အခန်း (၄၈၉)
Vol. 33 Ch. 489
ရှယင်၏ မျက်နှာက ရှုံ့မဲ့သွားသည်။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်း ဖလှယ်ပွဲကို တိုက်ရိုက် တပည့်ငါးဦးက ပူးပေါင်းစီစဉ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရှယင်တွင် အတွင်းစည်း ဖလှယ်ပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်ရန် သတ္တိမရှိပေ။
သူက စိတ်ထဲမှ ဒေါသကို မျိုသိပ်ရန် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းချန်ကို ပြောလိုက်သည်။
"ငါ အခု ဂုဏ်ကျက်သရေ အမှတ် ငါးသိန်း မတတ်နိုင်သေးဘူး... ငါ့ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား"
လက်ရှိ အခြေအနေအရ သူသည် အချိန်ဆွဲခြင်း နည်းဗျူဟာကိုသာ သုံးနိုင်တော့သည်။
သူက အတွင်းစည်း ဖလှယ်ပွဲမှ ထွက်ခွာသွားသရွေ့ ကျန်းချန်သည် သူ့ဆီကနေ ဂုဏ်ကျက်သရေ အမှတ် ငါးသိန်းကို ဘယ်တော့မှရမည် မဟုတ်တော့ပေ။
"ကောင်းပြီလေ... ငါက ရက်စက်တတ်တဲ့လူမျိုး မဟုတ်ပါဘူး"
ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မင်းမှာ ရှိတဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကို အရင်ပေးထားပါ.. ကျန်တာအတွက် မင်းကို ပြင်ဆင်ဖို့ သုံးရက် အချိန်ပေးမယ်"
ရှယင်သည် မလိုလားသော မျက်နှာထားဖြင့် သက်သေခံတံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
ထို့နောက် တံဆိပ်ပြားထဲရှိ ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းခြောက်သောင်းကို ကျန်းချန်ထံ လွှဲပြောင်းပေးလိုက်သည်။
"မင်းက ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းခြောက်သောင်း ပေးထားပြီးပြီ ဆိုတော့ ငါ့ဆီမှာ နှစ်သိန်းလေးသောင်း အကြွေးတင်နေသေးတယ်"
"သုံးရက်အတွင်း ကျန်တာကို ငါ့ဆီပို့ပေးပါ... မဟုတ်ရင် အန္တရာယ်နဲ့ ကြုံရလိမ့်မယ်"
ရှယင်၏ ဂုဏ်ကျက်သရေ အမှတ်များကို ရရှိပြီးနောက်တွင် ကျန်းချန်သည် ရှယင်ကို ပြုံးပြလိုက်သည်။
ထို့နောက် ချာခနဲ လှည့်၍ ထွက်ခွာသွားခဲ့၏။
ရှယင်ကို ဖြေရှင်းပြီးနောက် ကျန်းချန်တို့ သုံးယောက်သည် ရင်ပြင် ပတ်ပတ်လည်ရှိ ဆိုင်များကို လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ထိုဆိုင်များတွင် ပစ္စည်းများကို ရောင်းချနေသော အတွင်းစည်း တပည့် အများအပြား ရှိ၏။
ကျန်းချန်တို့က လှည့်လည်ကြည့်ရှုနေရင်း နားထဲသို့ ရောက်ရှိလာသော အော်ဟစ်သံများကို ဆက်တိုက် ကြားနေရသည်။
"အေးစိမ့် မြက်ပင်တွေရမယ်နော်.. တန်ဖိုးက ဂုဏ်ကျက်သရေအမှတ် တစ်ထောင်ပဲ ကျမယ်"
"အခြေခံ အဆင့် ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်ကို ရောင်းမယ်.. လိုအပ်တဲ့သူတွေ လာကြည့်နိုင်တယ်"
"............."
