အခန်း (၄၉၂)
Vol. 33 Ch. 492
"ညီနောင်ရှန်းလင်းဖုန်းက အချိန်ကိုက် ရောက်လာခဲ့တာပဲ"
"ငါ အခု ပစ္စည်းတစ်ခု လဲလှယ်ဖို့ ကောင်းကင်ပြာဆေးလုံး လိုအပ်နေတယ်... မင်း ငါ့ကို တစ်လုံးလောက် အမြန် သန့်စင်ပေးပါ"
ရှန်းလဲ့က ချက်ချင်းပင် အလွန် ဝမ်းသာသွားခဲ့သည်။
ထို့နောက် သူက ရှန်းလင်းဖုန်းကို အလျင်အမြန် ကြိုဆိုလိုက်၏။
မကြာမီမှာပင် သူသည် ကျန်းချန်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကောင်လေး လူတိုင်းက တန်းတူ အခွင့်အရေးရှိတယ်.. ငါက ဂျူနီယာတွေကို အနိုင်မကျင့်ဘူး"
"ဒီဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေအတွက် ငါတို့တွေတရားမျှတမှုရှိရှိ ယှဉ်ပြိုင်ကြတာပေါ့"
"ဘယ်သူက ကောင်းကင်ပြာ ဆေးလုံးကို အရင်ဆုံး သန့်စင်နိုင်မလဲ ပြိုင်ကြမယ်.. မင်း ဘယ်လိုသဘောရလဲ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ကောင်းပြီလေ... မင်းက မျှမျှတတ ပြိုင်ချင်တယ်ဆိုတော့ ငါသဘောတူပါတယ်"
ကျန်းချန်က ပြိုင်ပွဲအတွက် သဘောတူလိုက်သည်ကို မြင်လျှင် ရှန်းလဲ့၏ မျက်လုံးထဲတွင် လျှို့ဝှက် ကြံစည်မှုတစ်ခု အောင်မြင်သွားသည့်နှယ် အရောင်လက်သွားခဲ့သည်။
သူ့ဘက်တွင် အတွင်းစည်း၏ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင် ရှန်းလင်းဖုန်း ရှိသည်။
သူ၏ ရှေ့မှ ကျန်းချန်က ဆေးလုံးသန့်စင်ရာတွင် ရှန်းလင်းဖုန်းကို အနိုင်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ညီနောင်ရှန်းလင်းဖုန်း.. ငါမင်းကို အားကိုးလိုက်ပြီ"
"ဒီကောင်လေးက မင်းနဲ့ အဂ္ဂိရတ်စွမ်းရည်ချင်း ယှဉ်ချင်နေတယ်... ဒါကြောင့် မင်းရဲ့ အစွမ်းအစကို ဒီကောင်လေး အမြင်ကျယ်သွားအောင် ပြသပေးလိုက်ပါဦး"
ရှန်းလဲ့က ကျန်းချန်ကို မထီမဲ့မြင် ပြုံးကာ တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူက ရှန်းလင်းဖုန်းကို တိုက်ရိုက် ပြောလိုက်၏။
ရှန်းလဲ့၏ စကားများကို ကြားလျှင် ရှန်းလင်းဖုန်းသည် အရှက်ရသလို ရုတ်တရက် ခံစားလိုက်ရသည်။
ရှန်းလဲ့က ကျန်းချန်နှင့် ရင်ဆိုင်ရန် သက်သေခံ တံဆိပ်ပြားကို အသုံးပြု၍ သူ့ကို ဆင့်ခေါ်လိမ့်မည်ဟု ရှန်းလင်းဖုန်း ဘယ်လိုမှ မတွေးမိခဲ့ပေ။
နောက်ဆုံးအကြိမ်က သူသည် အဂ္ဂိရတ်ခန်းမ၏ ရင်ပြင်တွင် ကျန်းချန်ကို စိန်ခေါ်ရန် သူ၏ အဂ္ဂိရတ်စွမ်းရည်ကို အားကိုးခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ အနိုင်ယူမှုကိုသာ ခံယူခဲ့ရ၏။
ထို့နောက် သူက အဂ္ဂိရတ် စွမ်းရည်တွင် ကျန်းချန်နှင့်ယှဥ်လျှင် အမှိုက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
အဂ္ဂိရတ်လမ်းစဥ်တွင် ကျန်းချန်၏ အောင်မြင်မှုများသည် သူ့ထက် အဆပေါင်းများစွာ သာလွန်သည်။
ဤအချိန်၌ ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် ဆင့်ခေါ်ခံရခြင်းသည် သေမင်းခံတွင်းဝသို့ ပို့ဆောင်ခံရခြင်းပင် မဟုတ်ပါလား။
ကံကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်သန့်စင်သော ကောင်းကင်ပြာ ဆေးလုံး တစ်လုံး ရှိနေခဲ့၏။
သို့မဟုတ်လျှင် သူသည် ကျန်းချန်၏ နောက်တစ်ကြိမ် အနိုင်ယူမှုကို ခံရလိမ့်မည် ဖြစ်သည်။
"ညီနောင်ရှန်း... ဆေးလုံး သန့်စင်ဖို့ မလိုတော့ပါဘူး"
"ငါ့ဆီမှာ ကောင်းကင်ပြာ ဆေးလုံး ရှိပါတယ်... ဒါနဲ့ မီးလျှံသားရဲ အမြူတေကို လဲလှယ်နိုင်ပါတယ်"
ထို့နောက် သူက သိုလှောင်အိတ်ကနေ ကောင်းကင်ပြာဆေးလုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
"ဟားဟား.."
