အခန်း (၄၉၀)
Vol. 33 Ch. 490
ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူက ခေါင်းကို လှည့်ကာ နောက်သို့ ကြည့်လိုက်သည်။
ထိုအခါ တန်ဖိုးကြီး ပိုးထည်အင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် စျေးဆိုင် ထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။
"ရှန်းလဲ့ပါလား... အတွင်းစည်း အဆင့် ၂၈က မထင်မှတ်ဘဲ ဒီကိုရောက်လာတာပဲ"
ရုတ်တရက် ပေါ်လာသော ပိုးထည်အင်္ကျီဝတ် လူငယ်ကို မြင်လျှင် လဲ့ကွမ်းယန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒီကောင်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် သတ္တမအဆင့် ခွန်အားနဲ့ အတွင်းစည်းမှာ အဆင့်၂၈ ရောက်နေတာပဲ"
ကျန်းချန်က လဲ့ကွမ်းယန်၏ စကားကို ကြားလျှင် အံ့အားသင့်သွားခဲ့သည်။
သူ သိထားသလောက် ထိုက်ရှဂိုဏ်း၏ အတွင်းစည်းရှိ ထိပ်ဆုံး၅၀ စာရင်းဝင်သူများသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေသူများ ဖြစ်ကြ၏။
သူ့ရှေ့မှ ရှန်းလဲ့ဟု ခေါ်သော လူငယ်ကမူ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် သတ္တမအဆင့် အင်အားနှင့် အဆင့် ၂၈ ကို ရောက်ရှိခဲ့သည်။
အတွင်းစည်းမှ ပါရမီရှင်များကို နယ်ပယ်အဆင့်ငယ် နှစ်ဆင့် ကျော်လွန်၍ တိုက်ခိုက်နိုင်သော ရှန်းလဲ့သည် သေချာပေါက် လူတစ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်မည်ဟု ကျန်းချန် တွေးလိုက်သည်။
"ရှန်းလဲ့က တကယ်တော့ ကိုယ်ခံပညာမှာ ဒီလောက်ထိ အင်အားကြီးမားတာ မဟုတ်ဘူး... ကိုယ်ခံပညာနဲ့သာ အဆင့်သတ်မှတ်ရင် သူက အဆင့်၁၀၀ ထဲမှာတောင် အဆင့်သတ်မှတ်ခံရမှာ မဟုတ်ဘူး"
"ဒီကောင့်ရဲ့ အကောင်းဆုံး အရည်အချင်းက ကိုယ်ခံပညာမဟုတ်ဘူး.. သားရဲယဉ်ပါးနိုင်စွမ်းပဲ.. သူက ပဉ္စမအဆင့် သားရဲသခင် တစ်ယောက်လည်း ဖြစ်တယ်"
လဲ့ကွမ်းယန်က လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်၏။
"သူ့ဆီမှာ စတုတ္ထအဆင့် မွန်းစတားသားရဲ တစ်စုံ ရှိတယ်... ဒါက သူ အတွင်းစည်းမှာ ဒီလောက်မြင့်မားတဲ့ အဆင့်ထိ သတ်မှတ်ခံရတဲ့ အကြောင်းရင်းပဲ"
"ပဉ္စမအဆင့် သားရဲသခင်"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။
ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို သူက အရယူဖို့ဆုံးဖြတ်ထားသည်။
သူက မည်သူ့ကိုမှ လုယူခွင့်ပေးမည် မဟုတ်ပေ။
ရှန်းလဲ့က ဟိတ်ဟန်အပြည့်ဖြင့် ဆိုင်ထဲသို့ လျှောက်ဝင်လာသည်။
သူက ကျန်းချန်တို့ ဆီသို့ တစ်ချက်ပင် မကြည့်ခဲ့ပေ။
ထို့နောက် သူက အနက်ရောင်ဝတ် လူငယ်ကို တိုက်ရိုက် ပြောလိုက်သည်။
"လမ်ထျန်းဟန်... တန်ဖိုးကိုပြော... ငါ ဒီဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို လိုချင်တယ်"