ကျန်းချန်က ခဏလောက် လှည့်ပတ်ကြည့်ရှုပြီးနောက် အတွင်းစည်း ဖလှယ်ပွဲတွင် သာမန် အရင်းအမြစ် အချို့ကိုသာ တွေ့ခဲ့ရ၏။
ယခုထိ စိတ်ဝင်စားစရာကောင်းသည့် မည်သည့်အရာကိုမှ မတွေ့သေးပေ။
သူ ထွက်ခွာတော့မည့်အချိန်၌ အသံတစ်သံသည် ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"ဆဋ္ဌမအဆင့် မီးလျှံသားရဲရဲ့ အမြူတေကို ပဉ္စမအဆင့် ကောင်းကင်ပြာ ဆေးလုံးနဲ့ လဲလှယ်မယ်...ဘယ်သူစိတ်ဝင်စားလဲ"
"ဒီမှာ တကယ်ပဲ ဆဋ္ဌမအဆင့် မီးလျှံသားရဲရဲ့ အမြူတေရှိနေတာလား"
ကျန်းချန် အနည်းငယ် အံ့အားသင့်သွားသည်။
ထို့နောက် သူ၏ မျက်လုံးထဲတွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။
မဟာရှားနိုင်ငံကို ထွက်ခွာပြီးကတည်းက သားရဲယဉ်ပါးခြင်းအိတ်ထဲမှ မီးလျှံသားရဲသည် နက်ရှိုင်းစွာ အိပ်မောကျသော အခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။
၎င်းက ယခုအချိန်အထိ နိုးထခြင်း မရှိသေးပေ။
ကျန်းချန်က သူ၏ မီးလျှံသားရဲသည် ဆင့်ကဲဖြစ်စဉ်မှ နိုးထသင့်ပြီဟု ခံစားမိသည်။
နိုးထလာသည်နှင့် သူ၏ မီးလျှံသားရဲသည် မြင့်မားသောအဆင့်သို့ တိုးတက်လာလိမ့်မည် ဖြစ်၏။
ကျန်းချန်က အမြဲတစေ သူ၏ မီးလျှံသားရဲကို ကူညီချင်ခဲ့သည်။
သို့သော် မီးလျှံသားရဲ နိုးထရန် သင့်တော်သည့် မီးဒြပ်စင် ရတနာကို သူ ရှာမတွေ့ခဲ့ပေ။
ဆဋ္ဌမအဆင့် မီးလျှံသားရဲ၏ အမြူတေသည် မီးလျှံသားရဲ နိုးထဖို့ ကူညီရန် အတွက် အလွန်သင့်တော်သော အရာတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ကျန်းချန်၏ အတွေးများက လင်းလက်သွားခဲ့သည်။
သူက ခြေလှမ်းများကို တုံ့ဆိုင်းခြင်းမရှိဘဲ လှမ်းလိုက်၏။
သူက သူ့ရှေ့ရှိ စျေးဆိုင်တစ်ခု ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် စျေးဆိုင်ဆီသို့ ရောက်ရှိသွား၏။
တခဏအတွင်း သူ၏ အကြည့်သည် မှိုင်းညို့သော အသားအရေနှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးပေါ်သို့ ရောက်ရှိသွားသည်။
အနက်ရောင် ဝတ်ဆင်ထားသော လူငယ်၏ ရှေ့၌ လက်သီးဆုပ်အရွယ် အမြူတေကို ထည့်ထားသည့် စန္ဒကူး အနီရောင် သေတ္တာတစ်ခု ရှိနေ၏။
"သေချာတယ်... ဒါက ဆဋ္ဌမအဆင့် မီးလျှံသားရဲရဲ့ အမြူတေပဲ"
ကျန်းချန်က အလွန် ဝမ်းသာသွားခဲ့သည်။
သူက အနက်ရောင် ဝတ်ဆင်ထားသော လူငယ်ကို ပြုံးပြလိုက်သည်။
"ညီနောင်... မင်းရဲ့ ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို ငါ အရမ်း စိတ်ဝင်စားတယ်... ဘယ်လောက်ကျသင့်လဲ"
အနက်ရောင် ဝတ်ဆင်ထားသော လူငယ်က ခေါင်းကို မော့လိုက်ပြီး ကျန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ အလွန်သန့်စင်တဲ့ ပဥ္စမအဆင့် ကောင်းကင်ပြာ ဆေးလုံးနဲ့ပဲ လဲလှယ်ချင်တယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူ စကားပြောတော့မည့်အချိန်တွင် သူ၏ နောက်မှ မောက်မာသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
"ကောင်လေး... ငါ့လမ်းက ဖယ်စမ်း... ငါ ဒီဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို လိုချင်တယ်"
အခန်း(၄၈၉) ပြီး၏