"အဆင်သင့် လုပ်ထားတာ ရှိတော့ ပိုပြီး အဆင်ပြေသွားတာပေါ့"
ရှန်းလဲ့က အားပါးတရ ရယ်မော၍ ပြောလိုက်သည်။
သူက ရှန်းလင်းဖုန်း ထံကနေ ကောင်းကင်ပြာဆေးလုံးကို ယူလိုက်ပြီး လမ်ထျန်းဟန်ကို ပြောလိုက်၏။
"လမ်ထျန်းဟန်... ကောင်းကင်ပြာဆေးလုံး ဒီမှာရှိတယ်.. မင်းဆီက မီးလျှံသားရဲ အမြူတေနဲ့ လဲလှယ်လို့ရပြီ မဟုတ်လား"
"ရတယ်"
လမ်ထျန်းဟန်က ခေါင်းညိတ်လိုက်သည်။
ရှန်းလဲ့က ကျန်းချန်ကို အထက်စီးဆန်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူက လမ်ထျန်းဟန်နှင့် အရောင်းအဝယ် ပြုလုပ်ရန် ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ကျန်းချန်သည် ရှန်းလဲ့၏ ရှေ့၌ ပိတ်ရပ်လိုက်၏။
သူက အေးစက်စက် မျက်လုံးများဖြင့် ရှန်းလဲ့ကို စိုက်ကြည့်လိုက်သည်။
"ညီနောင်ရှန်း... ငါတို့အခုလေးတင် မျှမျှတတပြိုင်ဖို့ ပြောခဲ့တယ်မဟုတ်လား.. ဘာလို့ ဒီလောက်ထိ အပြောင်းအလဲ မြန်ရတာလဲ"
"ဟမ့်.. ငါက အပြောင်းအလဲ မြန်ရင်တောင် မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ရှန်းလဲ့က အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်၏။
"မင်းမှာ စွမ်းရည်ရှိရင် လမ်ထျန်းဟန်ကို ငါနဲ့ အရောင်းအဝယ် မဖြစ်အောင် တားကြည့်လေ"
လမ်ထျန်းဟန်က ကောင်းကင်ပြာ ဆေးလုံးကို အမှန်တကယ် လိုအပ်နေသည်။
ယခု သူ၏ လက်ထဲ၌ ကောင်းကင်ပြာဆေးလုံး ရှိနေခဲ့ရာ လမ်ထျန်းဟန်က သူနှင့် အရောင်းအဝယ် မလုပ်မည်ကို သူ မစိုးရိမ်ပေ။
ဤကောင်လေးက လမ်ထျန်းဟန်ကို သူနှင့် အရောင်းအဝယ် မလုပ်ရန် မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။
အခန့်မသင်လျှင် လမ်ထျန်းဟန်က ဒေါသထွက်ကာ ဤကောင်လေးကိုပင် ရှင်းပစ်နိုင်သည် မဟုတ်ပါလား။
"မင်းက ကောင်းကင်ပြာဆေးလုံးကို ထုတ်ပေးနိုင်တာနဲ့ပဲ ဒီဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေနဲ့ အရောင်းအဝယ် လုပ်နိုင်မယ်လို့ ထင်နေတာလား"
ကျန်းချန်က အေးစက်စွာ ပြုံးလိုက်သည်။
ထို့နောက် သူ၏ မောက်မာသော အသံသည် လေထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့၏။
"ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေက ငါ့အတွက်ပဲ"
"ဒီကမ္ဘာမှာ ဘယ်သူမှ ငါ့ရဲ့ ပစ္စည်းကို ယူသွားလို့ မရဘူး"
အခန်း(၄၉၂) ပြီး၏