ရှန်းလဲ့၏ ခေါ်ဆိုမှုကြောင့် အနက်ရောင်ဝတ်လူငယ်မှာ အတွင်းစည်းတွင် အဆင့်၁၀နေရာ၌ ရှိသည့် လမ်ထျန်းဟန် ဖြစ်မှန်း သိလိုက်ရလျှင် ကျန်းချန်တို့က အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်စာရင်းအတွက် တိုက်ပွဲသည် မကြာမီတွင် စတင်တော့မည် ဖြစ်၍ ကျန်းချန်က ထိုက်ရှဂိုဏ်း၏ အတွင်းစည်းရှိ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်အကြောင်းကို လေ့လာခဲ့သည်။
ထို့ကြောင့် သူက လမ်ထျန်းဟန်၏အကြောင်းကို ကြားဖူးခဲ့၏။
ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့် တစ်ဦးဖြစ်သည့် လမ်ထျန်းဟန်သည် တစ်ချိန်က ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်အဖြစ် လူသိများခဲ့သည်။
၎င်းက ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး သုံးနှစ်မပြည့်မီမှာပင် မူလဘူတအဆင့်ကို မကျော်ဖြတ်ရသေးသည့် သာမန် ကောင်လေးတစ်ယောက်မှသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့် အထိ အလျင်အမြန် တိုးတက်လာခဲ့၏။
ထို့နောက်တွင် အတွင်းစည်း၏ ထိပ်ဆုံး သုံးယောက် စာရင်းကိုပင် ရောက်ရှိခဲ့သည်။
အမှားအယွင်း မရှိသရွေ့ လမ်ထျန်းဟန်သည် ထိုက်ရှဂိုဏ်း၏ အတွင်းစည်း နံပါတ်တစ် ဖြစ်လာပြီး အစစ်အမှန်တပည့် ဖြစ်လာမည်မှာ သေချာသလောက်ပင်။
သို့သော်လည်း မည်သူမှ မတွေးနိုင်လောက်အောင်ပင် လမ်ထျန်းဟန်သည် နောက်ပိုင်း၌ တိုးတက်မှု မရှိတော့ဘဲ ခွန်အားတဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့သည်။
အတွင်းစည်းရှိ သူ၏ အဆင့်သတ်မှတ်ချက်သည်လည်း တတိယ အဆင့်မှ ဒသမ အဆင့်အထိ ကျဆင်းသွားတော့၏။
ထိုအချိန်ကတည်းကစ၍ လမ်ထျန်းဟန်သည် လူတိုင်း၏ အမြင်အာရုံကနေ ဖြည်းညင်းစွာ မှိန်လွင့်သွားခဲ့သည်။
ထို့နောက်တွင် အတွင်းစည်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို ရောင်းချနေသော သူ၏ ရှေ့မှ လူသည် လမ်ထျန်းဟန် ဖြစ်နေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
လမ်ထျန်းဟန်သည် ရှန်းလဲ့ကို တစ်ချက်ကြည့်လိုက်သည်။
သူက အေးစက်စက် အမူအရာဖြင့် ဆက်လက် ပြောလိုက်၏။
"ငါ ပဉ္စမအဆင့် ကောင်းကင်ပြာ ဆေးလုံးကိုပဲ လိုချင်တယ်... ငါ့ဆီက ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို လိုချင်ရင် ပဥ္စမအဆင့် ကောင်းကင်ပြာဆေးလုံးနဲ့ပဲ လဲလှယ်လို့ရမယ်"
"ပဉ္စမအဆင့် ဆေးလုံးက ဘာမှမခက်ပါဘူး.. အတွင်းစည်းက ပဉ္စမအဆင့် အဂ္ဂိရတ်ပါရမီရှင် ရှန်းလင်းဖုန်းနဲ့ ငါက ညီအစ်ကိုတွေပဲ"
ရှန်းလဲ့က သူ၏ ရင်ဘတ်ကို ပုတ်ပြ၍ ပြောလိုက်သည်။
"မင်း ငါ့ကို မီးလျှံသားရဲရဲ့ အမြူတေ ပေးပါ... မင်းအတွက် ရှန်းလင်းဖုန်းကို ကောင်းကင်ပြာ ဆေးလုံး သန့်စင်ဖို့ ငါပြောလိုက်မယ်... ဘယ်လိုလဲ"
"စိတ်မကောင်းပါဘူး... ဒီဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေက ငါအရင်မေးထားတဲ့ ပစ္စည်းပဲ"
"မင်းအနေနဲ့ မီးလျှံသားရဲ အမြူတေကို လိုချင်ရင် ငါသဘောတူသလား အရင် မေးရမယ်"
ရှန်းလဲ့၏ စကားအဆုံးတွင် သူ၏ ဘေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
အခန်း(၄၉၀) ပြီး၏