုယ်ခံပညာက အလွန်ပင် အင်အားကြီးမားကြောင်း လဲ့ကွမ်းယန်သည် အရင်ကတည်းက သိရှိခဲ့၏။
သို့သော် ဤမျှအထိ အင်အားကြီးမားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူနှင့် ယှဉ်နိုင်သော အင်အားရှိသည့် ရှယင်ပင် ကျန်းချန်က တစ်ကွက်ထဲဖြင့် လွယ်ကူစွာ အနိုင်ယူခဲ့သည်။
လူတိုင်းက သူတို့ရှေ့မှ အခြေအနေကြောင့် အံ့အားသင့်နေစဉ်
ကျန်းချန်သည် စင်မြင့်ကနေ ပျံသန်းကာ ဆင်းသက်လာခဲ့သည်။
"ရှယင်.. မင်း ရှုံးနိမ့်သွားပြီ"
"စည်းမျဉ်းအရ မင်း ငါ့ဆီကနေ ပစ္စည်းတစ်ခုကို ဆယ်ဆတန်ဖိုးနဲ့ ဝယ်ယူရမယ်"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ့ဘေးမှလဲ့ကွမ်းယန်ကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ငါ့မှာ သူ့ကို ရောင်းဖို့ ပစ္စည်းကောင်း မရှိဘူး... ညီနောင်လဲ့မှာ အဖိုးတန်ပြီး မလိုအပ်တဲ့ ပစ္စည်းများ ရှိလား"
ထိုစကားကို ကြားလျှင် လဲ့ကွမ်းယန်က သိုလှောင်လက်စွပ်မှ စာလိပ်တစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို ပြုံးကာ ပြောလိုက်၏။
"ညီနောင် ကျန်းချန်.. ငါ့မှာ မပြည့်စုံတဲ့ မြေကြီး အဆင့် တူနည်းစနစ်ရှိတယ်.. အဆင်ပြေလား"
"ပြေတာပေါ့ ညီနောင်လဲ့"
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးလိုက်သည်။
မြေကြီးအဆင့် တူနည်းစနစ်သည် လူကြိုက်နည်းသော နည်းစနစ်တစ်ခု ဖြစ်သည်။
ထို့အပြင် မပြည့်စုံသော နည်းစနစ် ဖြစ်၏။
ယင်းက ရှယင်ကို လှည့်စားရန် အလွန် သင့်တော်၏။
ကျန်းချန်က လဲ့ကွမ်းယန်ဆီမှ မပြည့်စုံသော မြေကြီးအဆင့် တူနည်းစနစ်ကို ယူလိုက်သည်။
ထို့နောက် သူက ရှယင်၏ ရှေ့၌ စာလိပ်ကို တိုက်ရိုက် ပစ်ချလိုက်သည်။
"ရှယင်... ထိုက်ရှဂိုဏ်းမှာ မြေကြီးအဆင့် နည်းစနစ်တစ်ခု အတွက် ဂုဏ်ကျက်သရေ အမှတ် တစ်သိန်း လိုအပ်တယ်"
"ဒီမြေကြီးအဆင့် နည်းစနစ်က မပြည့်စုံဘူးဆိုတော့ တစ်ဝက်စျေးဖြတ်ပြီး ငါးသောင်း သတ်မှတ်မယ်"
ကျန်းချန်က ပြုံး၍ ရှုယင်ကို ကြည့်လိုက်သည်။
"ဒါပေမဲ့ စည်းမျဉ်းအရ ဆယ်ဆတန်ဖိုးနဲ့ ဝယ်ယူရမှာဆိုတော့ ဂုဏ်ကျက်သရေ အမှတ် ငါးသိန်းကျသင့်တယ်"
"မပြည့်စုံတဲ့ မြေကြီးအဆင့် တူနည်းစနစ် တစ်ခုအတွက် ဂုဏ်ကျက်သရေ အမှတ် ငါးသိန်းတောင် လိုအပ်တယ်လား.. မင်း...မင်း ဒါ လှည့်စားနေတာ မဟုတ်လား"
ရှယင်က သူ၏ သွားများကို အံကြိတ်ကာ ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
သူက အလွန်တရာ ဒေါသထွက်နေခဲ့၏။
"ငါက အတွင်းစည်း ဖလှယ်ပွဲရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ခဲ့တာပဲလေ... ငါ မင်းကို လှည့်စားခဲ့ရင်တောင် ဒါက ရိုးသားတဲ့ လှည့်စားမှုပဲ"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
ထို့နောက် သူ၏ အနည်းငယ် စိတ်မရှည်သော အသံသည် လေထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့၏။
"မင်းနဲ့ အပိုစကားတေဠ ပြောနေဖို့ ငါ့မှာ အချိန်မရှိဘူး... ဂုဏ်ကျက်သရေ အမှတ် ငါးသိန်း ပေးမှာလား.. မပေးဘူးလား"
အခန်း(၄၈၈) ပြီး၏